❖ အရိယာများ မြတ်သောပုဂ္ဂိုလ်များကျတော့ သေလောက်အောင် ခံရပြီဆိုရင် အဖော်ကောင်းတွေ့ထားပြီ၊ ငါနဲ့ မရောဘဲနဲ့ တောက်လျှောက် အားကိုးအစစ်လိုဖြစ်သွားသောကြောင့် လွတ်မြောက်အောင် နေတတ်ပြီတဲ့၊ အပယ်ကျစရာ အကြောင်း ရှိသေးလား။ (မရှိတော့ပါဘူး ဘုရား)။ အဲဒါ အမြတ်ပဲ။
❖ အားလုံး တို့တတွေက မှတ်ထားနော် သေမှာနော်။ သေခြင်းတရားကို ရင်ဆိုင်ရမှာ။ အခုလည်းပဲ သေနေတာပါပဲ။ ရှူနေဆဲလေးမှာ ဇာတိ ဇရာ မရဏ ဖြစ်နေတာပါ။ နံပါတ်လေး အကွက်ကို မမေ့ပါနဲ့။
❖ ဘုရားဟောတဲ့စကား တစ်ခုချင်းလေ့လာကြည့်တော့ နက်ရှိုင်းပါတယ်။ ဇာတိ၊ ဇရာ မရဏ။ တို့ ကြားဘူးတာက ပဋိသန္ဓေ အို နာ သေ၊ ဇာတိ၊ ဇရာ၊ ဗျာဓိ၊ မရဏ လို့ ကြားဖူးတယ်။ နာတာပါတယ်။ ဒီမှာ နာတာ မပါဘူးလေ။ စဥ်းစားတယ် တစ်ခုခုတော့ လိုနေသလိုပဲ။
❖ ကျမ်းရင်းစာမှာသွားကြည့်တော့လည်း ဗျာဓိ မပါဘူး။ ပုံနှိပ်တိုက်ဆရာကိုလည်းမေးတော့ ဘုန်းဘုန်းဘုရား ပေးတဲ့အတိုင်းရိုက်တာပါ၊ မပါပါဘူး ဘုရားဆိုတော့ ဗျာဓိ ဘာလို့ ဘုရားမထည့်တာလဲပေါ့။ စဥ်းစားကြ။ မေ့လို့များ မထည့်တာလား။ အကြောင်းရှိမှာပေါ့။
❖ ခန္ဓာငါးပါးသဘောက သတ္တဝါမဟုတ်ဘူးလေ။ အထည်မဟုတ်တော့ကား နာတာ ပါသေးလား။ နာစရာမလိုဘူး၊ ဖျတ်ကနဲဆို လောင်ပြီး ပျောက်သွားတာလေ။ ဖြစ်ပေါ်တာ ဇာတိ၊ ပျောက်သွားတာ ဇရာ မရဏ။ နာဖို့မှမလိုတာ အထည်မှ မဟုတ်တာကြီးကို။ ဘဝဟာ တကယ့်ဘဝအစစ်က သိတဲ့သဘောလေးက လက်ကနဲ လောင်သွား ပျောက်သွားတာ ဖြစ်သောကြောင့် နာတာပါလား။ မပါဘူး။
❖ ပရမတ္ထ တကယ့်အသေက နာတာ မပါတော့ဘူး။ ဒါကြောင့် မိုးးကုတ်ဆရာတော်ဘုရားကြီးက ဖွားသေ သေတာပါဗျာလို့ အကြိမ်ကြိမ်ပြောတာ။ အဲဒီတော့ ရှူဆဲကာလမှာ တကယ့်ကို ဖွားသေသေနေတာပါ။ ရှူဆဲဖြစ်တဲ့ ရုပ်နာမ်အမူအရာ အားလုံးဟာ ထုတ်ဆဲလိုက်ပါ့မလား။ အဲဒါကိုက ဘဝအဆုံး သံသရာအဆုံး ဝဋ်အဆုံး လောကအဆုံးပဲ။ ဉာဏ်နဲ့မြင်ရတာ။ လုပ်ကြံတာလား တကယ်ရှိတဲ့သဘောလား။
❖ လုပ်ကြံတာမဟုတ်ဘူး၊ တကယ့်အရှိကို ဘုရား မြင်စေချင်တာ။ တမင် လုပ်ကြံရှာဖွေတာမဟုတ်ဘူးနော်။ တကယ်ရှိတဲ့ သဘောအမှန်ကို အမှောင်ဖုံးတော့ မတွေ့တာကို ဘုရားက ပြန်ဖွင့်ပေးတာ၊ ဉာဏ်နဲ့တွေ့တာပါ။ အခုပဲ ဘဝအဆုံးရှိတယ်၊ လောကအဆုံးရှိတယ်။ အေးချမ်းတာရှိတယ်။ လွတ်မြောက်တာရှိတယ်။ တမင်ရှာစရာလိုလို့လား။ (
❖ ဉာဏ်နဲ့ အမှန်အတိုင်း မြင်လိုက်ရင် ပြီးပြီတဲ့။ အမှောင်သမားတွေက လုပ်ကြံနေတာလေ။ မဟုတ်တာ အဟုတ်လုပ် သွားနေကြတာ၊ ဝဋ်သုံးပါး ပြေးနေရတာ။ သေချာစဥ်းစားကြနော်၊ တော်တော်နက်ရှိုင်းပါတယ်။ အခု ရှူဆဲလေးမှာတင် အားလုံးပြီးဆုံးနေပါပြီ။
❖ လူ့ရဲ့သဘောတရားကလည်း ကိုယ့်ကိုယ်ကိုယ် မသိလို့ ဘာလုပ်လုပ် ပြီးဆုံးတာကို မက်မောတယ်။ ပြီးချင်တာတယ်။ အလုပ်လုပ်လည်း ပြီးချင်တယ်။ စာကျက်လည်း ပြီးချင်တယ်။ စာသင်လည်း ပြီးဆုံးတာမက်တယ်။ ဘာလုပ်လုပ်ပြီးဆုံးတာကြီးကို မပြီးနိုင်ဘူးလား။ ပြီးချင်လှပြီပေါ့ မပြောကြဘူးလား။
❖ အဲဒါနဲ့ ပတ်သက်လို့ ရှေ့ကိုစောလို့ ပင်ပန်းတာဖြစ် ဘုရားက အဲဒါကို လွတ်မြောက်ချင်ရင် အရှိကို အရှိအတိုင်းသွားပါ။ ဝယဓမ္မာသင်္ခါရာ၊ အပ္ပမာဒေန သမ္ပာဒေထ။ ဘဝအဆုံးလို့ ပြောတာပါ။ ပြီးဆုံးတာရှိနေတယ်။ အခုပဲ ပြောရင်းဆိုရင်း ပြီးဆုံးနေပါတယ်။ ရှုရင်းလဲ ပြီးဆုံးနေပါတယ်။ လောကအဆုံး ရောက်နေပါပြီ၊ ခန္ဓာအဆုံး ရှိနေပါပြီလို့ ဘုရားပြတာ။
❖ လုပ်ကြံတာလား၊ အမှန်တရားလား။ (အမှန်တရားပါ ဘုရား)။ နားလည်တယ်နော်။ အဲဒီမှာ အထိုင်ကျလာလို့ရှိရင် ပြန်ဆက်စရာရှိသေးလား။ အဲဒီတော့ အကြိမ်များစွာ ပွားရင်းပွားရင်းနဲ့ သွေးသားမှာ ကြွေးဟောင်းလည်းကျေ ကြွေးသစ်လည်းမလာတဲ့။
❖ ဝေဘူဆရာတော်ဘုရားကြီး ဆုံးမတာနော်၊ ရှုမှတ်တဲ့အခါမှာဗျာတဲ့၊ ကြွေးဟောင်းလည်းကျေ ကြွေးသစ်မလာ။ မသိလိုက်ရင် ကိလေသာ ကြွေးသစ်ပဲ။ မျက်တောင်တစ်ခတ်မှာ ကုဋေပေါင်းတစ်သိန်းနှုန်းနဲ့ အမှောင်ဓါတ်တွေ ကိန်းတယ်တဲ့။
❖ ပေါ်တဲ့အခါ နောက်စိတ်က ဧတံမမ ဒါ ငါပိုင်တာ၊ ငါကြီးပဲ သတ္တဝါထင်လိုက်တာနဲ့ အမှောင်သတ္တိမကိန်းဘူးလား။ အဲဒါ ကြွေးသစ်တင်တာ။ သူ့မှီထားတော့ အာသဝကြောင့် အဝိဇ္ဇာ မပေါ်ဘူးလား။ မောဟပေါ့၊ စိတ်အမြင်မှားနော်။ အဲဒါကို ကုန်အောင်လုပ်ရမှာနော်။
❖ တိုက်စရာမလိုဘူး၊ အမှောင်မလာခင်မှာ အလင်းဓါတ်နဲ့ရှုရမှာပေါ့။ ကိလေသာကို မသတ်ရဘူးနော်။ သူ့ဟာသူ မနိုင်ဘူး။ အမှောင်ဆို သတ်လို့ရပါ့မလား။ မရဘူးနော်။ အလင်းလာရင် အမှောင်ပျောက်ပြီးသားပဲလေ။ အဲဒီတော့ သတ္တိကို ကုန်အောင်သတ်ရမှာ။
❖ ဒီတော့ ဘုရားကအမိန့်ရှိပြီ၊ တွေးစရာပေါ်တဲ့အခါမှာတဲ့ အားလေးစိုက်ရတယ်။ ဓါတ်မီးထိုးသလိုပဲ အားစိုက်ပြီးတော့မှ နေတံမမ၊ နေသောဟမသ္မိ၊ နမေသောအတ္တာ။ ယုံကြည်စွာအပြည့်နဲ့ဆိုတော့ လျော့လျော့သွားပြီ၊ ကြွေးဟောင်းလည်းကျေ ကြွေးသစ်လည်းမလာ။
❖ အမြင်မှားကြားမခိုအောင် ပွားတဲ့၊ ပွားရင်း ပွားရင်း အမှောင်သတ္တိတွေ ကုန်သွားပါလိမ့်မယ်တဲ့။ ကုန်သွားရင် အာသဝမရှိတော့ အဝိဇ္ဇာလာသေးလား။ ကုန်ပြီလေ။ ဒါကြောင့် ဆရာတော်ဘုရားကြီးက အမိန့်ရှိတာပေါ့ အိုဗျာ မနက်လုပ် ညနေရ၊ မနားတမ်းသာကျင့်ပါ။ အမှောင်ကိလေသာ ကြားမခိုရင် ပြီးပါတယ်ဗျာ။ ဆုံးမတာနော်။ သတ္တိကုန်တာ ပြောတာပါ။
❖ ဘာကြောင့် ဘုန်းကြီးက ဒါကို ဟောနိုင်လဲဆိုတာ့ မြန်မာနိုင်ငံမှာ သာ့သနာတက္ကသိုလ်ကြီးဖွင့်တော့ကား ပါမောက္ခချုပ်ရာထူးလိုတော့ အင်္ဂလိပ်စာပေလည်းကျွမ်းကျင်တယ်၊ ပိဋကတ်စာပေကျွမ်းကျင်တဲ့ ဆရာတော်ရှာပါဆိုတော့ကား အမေရိကန်နိုင်ငံမှာရှိတော့ ဆရာတော်ကြီး ဦးသီလာနန္ဒ က အင်မတန်ကျွမ်းတာ။
❖ မဟာစည်ဆရာတော်ဘုရား နိုင်ငံခြားသွားတော့ ခေါ်သွားတာပေါ့နော်။ ငယ်ငယ်လေးတည်းက အင်္ဂလိပ်ကျောင်းနေခဲ့ရတော့ အင်္ဂလိပ်စာလည်းကျွမ်းတယ်၊ ပါဠိလည်းကျွမ်းတော့ ဟိုနိုင်ငံက ပင့်ထားကြတာ။ အဘိဓမ္မာသင်တန်းတွေ တောက်လျှောက်ပေးတာ၊ အင်္ဂလိပ်လိုလည်း သင်ပေ့ါနော်။
❖ အဘိဓမ္မာသင်တာ အင်မတန်ကောင်းတဲ့ ဆရာတော်ဘုရားကြီး။ ဒီနိုင်ငံမှာကျတော့ သာ့သနာတက္ကသိုလ်ဖွဲ့တဲ့အခါ ပါမောက္ခချုပ်ရာထူး အရင်ဆုံး စပေးရတာပေါ့။ အဲဒီကျောင်းမှာ ဘုန်းဘုန်းက တည်းရတာ၊ ဆန်ဖရန်စစ္စကိုမှာ ရှိတယ်။ ဆရာတော်ကြီးက ကျောင်းတည်ပြီးခါစ ၂နှစ်လောက်မှာ ပျံလွန်တော်မူသွားတာ။
❖ ဘုန်းဘုန်းက ဟိုရောက်သွားတာ ဆရာတော်ကြီး ပျံလွန်တော်မူပြီးမှ ရောက်သွားတာ။ ရောက်သွားတော့ စာအုပ်တွေတွေ့တော့ ဘုန်းဘုန်းက စာဂျပိုးဆိုတော့ အဘိဓမ္မာစာအုပ်ကို ဖတ်ရတာ။ ဖတ်ရတာ ကောင်းမှကောင်။ ငါးအုပ်မြောက်မှာ ပါလာတာ။
❖ မေးခွန်းမေးတယ် မဂ်က ကိလေသာသတ်တယ် ပြောတယ်ဗျာတဲ့။ မဂ်ဉာဏ်က ကိလေသာသတ်တယ် ပြောတယ်ဗျာ။ အလင်းဓါတ်က မဂ်ဉာဏ်ကိုး။ မဂ်ဉာဏ်ဖြစ်သောကြောင့် ကိလေသာကို သတ်တယ်ပြောတယ်ကွာ။ မင်းတို့ကို မေးမယ်တဲ့၊
❖ အတိတ်ကိလေသာကို မဂ်က သတ်လို့ရလား၊ ဉာဏ်က သတ်လို့ရလားပေါ့။ အတိတ်က ရှိမှမရှိတာနော်။ သတ်လို့ရပါ့မလား။ (မရပါဘူး ဘုရား)။ အနာဂတ်ကိလေသာရောကွာတဲ့။ မဂ်ဉာဏ်က သတ်လို့ရလားဆိုတော့ ရပါ့မလား။ (မရပါဘူး ဘုရား)။
❖ ပစ္စုပ္ပန် ကိလေသာပေါ်နေမယ်ကွာတဲ့၊ မဂ်က သတ်လို့ရလားတဲ့။ အမှောင်ပေါ်တဲ့ အလင်းလာလား။ မရဘူးဗျ။ အဲဒီတော့ ခက်ပြီနော်။ မှတ်ကြတဲ့၊ ရှုမှတ်ဆဲမှာ အမှောင်မလာခင် အလင်းဦးအောင် ရှုပြီးတော့မှ သတ္တိကို သတ်တာတဲ့။ အမှောင်ဖြစ်စေတဲ့ အာသဝသတ္တိတွေကို သတ်ပစ်ရတာ။
❖ အဲဒါကို ဝေဘူဆရာတော်ကြီးက ပိုင်ပိုင်သိထားတာ။ ရှုမှတ်တော့ ကြွေးဟောင်းကျေ ကြွေးသစ်မလာ။ အဲဒါပြောတာ။ အဲဒီတော့မှ အာသဝ ကုန်သွားတော့မှ အမှောင်လာသေးလား။ အဝိဇ္ဇာ မလာတော့ဘူး။ အာသဝကြောင့် အဝိဇ္ဇာ မလာတော့ဘူး၊ သူက မရှိတော့ဘူးလေ။
❖ ဒါဖြင့်ရင် ရှုမှတ်ဆဲမှာ မှတ်ပါ၊ ကြိမ်ဖန်များစွာ ပွားရမှာပဲရှိတယ်။ ပွားတော့လည်း လုပ်ကြံတာလား၊ အမှန်အတိုင်း ရှုတာလား။ (အမှန်အတိုင်း ရှုတာပါ ဘုရား)။ အရှိ အရှိအတိုင်း နေတာလေ၊ ပေါ့ပေါ့ပါးပါးပဲလေ။ လေးလေးပင်ပင် မရှိပါဘူး။ တုံးလုံးလှဲရင်းလည်းရတယ်၊ လေးလေးပင်ပင် မဟုတ်ဘူးနော်။
❖ လမ်းလျှောက်ရင်းလည်း ရတယ်။ ထမင်းစားရင်း အမူအရာအတိုင်းမှာ ရတယ်။ ပေါ့ပေါ့ပါးပါးပါပဲ ဆင်ဖမ်းကျားဖမ်း မဟုတ်ပါဘူးလို့မှတ်ကြပါ။ ဉာဏ်နဲ့ဆိုရင် တုံးလုံးလှဲရင်းလည်း လောင်နေတာ မနောအထိပေါ်တာ၊ အဲဒါ အရှိအရှိအတိုင်း ကြည့်လိုက်တော့ ဒီခန္ဓာမီးဟာ ရှေ့ဆက်တာလား ငြိမ်းပြနေတာလား။ (ငြိမ်းပြနေတာပါ ဘုရား)၊
❖ လောကအဆုံး သံသရာအဆုံး ဝဋ်အဆုံး။ ပယ်ပြီးသား ဖြစ်ပြီလေ။ အဲဒီအတိုင်းလေး အလိုက်သင့်ပဲ အမူရာတိုင်းကျင့်သွားရင် မပြီးနိုင်ဘူးလား။ ဆင်ဖမ်းကျားဖမ်း လုပ်စရာလိုလို့လား။ မလိုပါဘူး။
❖ တချို့ အပြင်းအထန်းထိုင်မှ ထင်တော့ ပင်ပန်းတာပေါ့။ မဟုတ်ဘူးလေ အဲဒီလောက်ကြီးလည်း မဟုတ်ဘူး ထင်ပါတယ်လို့။ ခါးတွေနာတဲ့သူ ဘယ်ထိုင်နိုင်မလဲ။ ဒူးတွေနာ ဘယ်ထိုင်နိုင်မလဲ။ တရားမရတော့ဘူးလား မေးရတော့မှာနော်။
❖ နောက်ဆုံး ဘုန်းဘုန်းက တည့်တည့်မေးရတယ်။ ဘုရားရှင် ပရိနိဗ္ဗာန်စံတာ ထိုင်ရက်လား လျောင်းရက်လား။ ဘုရားတရားမရတော့ဘူးလား။ အဲဒီတော့ အယူအဆ မမှားစေနဲ့နော်။ အရှုခံတရားဆိုတာက နာတာကျင်တာကို တိုက်တာမှ မဟုတ်တာ။
❖ ခန္ဓာငါးပါးရဲ့ချုပ်ငြိမ်းရာ ဒုက္ခငြိမ်းရာကို ဉာဏ်နဲ့ကြည့်တာလေ။ ဝေဒနာစကားမှာ မျက်စိလည်နေကြတာ။ ဝေဒနာဆိုတာက ဘုရားအမိန့်ရှိတာက စေတသိက်ရဲ့အမည်ဗျ။ ဘယ်အာရုံသိသိ ပါရတာလေ။ မြန်မာလူမျိုးတွေက အဲဒါကို ဝေဒနာယူလိုက်ပြီးတော့ နာတာလို့ သတ်မှတ်တော့ ဘာသာပြန်လွှဲသွားရော။
❖ မနာရင် ဝေဒနာမရှိတော့ဘူးလား။ ရှုမှတ်နေရင်းနဲ့ တခါတလေကျရင် အမှတ်တမဲ့နဲ့ သေရင်သေတော့ကွာဆိုပြီး မာန်လျော့တော့ကား အေးသွားတာ။ အေးသွားတော့ နာတာလျော့သွားတာပေါ့နော်။ အအေးဓါတ်ပြန့်သွားတော့ စျာန်ဖြစ်တော့ ပေါ့ပြီးအေးသွားတော့ နိဗ္ဗာန်ထင်ပြန်ရော။ ဝေဒနာဆုံးတယ် ထင်တာ။ မဟုတ်ဘူး။
❖ ခန္ဓာမီးလောင်တုန်းပဲ၊ စျာန်ဘက်လှည့်လောင်နေတာ။ ဗြဟ္မာလိုဖြစ်ပြီး လောင်နေတာပဲ။ အဲဒါ မသိတော့ နိဗ္ဗာန်ထင်ပြီးတော့ ငါ ဝေဒနာ ကျော်နိုင်ပြီ။ ရပြီပေါ့။ ကလေးတွေလာပြောကြတယ်၊ ဘုန်းဘုန်း ဘုရား နောက်တခါထိုင်တော့ ပြန်နာတယ် ဘုရားတဲ့။
❖ အစတည်းက ဟုတ်မှ မဟုတ်တာချည်းကို။ ပြန်နာမှာပေါ့။ အစတည်းက လမ်းကလွှဲနေတာချည်းကိုး။ စျာန်က ခဏပဲလေ၊ စျာန်ကကျသွားရင် ပြန်မလာရင် ပြန်နာမှာပဲပေါ့။ စျာန်ပီတိကျတော့ အေးတာကိုး၊ အေးတော့ နာတာ မသိဘူးပေါ့။
ဆက်လက်ဖော်ပြပါမည်။
ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရားကြီး
🙏🙏🙏
၂၀၂၆ ဇွန်လတရားစခန်းတွင် ဟောကြားတော်မူခဲ့သော ဟောစဥ်(၁၀) #သစ္စာလေးပါးတရားတော်မှ စာစီပူဇော်ပါသည်။

