ဒီအကြောင်း အမေးအမြန်းကလေးတွေ ကြုံရတာကတော့ အကြိမ်လည်းများလှပြီ၊ အချိန်လည်း ကြာခဲ့လှပြီ။ ခုထိလည်း ရံဖန်ရံခါတော့ ကြုံရဆဲပါပဲ။ ဒီအကြောင်းဆိုတာ အလှူနဲ့ ရေစက်အကြောင်းပါ။ 'ရေစက်မချရင် အလှူမဖြစ်ဘူးလား။ ရေကို ဘယ်လိုချရ မလဲ။ တစ်စက်တစ်စက် ချရမလား။ အကုန်လုံး လောင်းချလိုက်ရင်ကော မဖြစ်ဘူးလား။ ခွက်ထဲကို လောင်းချရမှာလား။ အလှူခံပုဂ္ဂိုလ်လက်ပေါ်ကို လောင်းချရမှာလား' စသဖြင့်ပေါ့။
မိမိကတော့ ဒီကိစ္စဟာ 'စေတနာဟံ ဘိက္ခဝေ ကမ္မံ ဝဒါမိ' ဆိုတဲ့စကားကို ကြားဖူးသူ၊ နားလည်သဘောပေါက်သူတိုင်းအတွက် ဘာမှ ရေးကြီးခွင်ကျယ်လုပ်ပြီး မေးနေစရာလိုတဲ့ကိစ္စ မဟုတ်ဘူး။ 'စေတနာကိုသာ ကံလို့ ဘုရားရှင်က ဟောပါ တယ်'ဆိုနေမှတော့ ကံတစ်ခုပြည့်စုံ မြောက်ဖို့ဆိုတဲ့ကိစ္စမှာ စေတနာကသာ ပဓာနကျတယ်။ ရေစက်တို့ သက်သေတို့က ပဓာနမကျဘူးဆိုတာကိုလည်း သဘောပေါက်ရမှာပေါ့' လို့ပဲ ပြောခဲ့ဖြစ်တယ်။ စာတစ်စောင် ပေတစ်ဖွဲ့အနေနဲ့တော့ ရေးဖို့လိုအပ်တယ်လို့ မထင်ခဲ့မိဘူး။
အခုတော့ မရေးဘဲ မနေနိုင်လောက်အောင် အကြောင်းက တိုက်ဆိုင်လာလို့ ရေးလိုက်ပါတယ်။ အကြောင်းတိုက်ဆိုင်လာပုံက ဒီလိုပါ...။
မန္တလေးမြို့၊ မစိုးရိမ်ကျောင်း တိုက်ကြီးကို လက်ဦးတည်ထောင်ခဲ့ကြတဲ့ ဆရာတော်ကြီးများထဲမှာ အပါအဝင်ဖြစ်တဲ့ ဘဒ္ဒန္တသောမာဘိ သိရီဆရာတော် ရေးသားပြုစုခဲ့တဲ့ စစ်ကိုင်းမြို့ ဝါးချက်မင်းကျောင်း ဆရာတော်ထေရုပ္ပတ္တိနဲ့ ကျင့်စဉ် (ထေရဝံသ စာရက္ကမ ပဒီပိကာ) စာအုပ်ကို မန္တလေး မစိုးရိမ်နာယက ဆရာတော်များရဲ့ ခွင့်ပြုတိုက်တွန်းချက်အရ ဓမ္မဒူတ အရှင်ဆေကိန္ဒက ဓမ္မဒါနကုသိုလ်ရှင်အဖြစ်ခံယူလိုက် တဲ့အတွက် မိမိက စီစဉ်ဆောင်ရွက်ရမယ့် တာဝန်ကြုံလာပါတယ်။
ဝါးချက်မင်းကျောင်း ဆရာတော်ဆိုတာ မြန်မာပြည်သာသနာဝင်မှာ ပရိယတ်၊ ပဋိပတ် စွယ်စုံထူးချွန်တဲ့ ဆရာတော်တစ်ပါး ဖြစ်ခဲ့ရုံမကဘူး။ ပြဿနာတစ်ရပ်ကို ဆုံးဖြတ်ရာမှာ လောကယုတ္တိ၊ ဓမ္မ ယုတ္တိ၊ သဘာဝယုတ္တိ၊ သာဓက ယုတ္တိတို့နဲ့ ပြည့်စုံခိုင်မာ လှတဲ့အတွက် ဂိုဏ်းဂဏမရွေး၊ ပုဂ္ဂိုလ် လူမျိုးမရွေး အားလုံးက လေးစားလက်ခံရတယ် ဆိုတာကို ဆရာစဉ်ဆက် ပြောစမှတ်များအရ ဖြတ်ထုံးသာဓက အချို့ကိုပါ ကြားဖူးနားဝရှိ ထားခဲ့ပေမယ့် အခုလို ထေရုပ္ပတ္တိကျင့်စဉ် စာအုပ်တစ်အုပ် ရှိတယ်ဆိုတာ အရင်က မကြားဖူးခဲ့ဘူး။ မကြားဖူးဆို စာအုပ်ရိုက်ခဲ့တာကလည်း မြန်မာသက္ကရာဇ် ၁၂၈၉ ခုနှစ်ကဆိုတော့ မိမိတို့မိဘများ ကျောင်းနေစအရွယ်ကတည်းကကိုး။
ရှေးဟောင်းစာအုပ်ကို ကော်ပီကူးပြီးတဲ့အခါ ကွန်ပျူတာနဲ့ စာစီလို့ပြီးအောင် မစောင့်နိုင်ဘူး။ ကြားဖူးနားဝနဲ့ ကြည်ညိုရင်းစွဲရှိခဲ့တဲ့ ဆရာတော်အကြောင်းကို သိချင်လွန်းလှတဲ့အတွက် ကော်ပီမူများကိုပဲယူပြီး ဖတ်လိုက်တာ သန်းခေါင်ကျော်မှ ပြီးတော့တယ်။
ဖတ်ကြည့်လိုက်တဲ့အခါမှာလည်း ကြားဖူးထားတဲ့အတိုင်းပါပဲ။ ကျင့်စဉ်အရပဲ ကြည့်ကြည့်၊ ဟောပြောဆုံးမမှု၊ ပြဿနာဆုံးဖြတ်မှုအရပဲ ကြည့်ကြည့် လေးစားအားကျ အတုယူစရာများနဲ့ ပြည့်နေပါတယ်။ အဲဒီအချက်တွေထဲကမှ အလှူနဲ့ ရေစက်ချခြင်း ကိစ္စနဲ့ပတ်သက်ပြီး ဆရာတော်ရဲ့ ဟောညွှန်းဆုံးမချက်ကို ဖတ်ရှုရတဲ့အတွက် ဒီစာကို ရေးဖြစ်သွားခဲ့တာပါ။ စာအုပ်မှာပါတာကတော့ ...
သက္ကရာဇ် ၁၂၇၃ ခုနှစ်လောက်က မန္တလေးမြို့၊ မစိုးရိမ်ကျောင်းတိုက် ဒါယကာကြီး ဦးသက်ရှည်က မစိုးရိမ်ကျောင်းတိုက်မှာ ဆောက်လုပ်ပြီးစီးသွားတဲ့ ကျောင်းတစ်ကျောင်း ကို ရေစက်ချလှူဒါန်းပွဲလုပ်တော့ ကျေးဇူးတော်ရှင် လှေသင်းမင်းကျောင်း (ဝါးချက်မင်းကျောင်း) ဆရာတော်ကြီးကိုလည်း ပင့်တဲ့အတွက် အကြိုနေ့ည ကြွရောက်လာပါတယ်။
ညအခါ ကျောင်းဒကာ ဦးသက်ရှည်ကို တရားဓမ္မဟောပြဆုံးမတဲ့အခါ ဆရာတော် ကြီးက 'ဒကာရဲ့ ဆောက်လုပ်ပြီးစီးသွားပြီးဖြစ်တဲ့ကျောင်းကို ဘယ်လိုဖြစ်စေချင်လို့ ရေစက်ချမှာလဲ'လို့ မေးပါတယ်။ 'ဒါနကုသိုလ်ကံ မြောက်ဖို့ပါဘုရား'ဆိုတော့ 'နွားသတ်သူများဟာ နွားသတ်ပြီး ရေစက်ချမှ ပါဏာတိပါတ အကုသိုလ်ကံမြောက် သလား'လို့ မိန့်ကြားတော်မူပြီး...
'ကုသိုလ်ကံဖြစ်စေ၊ အကုသိုလ်ကံဖြစ်စေ၊ ဝိနည်းအလိုမှာ အင်္ဂါစုံညီက ကံမြောက်၏ဟု ဆိုရသည်။
'ဝေါဟာရ ဒေသနာဖြစ်တဲ့ သုတ္တန်အလိုမှာ ဝတ္ထုကိုယ်သမ္ဘာရ ပြည့်စုံက ကံမြောက်၏ဟု ဆိုရသည်။
'အမှန်စင်စစ်ကိုဟောရာ ‘ပရမတ္ထဒေသနာ’ဖြစ်တဲ့ အဘိဓမ္မာအလိုမှာ စေတနာစတဲ့ တရားကိုယ်ထင်ရှားဖြစ်ပေါ်မှ ကံမြောက်၏ဟု ဆိုရသည်။
'ဒါကြောင့် ကုသိုလ်ဖြစ်စေ၊ အကုသိုလ်ဖြစ်စေ ရေစက်ချမှ ကံမြောက်တယ်လို့ အပရိကမျှဖြစ်တဲ့ ဟန်ပန်အမူအရာကို အခိုင်အမာကြီး စွဲလမ်းမထားနဲ့။ ဒါန၊ သီလ၊ ဘာဝနာ အမှုတစ်ခုခုကို ပြုလုပ်ရာမှာ ယောနိသော မနသီကာရ အစွမ်းကြောင့် ကုသိုလ် စေတနာ အစရှိတဲ့ တရားများဖြစ်ပွားလျှင် ကုသိုလ်ကမ္မပထ မြောက်တယ်လို့မှတ်'လို့ ဟောကြားဆုံးမတော်မူပါတယ်။
(ထေရဝံသ စာရက္ကမ ပဒီပိကာ-အခန်း ၂၇)
ဆရာတော်ကြီး မိန့်ကြားတဲ့အထဲမှာ ဝိနည်းအလိုနဲ့ သုတ္တန်အလိုအရ ကျောင်းဆိုလျှင် ကျောင်းအဆောက်အအုံ ပြီးပြည့်စုံလျှင် ကျောင်းကုသိုလ်မြောက်ပြီ။ အဘိဓမ္မာအလိုအရဆိုရင် ကျောင်းအဆောက်အအုံ (သို့မဟုတ်) လှူဖွယ်ဝတ္ထုကို လှူမယ်လို့ အခိုင်အမာဆုံးဖြတ်တဲ့ စေတနာဖြစ်ပြီးချိန်ကစပြီး ကုသိုလ်ကမ္မပထ မြောက်ပြီလို့ ဆိုတာပါ။
ဒါကြောင့်လည်း ရဟန်းတော်တို့ရဲ့ ဝိနည်းစည်းကမ်းများထဲမှာ 'ပုဂ္ဂိုလ် တစ်ဦးဦးကိုဖြစ်စေ၊ သံဃာကိုဖြစ်စေ စိတ်ညွတ်ပြဋ္ဌာန်း (ဆုံးဖြတ်)ပြီးသား လှူဖွယ် ဝတ္ထုကို တခြားပုဂ္ဂိုလ်ကိုဖြစ်စေ၊ ဂိုဏ်းဂဏအဖွဲ့အစည်းတစ်ခုခုကိုဖြစ်စေ ပြောင်းလဲ လှူဒါန်းစေခြင်း မပြုရ။ စေတီပုထိုးတစ်ခုခုအတွက် ညွတ်ပြီးသား လှူဖွယ်ဝတ္ထုကို တခြားစေတီကိုဖြစ်စေ၊ ပုဂ္ဂိုလ်၊ ဂိုဏ်း၊ သံဃာကို ဖြစ်စေပြောင်းလဲ လှူဒါန်းမှုမျိုး မပြုလုပ်စေရ'လို့ ပညတ်တော်မူတာပါ။
ကျောင်းအလှူလို ရေရှည်တည်တံ့မယ့် ပစ္စည်းဝတ္ထုမျိုးကို လှူဒါန်းရာမှာတော့ အသုံးပြုမယ့် ပုဂ္ဂိုလ်များအနေနဲ့ လှူဒါန်းတဲ့ ဒါယကာရဲ့ နှုတ်မြွက်စကားအတိုင်းသာ လိုက်နာကျင့်သုံးရတာဖြစ်လို့ ပြုပြင်ခြင်း၊ မွမ်းမံခြင်း၊ ထစ်ခွာကပ်ရိုက်ခြင်း စသည် လိုအပ်သလို ပြုလုပ်သုံးဆောင်ခွင့်ရအောင် ကျွမ်းကျင်လိမ္မာတဲ့ ဆရာသမားများက ရှေ့ကြောင်းပေးပြီး လှူဒါန်းသူက နှုတ်မြွက်လိုက် ဆိုစေရပါတယ်။
'ဒက္ခိဏောဒက=အလှူရေ' ဆိုတာနဲ့ ပတ်သက်လို့ ပခုက္ကူ၊ မဟာ ဝိသုတာရာမ ဂဏဝါစက စာချအဖွဲ့ ဆရာတော်များရဲ့ 'တိပိဋက -ပါဠိ မြန်မာအဘိဓာန်၊ အတွဲ - ၁ဝ'မှာ ရှာဖွေစုဆောင်း တင်ပြထားတာကတော့...
'ဒက္ခိဏောဒက'ဆိုတာ အလှူ ဝတ္ထုကို မပေးလှူမီ ရှေးကာလမှာ တင်ကြိုပေးလှူ ရတဲ့ (နံ့သာရေစတဲ့) ရေစင်ရေသန့်ဖြစ်တယ်။ လှူဖွယ်ဝတ္ထုကို ရေနှင့်တွဲပြီး လှူဒါန်းခြင်း ဟာ ကမ္ဘာစဉ်ဆက် အလှူရှင်တို့ရဲ့ လောကရိုးရာ ဓလေ့ထုံးတမ်း ကျင့်စဉ်ဖြစ်တယ်။
ရိုးရာဓလေ့ထုံးတမ်း ဖြစ်သော်လည်း ဒေသတစ်ခုနဲ့တစ်ခု အဓိပ္ပာယ်သတ်မှတ်ပုံ ချင်းတော့ ကွဲပြားပါတယ်။
ဇမ္ဗူဒိပ်ခေါ်တဲ့ မဇ္ဈိမဒေသမှာတော့ အလှူရေကိုခံယူလျှင် အလှူဝတ္ထုကို ခံယူပြီးလို့ သတ်မှတ်ပါတယ်။ အလှူရေဆိုတာ အလှူဝတ္ထုကို ကိုယ်စားပမာဏပြုတဲ့ သဘောပါ။ ဒါကြောင့်လည်း ဆရာဇီဝကရဲ့ ဆွမ်းလှူပွဲမှာ အရှင်စူဠပန္ထကထေရ် မပါသေးတဲ့အတွက် သံဃာမစုံမီမှာ ယာဂုဆွမ်းကို မခံယူလိုသေးတာကြောင့် သပိတ်တော်ထဲ အလှူရေ လောင်းလှူတဲ့အခါ ဘုရားရှင်က လက်တော်နဲ့ သပိတ်တော်ကို ပိတ်ကာထားလိုက် ပါတယ်။
သီဟိုဠ်ကျွန်းမှာတော့ အလှူရေကို ပမာဏမပြုဘဲ အလှူဝတ္ထုကို ခံယူမှသာ အလှူခံမြောက်တယ်လို့ သတ်မှတ်ပါတယ်။
ဒီမှာ ပြဆိုတဲ့ အလှူရေလောင်း လှူတယ်ဆိုတာ အခုခေတ် ရေစက်ချသလိုမျိုး မဟုတ်ပါဘူး။ အလှူကို ကိုယ်စားပြုထားတဲ့ရေကို အလှူခံပုဂ္ဂိုလ်ရဲ့ သပိတ်စသည်ထဲကို လောင်း ထည့်လှူဒါန်းတာပါ။
ရေကို သပိတ်ထဲလောင်းထည့် လှူဒါန်းရာမှာ သောက်ရေသုံးရေနဲ့ (အလှူကိုယ်စား ပြု) အလှူရေတို့ကို ခံယူပုံချင်း မတူပါဘူး။ သောက်ရေ သုံးရေကို ခံယူရာမှာ သပိတ်ကို လက်နဲ့ပိုက်ပြီး အလှူခံရမယ်။ ဒက္ခိဏောဒက ဆိုတဲ့ အလှူရေကိုတော့ သပိတ်ခြေမှာ တင်ထားတဲ့ သပိတ်နဲ့ ခံယူရမယ်လို့ ဝိ-ဋ္ဌ-၄၊ ၁၂ဝ နှင့် ဝိနယသင်္ဂဟ- ၂၃၄ တို့မှာ ဖွင့်ဆိုပါ တယ်။
အနာထပိဏ်သူဌေးကြီး ဇေတဝန်ကျောင်းတော်ကို လှူဒါန်းရာမှာ 'ရွှေကရားကို ယူပြီး ဘုရားရှင်လက်တော်၌ ရေကို ကျစေ၍ လှူတယ်'လို့ ဆိုပါတယ်။ ကုရုမင်း၊ ဝေဿန္တရာမင်းတို့ရဲ့ ဆင်ဖြူတော်အလှူမှာလည်း 'အလှူခံပုဂ္ဂိုလ်လက် ၌ အလှူရေကို လောင်းထည့်လှူဒါန်း တယ်' လို့ လာပါတယ်။ မဇ္ဈိမနိ ကာယ် အဋ္ဌကထာ ၄-၂၂၅ မှာတော့ ရေခံခွက်တစ်ခုခုမှာ ရေကို လောင်းထည့်လှူဒါန်းတယ်လို့ လာပါတယ်။
အလှူရေကို လှူရာမှာ ယနေ့ ခေတ်လိုလှူပြီးမှ သွန်းလောင်းခြင်းမဟုတ်ဘဲ အလှူဝတ္ထုမလှူရသေးမီ ရှေးကာလ၌ လှူဒါန်းခြင်း အစီအရင်ကို ကျမ်းဂန်များမှာ တွေ့ရပါတယ်' တဲ့။
(တိပိဋက ပါဠိမြန်မာအဘိဓာန်၊ အတွဲ-၁ဝ၊ စာ-၄၃ မှ ၄၅)
အာစရိယဝါဒအဖြစ် မှတ်ယူခဲ့ရတာကတော့ အလှူရေဆိုတာ လှူဖွယ်ဝတ္ထုကို ကိုယ်စားပြုထားတဲ့ သင်္ကေတဖြစ်တယ်။ အလှူရေကို အလှူခံပုဂ္ဂိုလ်ရဲ့ လက်မှာဖြစ်စေ၊ သပိတ်မှာဖြစ်စေ လောင်းထည့်လိုက်လျှင် အလှူဝတ္ထုအားလုံးကို ပေးလှူ ပြီးဖြစ်တယ်လို့ အဓိပ္ပာယ်သက်ရောက်စေပါတယ်။ ဒါကြောင့် အလှူရေကို တစ်စက်ချင်းပဲ သွန်ချချ၊ တစ်ကြိမ်တည်းနဲ့ပဲ လောင်းသွန်ချချ အတူတူပါပဲ။ ခွက်စသည်မှာ ထည့်ထားတဲ့ရေကို သွန်းလောင်းလိုက်တဲ့အခါ ခွက်က ရေကို ဆွဲယူထားခြင်းမရှိဘဲ လွတ်လွတ်ကြီး သွန်ချ လိုက်သလို အလှူဝတ္ထုပေါ်မှာဖြစ်စေ၊ အလှူဒါန ကုသိုလ်ကိုအကြောင်းပြုပြီး ပစ္စည်းဥစ္စာ၊ ချမ်းသာသုခ၊ ဘုံဘဝတို့ကိုဖြစ်စေ တပ်မက်တွယ်တာခြင်း၊ တောင့်တခြင်း မဖြစ်ကြဘဲ လွတ်လွတ်စွန့်လှူကြဖို့သာ လိုရင်းဖြစ်တယ်'လို့ မှတ်သားရဖူးပါတယ်။
သေချာတာကတော့ အခုကာလ လူတချို့ထင်ထားသလို ဝသုန္ဒြေနတ်သမီး ရဲ့ဆံပင်မှာ ရေတွေစုပုံသိုလှောင်ထားပြီး အရေးကြုံရင် ဆံပင်ညှစ်ရေနဲ့ သက်သေခံခိုင်းဖို့ မဟုတ်ဘူးဆိုတဲ့ အချက်ပါပဲ။ ဒီလို ဆံပင်ညှစ်ပြီး သက်သေခံတယ်ဆိုတာမျိုးလည်း ပိဋကတ်တော် ပါဠိ အဋ္ဌကထာ ဋီကာစတဲ့ ကျမ်းကြီး ကျမ်းခိုင်များမှာ လုံးဝမရှိဘူး ဆိုတာကိုတော့ သံသယမရှိ မှတ်ယူကြစေလိုပါတယ်။
တိုတိုချုပ်ကတော့ ဝါးချက်မင်း ကျောင်းဆရာတော်ကြီးရဲ့ သြဝါဒအတိုင်းပဲ 'လှူပါ၏' ဆိုတဲ့ စေတနာ ခိုင်ခိုင်မာမာ ဆုံးဖြတ်ပြီး ဘာကိုမှ မတောင့်မတဘဲ လှူဒါန်းလိုက်ခြင်းဟာ အရိုးရှင်းဆုံး ကုသိုလ်ဖြစ်ပါလိမ့်မယ်။
ရိုးရှင်းစင်ကြယ်တဲ့ ကုသိုလ်ရှင်များ ဖြစ်ကြပါစေ။
◾
ဓမ္မဘေရီအရှင်ဝီရိယ၊တောင်စွန်း၊
အမှတ် ၅၆၇၊ ဩဂုတ်လ၊ ၂၀၀၉
အလင်းတန်းဂျာနယ်

