❖ မှတ်ပါဦး။ ဘုန်းဘုန်းတို့ ဝိပဿနာတရားကို ကျင့်တော့မယ် အခါကျတော့လည်းဘဲ မဂ်တား ဖိုလ်တားကံဆိုတာ ရှိပါတယ်။ အခြားမဟုတ်ဘူး။ ဒီအသွေးအသားမှာ ခုနက ပြောတဲ့ အပူဓာတ် အမှောင်ဓာတ်တွေက များလာပြီဆိုရင် ဉာဏ်မပွင့်တော့ဘူးတဲ့ဗျ။ မှတ်ထားနော်။ ဉာဏ်မပွင့်ဘူးတဲ့။
❖ ပါရမီဖြည့်တယ်ဆိုတာ အခြားမဟုတ်ဘူး။ ပါရမီဖြည့်တယ်ဆိုတာ မြင့်မြတ်ကြီးကျယ်သော ပုဂ္ဂိုလ်များ အလုပ်လို့ ခေါ်ပါတယ်။ ပြန်ပြောကြည့်ပါဦး။ (မြင့်မြတ်ကြီးကျယ်သော ပုဂ္ဂိုလ်များ အလုပ်ပါ ဘုရား)။ အလုပ်ဆိုတာက အတွေးကို အကောင်အထည်ဖော်ရတာ။ အလုပ် ဆိုတာဘာလဲ။ (အတွေးကို အကောင်အထည်ဖော်ရတာပါ ဘုရား)။
❖ သမီးတို့ ဓမ္မဒါနပြုမယ်ဆိုရင် ပြီးခဲ့တဲ့ တစ်လနှစ်လက ပုံဖော်ထားတာလေ။ အဲဒါအကောင်အထည် ဖော်ရတာပေါ့နော်။ အဲ့ဒါဖြည့်မယ်လို့ ပျော်ရတာ။ ဒီနေရာမှာ အတွေးမတူတာကို ပြောတာပါ။ ခပ်ညံ့ညံ့လူသားတွေက အတွေးနယ်မှာက သူတစ်ပါးမျက်နှာတွေ ပေါ်လာရင် အပြစ်တွေပေါင်း၊ မုန်းတဲ့အခါမုန်း တအားတွေ ပြောချလိုက်တာဘဲ။
❖ အဲဒါက အကျိုးမပေးဘူးထင်နေတာ ပေးနေတာ မသိကြဘူး။ အဲဒါက ဖျက်အားခေါ်တယ်။ သူက အချိန်ကြာကြာမုန်းလိုက်တယ်၊ အပြစ်တင်တာ များသွားပြီဆိုရင် ဆွဲအားတွေ ဖြေလျော့သွားရောဗျ။ ပြဿနာတွေ ပေါ်လာတာဘဲ။ မအောင်မြင်ဘူးဗျာ။ သိထားရမယ်နော်။
❖ အအေးဓာတ်ကို ကြာကြာထားပြီးတော့ ဖြည့်မှ ဆွဲအားများလာပြီး ကျော်လွှားနိုင်တာ။ သတိထားရမယ့် အချက်ဘဲနော်။ အဲ့ဒီတော့ ပါရမီဖြည့်တယ်ဆိုတဲ့ စကားက အခြားမဟုတ်ဘူး စွမ်းအားဖြည့်တာ။ တဖက်သားကို တကယ်တန်ဖိုးထားချစ်ရတယ်။ အမုန်းတွေ မထည့်ရဘူး။ အမုန်းဓာတ် လုံးဝ မထည့်ရဘူးနော်။
❖ မုန်းလိုက်တာနဲ့ မနာလိုလိုက်တာနဲ့ ခုနက ရဟန်း ပြန်ကြည့်လိုက်ပါ။ မခံရဘူးလား။ ခံရတယ်နော်။ လူတိုင်းမှာ တန်ပြန်ရှိတယ်လေ။ ကိုယ်ရဲ့ မိဘလို သတိထားပါ။ အားလုံးက မိဟောင်း ဖဟောင်းတွေကြီးဘဲဆိုတာ နားလည်ရမယ်။ အဲဒီတော့ အားလုံးက ကျေးဇူးအင်မတန်များတဲ့ ပုဂ္ဂိုလ်တွေချည်းဘဲနော်။ အဝေးအနီးဘဲ ကွာတာပါဘဲ။
❖ အဝိဇ္ဇာ တဏှာကြောင့်သာ ပုံစံမျိုးစုံ ဖြစ်နေကြတာလို့ နားလည်ကြနော်။ တန်ပြန်ကတော့ မိဘက ဘုရားလိုဘဲ မှတ်ရမယ်။ ဖြည့်တဲ့အခါ ခုနစကား ဘုရားအလောင်းတော်တို့က တစ်ဖက်သား နှလုံးအေးမယ် ပျော်မယ်ဆိုရင် ရှိသမျှ တိုင်းပြည်လည်း အကုန်စွန့်ဗျာ။ သားသမီး သားမယား အကုန်စွန့် အသက်ပါလှူပစ်တာ။
❖ အဲဒီအားတွေနဲ့ တည်ဆောက်ထားတာက အချိန်ကာလက ဘယ်လောက်လဲ။ လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်းပါဘုရား။ အားလည်း ပြည့်ရော လက္ခဏာ ဘယ်လောက်ရသွားတုန်း။ (၃၂ ပါး ပါ ဘုရား)။ ဉာဏ်အလင်းက မှတ်ထား အေးမှ လင်းတာ။ အင်မတန်ကောင်းတဲ့ အရည်အသွေးမှီမှ အလင်းဓာတ်ပေါ်တာလေ။ သဘောပေါက်လား။ နားလည်ပြီနော်။
❖ လောဘရယ် ဒေါသရယ် မောဟရယ်ဦ အဲ့ဒါ အမှောင်ဗျ။ အာရုံတွေကို ကပ်ထားတယ် လိုချင်တာ များလာရင် တောင့်တများရင် ကြောင့်ကြများပြီ။ ကိုယ့်လမ်းကြောင်းမှာ အတိုက်အခံဖြစ်တဲ့ ပုဂ္ဂိုလ်ကိုဆို မုန်းတော့တာဘဲ။ မုန်းလာလေ ပိုဆိုးလေ မှောင်လေလေဘဲ။ အောက်ကို စုန်ဆင်းသွားလိမ့်မယ်တဲ့။
❖ ပြောင်းပြန်က ခွင့်လွတ်နားလည်တယ် ချစ်ဖို့ ကြိုးစားရမှာ။ လူတစ်ယောက်ကို ကိစ္စတစ်ခုပေါ်လာရင် မှတ်ထား ကိုယ့်ကိုယ်ကိုယ် ပြင်ထားရတယ်။ ဘယ်လိုခွင့်လွှတ်ရမလဲ ဘယ်လိုချစ်ရမလဲလို့ စဉ်းစားကြပါ။ သဘောပေါက်လား။ ဘယ်လောက်ပဲ လာပြောပြော လက်မခံနဲ့။ အဲ့ပုဂ္ဂိုလ်ကို ငါဘယ်လိုချစ်အောင် ကြိုးစားရမလဲ။
❖ ဘယ်လို ကောင်းအောင် ခွင့်လွှတ်ရမလဲ ချစ်ရမလဲ ဒါဘဲ စဉ်းစားရမယ်။ သဘောပေါက်ရဲ့လား။ ဘုန်းဘုန်းဆို ကလေးတွေက ဘုန်းဘုန်းက ကြံဖန် ချစ်တာဘဲ။ သြော် မချစ်ရင် ငါခံရမှာပေါ့။ ဘာပြောပြော လက်မခံဘူး။ ဘုန်းဘုန်းကို အတင်းလာပြောလည်း မရဘူး။ ကွယ်ရာ ပြောရင် ပြောတာ။ ဘုန်းဘုန်းရှေ့ကို မပြောရဲဘူး။ လက်မှ မခံတာ။ မမုန်းရဲဘူးလေ သဘောပေါက်ရဲ့လား။
❖ ခွင့်လွှတ်ဖို့ ချစ်ဖို့ အတွက်ဘဲ စဉ်းစားရတယ်။ ဘယ်လောက်ဆိုးဆိုး ချစ်ဖို့ဘဲ ကြိုးစားရမှာ။ ခွင့်လွှတ်ဖို့ ကြိုးစားကြရမှာနော်။ ကိုယ့်အတွက်ပါဘဲလို့ မှတ်ထားကြ။ နားလည်မလား။ ဘယ်လောက်ဆိုးပါစေနော် ဘယ်လိုခွင့်လွှတ်ပေးရမလဲ စဉ်းစားပေးရမယ်။ ချစ်နိုင်အောင် ကြိုးစားရမယ်။ ဒါက အောင်ဓာတ်ဘဲလို့ မှတ်ထားပါ။
❖ ဘုရားရှင်ကိုယ်တော်မြတ်ကြီးက အဲဒါကို ကျင့်ခဲ့တာဗျ။ သဘောပေါက်လား။ သူ့ကို ဒုက္ခပေးတဲ့ ပုဂ္ဂိုလ်ကိုလည်း သူက ခွင့်လွှတ်ပြီး ချစ်နိုင်တာဘဲလေ။ အောင်ဓာတ်ရသွားတာဘဲ။ ဇူဇကာပုဏ္ဏားကြီးကို လှူတဲ့အခန်းဆိုရင် ပါရမီဖြည့်တဲ့ အခန်းဘဲဗျ။ တောင်းတာက ဘုရင့်သွေး သမီးနဲ့ သားကို ကျွန်လုပ်ဖို့ လာတောင်းတာ။
❖ ကဲ စဉ်းစားကြည့်နော်။ ဘယ်လိုမှ ပေးစရာ အကြောင်းမရှိဘူးနော်။ ဒါပေမယ့်လို့ မေတ္တာအောင်ထားတော့ ကိုယ့်ကိုယ်နဲ့သူ့စိတ်တဲ့ သူကိုယ်တိုင် ပုဏ္ဏားဖြစ်သွားတာကိုး၊ ပေးသင့်တယ်တဲ့။ ကလေးမရရင် သူရဲ့ ၁၆နှစ် ဇနီးသည်လေး ဆင်းသွားရင် သူ့ဘဝ ပျက်တော့မှာဆိုတော့ ပူတာငြိမ်းစေချင်တော့ ပေးမှာတဲ့။
❖ ပေးမယ့်အပြင်ကို အလောင်းတော်ကြီးက ဉာဏ်ကောင်းတယ်ဗျ။ အရေးကြီးတယ်နော်။ ဒီနေ့တဲ့ ဘုရားဆုပြည့်ပြီတဲ့ဗျ။ အဲ့တာလေးက လျို့ဝှက်ချက်လေးဘဲ။ ဘာလို့ပြည့်တယ် တွေးတာလဲဆိုတော့ စဉ်းစားစရာ ဖြစ်သွားတာပေါ့နော်။ အဲ့ဒါ စွန့်တဲ့ပစ္စည်း ကွာနေတာကိုး။
❖ စွန့်နိုင်လေလေ ကောင်းလေဆိုတာ မသိကြဘူးနော်။ အားလုံးက စစချင်း ကိုယ်မှာ လောင်ရင်း မျက်နှာ အမူအရာပေါ်တာကို အရင်ဆုံး အမှောင်ဖုံးတော့ ကပ်သွားတယ်။ ငါလို့ ထင်လိုက်တယ်။ ဒါ လောဘထဲပါသွားပြီ။ ပြီးရင် ငါ့မျက်နှာပြီးရင် ငါ့အိမ်လို့ ကပ်ထာပြန်တယ်၊ ငါ့စီးပွားလို့ ကပ်ထားပြန်တယ်။ ကောင်းသထက်ကောင်းအောင် တောင့်တရွေးချယ်ကြတာ များပါတယ်။ ဒါတွေကပ်ထားတာ လောဘထဲပါသွားပြန်တာပေါ့။
❖ အဲဒီတော့ ချမ်းသာပေးရင် ပျော်တာပေါ့။ ကြာတော့ အသွေးအသား ချဥ်ဆီထိ စိမ့်သွားတာ။ သွေးက ပိုရင် အသား၊ ချဥ်ဆီထိဖြစ်သွားတော့ သားသမီးကျတော့ကား အရိုးထဲစိမ့်ပြီး အရမ်းတွယ်ထားတဲ့အရာဖြစ်တော့ စွန့်ဖို့ရာ အင်မတန်ခဲယဥ်းသွားတာ။
❖ အဲဒီတော့ ပစ္စည်းတစ်ခုသည် ကိုယ့်အတွက်က ရာနှုန်း ၅၀ လောက် တွယ်တာရတယ်ပေါ့၊ ပျော်ရတယ်ပေါ့။ အဲဒီပုဂ္ဂိုလ်တစ်ယောက်ကလည်း ဒီ ၅၀ လောက်နဲ့မှ သူ့ဘဝက ပြောင်းလဲမယ်၊ အေးမယ်ဆိုရင် အလောင်းတော်များက စွန့်ပြီတဲ့။ စွန့်တော့ကား ၅၀ ကွက်လပ်ဖြစ်သွားမှာပေါ့။ ဒါပေမဲ့လို့ ပြန်ရအောင်ယူတာ။ သူ့ဘက်က ခံစားလိုက်တာကိုး။
❖ ကိုယ်ကိုယ်တိုင် သူ့နေရာခံစားတော့ အဲဒီပျော်တဲ့ပီတိထည့်လိုက်တာ ရာနှုန်း ၅၀ မှာ စွမ်းအား ၅၀ ဝင်သွားတာပေါ့။ အဲဒါ စွမ်းအား ၅၀ ဖြစ်ပြီး အောင်ဓါတ် ၅၀ပဲ။ သားသမီးကျ ရာနှုန်းပြည့်လည်း စွန့်လည်းစွန့်ရော ကွက်လပ်က ရာနှုန်းအပြည့်ကို ပီတိထည့်မယ်ဆိုရင် ပြီးပြီပေါ့။
❖ ဒါကြောင့် အလောင်းတော်ကြီးက ဒီနေ့ ဆုတောင်းပြည့်ပြီ ပြောလိုက်တာ။ နားလည်မလား။ ကိုယ့်ကိုယ်ကိုယ် ကြိုးစားလုပ်ကြ။ ဘုန်းဘုန်းက လမ်းပဲပြနိုင်တာနော်။ ကိုယ်လုပ်မှ ကိုယ်ရမှာနော်။ စဥ်းစားပြီးလုပ်ရတယ်။ တဖက်သား ဘယ်သူ့အကြောင်းပေါ်လာပေါ်လာ ကိုယ့်အလုပ်ကို ချစ်ဖို့သာ ကြိုးစားကြ။ ကိုယ့်ကိုယ်ကိုယ် ရအောင်ယူနော် စွမ်းအားဖြည့်နော်။
❖ အဲဒီမှာ အလောင်းတော်ကြီး ပါရမီပြည့်သွားတာလို့ မှတ်ကြနော်။ ဒီတော့ အေးလွန်းတော့ကားတဲ့ အသွေးအသားကကြည်တော့ အလင်းဓါတ်ကြီးကဖြစ်သွားတာပေါ့။ ပူလောင်ရင် အမှောင်ဓါတ်ဖြစ်သွားလိမ့်မယ်။ ပညာဆိုတာ အလင်းဓါတ်တဲ့။ အဝိဇ္ဇာက အမှောင်ဓါတ်ကြီးလို့ မှတ်ထားကြပါနော်။
❖ ဓါတ်မီးလိုပဲလို့ ယောဆရာတော်ဘုရားကြီးက အမိန့်ရှိတယ်။ ဓါတ်မီးက ဓါတ်ခဲနဲ့ဆက်ထားတာကိုး။ ဓါတ်ခဲအားကျလို့ အရည်ထွက်သွားရင် မီးလုံးလင်းပါတော့မလား။ (မလင်းပါဘူး ဘုရား)။ နှလုံးပူလောင်လာရင် မှတ်ထား မှောင်သွားရော မရတော့ဘူး။
❖ ဒေါသကြောင့် ပူတာဖြစ်စေ၊ အရက်သောက်လို့ဖြစ်စေ၊ ပင်ပန်းလို့ဖြစ်စေ ပူလာရင် မှတ်ထား၊ မှောင်လာရင် ပရမ်းပတာ ပြောချင်လာတာပဲ။ ပင်ပန်းလာပြီဆိုရင် ရမ်းချင်တာပဲ။ သတိထားကြနော်။ အဲဒီအချိန်မှာ မရမ်းရဘူး။ ဒါလေး မှားတတ်တယ်။
❖ မျိုးစေ့ကျသွားရင် ပြဿနာပေါ်လိမ့်မယ်။ ပြဿနာရင်ဆိုင်ရလိမ့်မယ် မှတ်ထားပေါ့။ အေးမှ လင်းတာလို့ မှတ်ကြပါ။ နှလုံးအေးအောင် နေကြရမှာပေါ့။ အအေးဓါတ်က ဆွဲလည်းဆွဲအားဖြစ်ပါတယ်၊ ဉာဏ်လည်း အားပေးပါတယ်။ နားလည်ပြီနော်။
❖ အဲဒီတော့ မဂ်တားဖိုလ်တားဆိုတာ တခြား မဟုတ်ပါဘူး အမြဲတမ်းပူလောင်ပြီး ပြစ်မှားတွေများ၊ ဒေါသတွေများ၊ ခုန ရဟန်းဆိုရင် အဲဒီဘဝမှာ ရဟန္တာမယ့်ပုဂ္ဂိုလ်နော် ပြစ်မှားတာ အားလည်းကြီးသွားရော အဝေးကြီးပဲခြားသွားတာ၊ ဝေးသွားတာနော်။ အံ့သြစရာကောင်းတယ်။ မမှားစေနဲ့နော်။
❖ ဘယ်သူ့အပေါ်ဖြစ်ဖြစ် တကယ်တန်ဖိုးထား တကယ်ချစ်ဖို့ ကြိုးစား။ ဘယ်လောက်ဆိုးဆိုး ခွင့်လွှတ်ဖို့ကြိုးစားရမယ်။ ချစ်ဖို့ကြိုးစားရမယ်။ ဒါဆို တို့ အောင်ဓါတ်ရပြီလို့ မှတ်ကြတော့။ ယတြာဘာမှ မလိုပါဘူး။
ဆက်လက်ဖော်ပြပါမည်။
ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရားကြီး
🙏🙏🙏
GIC မိသားစု (၂)ရက်တရားသင်တန်း (၄.၇.၂၀၂၆ - ပထမအချိန်) ချမ်းသာလမ်း တရားတော်မှ စာစီပူဇော်ပါသည်။
မမေသူကိတ်မှ စာစီပူဇော်ပါသည်။
