အခုနေသေရင် အကုန်တန်းလန်းထားခဲ့ရမယ်

ပိုင်းလော့ဆရာတော် အရှင်ဇေယျပဏ္ဍိတ
08/11/2026
အခုနေသေရင် အကုန်တန်းလန်းထားခဲ့ရမယ်

❖ ရှေ့ကိုစောတာကို အကြောင်းသတ်ရမယ်တဲ့။ အမြင်မှားကိလေသာဆိုတာ အမှောင်ဖုံးတော့ ကိလေသာခေါ်တာပါပဲ။ သူက စကားပြောတယ်၊ စကားပြောခိုင်းတယ်။ အလုပ်လုပ်ဖို့ တွန်းအားပေးတော့ အရှိန်အဟုန်ရှိပါတယ်။ ဝစီကံ ကာယကံအထိ သောင်းကျန်းလာရင် အကြမ်းစားကိလေသာ။ ဘာနဲ့ သတ်မတုံး။ (သီလနဲ့သတ်ရမှာပါ ဘုရား)။ ဟုတ်ပြီ။ 

❖ အပြင်တော့ မထွက်ပါဘူး၊ စကားတော့ မပြောပါဘူးတဲ့၊ အတွေးတွေ ဗွက်ပေါက်အောင် တွေးနေရင် အလတ်စားကိလေသာတဲ့။ ဒီအလတ်စားကိလေသာကို ဘာနဲ့သတ်မှာတုံး။ (သမာဓိနဲ့ပါ ဘုရား)။ သမာဓိနဲ့သတ်။ 

❖ အနုစားကိလေသာ ကျန်တော့မှ ရှူဆဲထုတ်ဆဲ၌ ဝဋ်သုံးပါးထွက်တဲ့ဉာဏ်မပေါ်ရင်တဲ့ ကံဖြစ်နေအုန်းမှာတဲ့။ အဲဒါကျတော့ အနုစားခေါ်ပါတယ်။ ဘာနဲ့သတ်မတုံး။ (ဝိပဿနာ(ပညာ)နဲ့ပါ ဘုရား)။ ဟုတ်ပြီ။ တို့တတွေက သီလထိန်းလိုက်တော့ အကြမ်းတော့ မရှိတောပါဘူး။ ရုပ်ရှင်ကြည့်တာတွေ၊ သီချင်းဆိုတာတွေ၊ ဆဲတာဆိုတာ ကြမ်းတမ်းတာတွေရှိလား။ မရှိဘူး။

❖ ဒါပေမဲ့ အတွေးရှုပ်တာတော့ ရှိသေးတယ်။ အတွေးက ရှုပ်တာ အကြောင်းရှိတယ်။ သတ္တဝါထင် ငါ ထင်တားတဲ့အပြင် မသေတဲ့ငါတဲ့။ ဇာတ်လိုက်က ငါ ဖြစ်နေပါတယ်။ ငါ မသေဘူးတဲ့၊ သေတယ်လည်း မထင်ဘူးတဲ့။ သေတဲ့အကြောင်းလည်း မပါဘူး။ ဟုတ်မဟုတ် ပြန်သုံးသပ်ကြည့်။

❖ ကိုယ့်ကိုယ်ကိုယ် ဒီကနေ့ တကယ်သေမယ်ထင်လားဆိုတော့ မထင်ပါဘူး။ နောက်နေ့ရော သေမယ်ထင်လား။ မထင်ပါဘူး။ ၇ရက်ပြည့်ရင် ပြန်ရမယ် ထင်မထားဘူးလား။ ဟုတ်တယ် အဲဒါကြီးကိုက မှားနေပြီတဲ့။ တကယ့်အသေကို မြင်တတ်ရမှာတဲ့။ အဲဒီတော့ သေခြင်းတရားကမ္မဋ္ဌာန်း ပွားလိုက်တော့မှ ရှေ့စောတာကို နိုင်ပါတယ်တဲ့။ 

❖ ရဟန္တာများကျတော့ လုံးဝ ဖွားသေကို ဉာဏ်နဲ့တွေ့သောကြောင့် ဝယဓမ္မာမြင်သောကြောင့် ရှေ့ကို နည်းနည်းမှစောတဲ့ ဒေါမနဿ မလာပါဘူးတဲ့။ အဲဒီတော့ သေခြင်းတရား ကမ္မဋ္ဌာန်းအရေးကြီးပါတယ်။ 

“အခုနေသေရင် အကုန်တန်လန်းထားခဲ့ရမယ်။”

❖ ရုတ်တရက်သေသွားတဲ့အမျိုးတွေ ရှိပါတယ်။ ပုံတွေဖော်ကြည့်ပါ။ ရင်းနှီးတဲ့မိတ်ဆွေတွေ ရှိပါတယ်။ သူတို့အတွက် အနာဂတ်စီမံတွေဟာ လုပ်ခွင့်ရသေးလား။ (မရတော့ပါဘူး ဘုရား)။ ပိုင်ဆိုင်မှုတွေဟာ ဒီတိုင်းပဲကျန်ခဲ့တာပါ။ သင်္ချိုင်းကုန်းမှာ ပစ်ထားတဲ့ လူမရှိတဲ့ ဇရပ်တွေလိုပဲ အိုးအိမ်ကလည်း ကျန်ခဲ့မယ်၊ လုပ်ငန်းတွေလည်း ကျန်ခဲ့မယ်။ အကုန်လုံးပါပဲ သေရင် ကျန်ခဲ့မှာပါ။ 

❖ ဒီအတူပဲ တို့များလည်းပဲ အချိန်မရွေး နေရာမရွေး သေနိုင်တယ်လို့ တွေးပေးပါ။ ဒါ စိတ်အစာစားတယ်လို့ ခေါ်ပါတယ်။ ဒီတော့မှ မာနတွေနဲ့ ကိလေသာအရှိန်တွေလည်း လျော့သွားတော့ ဆေးစားသလိုပါပဲတဲ့ တွေးပေးပါ။ ရုတ်တရက် သေနိုင်ပါတယ်လို့ တွေးပေးပါ။ တရားဟော တရားနာရင်း သေနိုင်ပါတယ်လို့လည်း တွေးပေးပါ။ နှလုံးသွင်းပေးပါ။ 

❖ ရုတ်တရက်သေရင်ဖြင့် ကိုယ်နေတဲ့အဆောင်တောင် ပြန်ခွင့်မရှိပါဘူး။ စီးပွားဥစ္စာလည်း တန်းလန်းကျန်ခဲ့မှာပါ။ ပုံဖော်လိုက်တာနဲ့ အိမ်တွေ အိုးတွေ စီးပွားတွေ အမျိုးတွေကလည်း တိတ်ဆိတ်လို့ ဒီတိုင်း ကျန်ခဲ့မှာပါပဲ။ မဆိုင်တော့ပါဘူးတဲ့ နဂိုတည်းကလည်း ပိုင်တာမှ မဟုတ်တာ။ လူသေဟာ စကားလည်း မပြောတော့ပါဘူး။ 

❖ ဘယ်အမူအရာပုံတွေပေါ်လာပေါ်လာ တောတောင်ရေမြေတွေကအစ ကြိုက်တာပေါ်လာ ဆက်တွေးစရာအကြောင်း မရှိတော့ပါဘူး။ ထက်ဝန်းကျင် တိတ်ဆိတ်ခြင်း ငြိမ်သက်ခြင်းကို ခံစားလို့ရပါတယ်။ တိတ်ဆိတ်သွားပါတယ်၊ ငြိမ်သက်သွားပါတယ်။ ပတ်ဝန်ကျင်းအားလံး ပေါ်သမျှ စိတ်ကဖွဲ့လို့ပေါ်သမျှ အမူအရာအားလုံးဟာ မဆိုင်တော့ပါဘူး။ ဆက်တွေးစရာ အကြောင်းလုပ် စကားပြောစရာလည်း မရှိတော့ပါဘူး။ 

❖ တိတ်ဆတ်သွားပါတယ်၊ ငြိမ်သက်သွားပါတယ်။ ဝစီသင်္ခါရ ရပ်သွားတယ် ခေါ်ပါတယ်။ စကားပြောတဲ့အခါ အသုံးချခံနေရတနဲ့ ကြွက်သားအာရုံကြောတွေလည်း အချိုးကျ အကုန်လုံးလျော့သွားပါတယ်။ တင်းတာ လျော့သွားပါတယ်။ မျက်လုံးတဝိုက်၊ မျက်မှောင်တဝိုက်၊ မေးတဝိုက်၊ ရင်ကြောတဝိုက် တောက်လျှောက် အကြောလျော့သွားပါတယ်။ 

❖ အချိုးကျ ပခုံး လက်ခြေ မီးစုံထိအောင် ကြွက်သားအာရုံကြော တင်းတာ လျော့သွားပါတယ်။ လက်ဖျား ခြေဖျားအထိ လျော့သွားပါတယ်။ လူသေကဲ့သို့ နှလုံးသွင်းပါ။ နှလုံးသားလေး တင်တာလည်း လျော့သွားပါတယ်။ ရင်ကြောလည်း လျော့သွားပါတယ်။ တိတ်ဆိတ်လို့ တိတ်ဆိတ်ခြင်း ငြိမ်သက်ခြင်းကို ခံစားမိတော့ အအေးဓါတ်လေး ပေါ်လာပါတယ်။

❖ ရှူဆဲအမူအရာ ထုတ်ဆဲအမူအရာလေး ထင်ရှားလာပါတယ်။ ဒါ အလတ်စားကိလေသာကို သတ်တယ်လို့ မှတ်ထားကြပါ။ ရှူဆဲ ထုတ်ဆဲ အမူအရာပဲ ကျန်ပါတော့တယ်။ ဝိပဿနာပညာကို သင်ထားပြီးသား ပုဂ္ဂိုလ်ဆိုရင်တော့ သိပါပြီ ရှူဆဲအမူအရာလေးဟာ ဝိပါကဝဋ်တဲ့ ပြုတဲ့ကံအရှိန်ကြောင့် ရုပ်နာမ်ပေါင်းလောင်လို့ အပေါင်းအားဖြင့် ကိုယ်မှာက ဖွဲမီးကဲ့သို့ လောင်လို့ မနောတံခါး ပွင့်အောင် လောင်နေတာပါ။ 

❖ ခန္ဓာငါးပါး ဖြစ်ပျက်ပဲလို့ အမှန်မြင်တဲ့ သားသမီးတွေကတော့ ဝိပဿနာ ကူးလို့ရပါတယ်။ ဘဝအဆုံး ဝဋ်အဆုံးကို တွေ့ပါတယ်။ ဉာဏ်နဲ့ ဝယဓမ္မာသင်္ခါရာ မြင်ရင်တော့ အနုစားအထိ ပယ်နိုင်ပါတယ်။ 

❖ မေတ္တာဆန့်ကျင်ဖက် မာနကျသွားတော့ အေးချမ်းလာပါပြီ၊ အအေးဓါတ်ပေါ်လာပါပြီ။ သတ္တဝါအားလုံးသည် သံသရာရှည်ကြာလွန်းတော့ကား မတော်ဘူးတဲ့အမိ၊ မတော်ဘူးတဲ့အဖ မရှိကြပါဘူး။ အားလုံးသတ္တဝါတွေ အခုလို မာနတွေကျလို့ နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေလို့ အအေးဓါတ်လွတ်ကြပါ။ 

❖ ‌သတ္တဝါအားလုံး မိဟောင်းဖဟောင်းချည်းပါပဲ၊ သံသရာရှည်ကြာလွန်းတော့ အမျိုးချည်းပါပဲ။ လှည့်ပတ်တော်လာခဲ့ကြတာ ပုံသဏ္ဌာန်မျိုးစုံ ဘဝမျိုးစုံ ဖြစ်ရတဲ့အကြောင်းရင်းကတော့ မူလနှစ်ဖြာပါပဲ။ အဝိဇ္ဇာတဏှာလက်ချက်ကြောင့်သာလျှင် ပုံသဏ္ဍာန်မျိုးစုံ ဘဝမျိုးစုံ ဖြစ်နေကြရတာ။ အားလုံး အခုလို မာနတွေကျလို့ နှလုံးစိတ်ဝမ်းအေးချမ်းပါစေလို့ မေတ္တာအဖြစ် အသုံးချရတယ်။ အအေးဓါတ်လွတ်ကြပါ။

မျက်စိကလည်းပဲ နှစ်သက်စရာ စိတ်ချမ်းသာစရာတွေ မြင်ရလို့ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။ ပြုံးနိုင်ပျော်နိုင်ကြပါစေ။ 

နားမှာလည်း ကောင်းသောအသံ သတင်းတွေကြားရလို့ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။ ပြုံးနိုင်ပျော်နိုင်ကြပါစေ။ 

နှာခေါင်းမှာလည်း ကောင်းသောအနံ့တွေ နမ်းရှူရလို့ နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ။ ပြုံးနိုင်ပျော်နိုင်ကြပါစေ။ 

လျှာမှာလည်း ကောင်းသောအရသာတွေ စားသုံးရလို့ နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ။ ပြုံးနိုင်ပျော်နိုင်ကြပါစေ။ 

ကိုယ်မှာလည်း ကောင်းသော အတွေ့အထိတွေ ခံစားရလို့ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။ ပြုံးနိုင်ပျော်နိုင်ကြပါစေ။ 

အတွေးနယ်မှာလည်း အပူသောကတွေငြိမ်းလို့ နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ။ ဝိမုတ္တိဓါတ်ကြီးပါ ဉာဏ်နဲ့ကျက်စားနိုင်လို့ လွတ်မြောက်ကြပါစေလို့ မေတ္တာလွတ်ကြပါ။ 

❖ ဘုရားပူဇော်တော့မယ်ဆိုတော့ တခြားအာရုံတွေ ခွဲတမ်းမရှိတော့ ရာနှုန်းပြည့် ဘုရားအာရုံ၌ ကိုယ့်စိတ်ကို စုစည်းပြီးတော့ ရှိခိုးပူဇော်ခွင့်ရသွားပါပြီ။ ဘုရားကိုဖူးကြပါ။ မျက်ခုံးတော် မျက်လုံးတော် ဥဏ္ဏလုံမွှေရှင်တော်အထိ မြင်အောင်ဖူးကြပါ။ အရှင်မြတ်ကြီးရဲ့ သန္တာန်တော်မှာ အဝိဇ္ဇာဆိုတဲ့ အမှောင်ဓါတ် သတ္တိတဲ့ ဝါသနာအငွေ့အသက် မကျန်အောင် ဉာဏ်တော်ကြီးနဲ့ ပယ်သတ်ထားတာကြောင့် အင်မတန်စင်ကြယ်ပါတယ်။ 

❖ တပါးတည်း ဆိတ်ကွယ်ရာ နေတာတောင် မီစ္ဆာဝိတက် မရှိဘူး။ ဖိုလ်ဝင်စားလျှက် ကြည်လင်နေတယ်တဲ့။ ဒါကြောင့် စိတ်အကြံသိကြတဲ့ ဗြဟ္မာမင်းကြီးတွေ သိကြားမင်းကြီးတွေက တအံ့တသြနဲ့ ဘုရားရှင်ကို နမောတဿဂါထာကြီးနဲ့ ပူဇော်ကြတာတဲ့။ တို့လည်း ပူဇော်ကြရအောင်။ 

🙏 အရဟတော

တစ်ထောင့်ငါးရာကိလေသာတို့မှ ကင်းဝေးသန့်ရှင်းတော်မူ၍ မကောင်းမှုတရားတို့ကို ဆိတ်ကွယ်ရာ၌ပင် ပြုတော်မမူ ပြောတော်မမူ စိတ်တော်ကပင် ကြံစည်တော်မမူသဖြင့် ဗြဟ္မာနတ်လူ သုံးဘုံသူတို့၏ ပူဇော်အထူးကို ခံယူတော် မူထိုက်ပါပေထသော။

🙏 သမ္မာသမ္ဗုဒ္ဓဿ

သစ္စာလေးပါးမြတ်တရားနှင့် အလုံးစုံသောတရားတော်မြတ်တို့ကို ဆရာမကူ သယမ္ဘူဉာဏ်မြတ်ဖြင့် ကိုယ်တော်တိုင် တပ်အပ်ထင်ထင် သိမြင်တော်မူနိုင်ပါပေထသော။

🙏 တဿဘဂဝါတော

ထိုဘုန်းတော်အနန္တ ဉာဏ်တော်အနန္တ တန်ခိုးတော်အနန္တတို့နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားအား နမော ရိုသေမြတ်နိုး မာန်ညွန့်ကျိုး၍ ရှိခိုးခြင်းသည် အတ္ထုဘ၀န္တု စင်စစ်မသွေ ဖြစ်ကြပါစေကုန်သတည်း။

သာဓု သာဓု သာဓု။

ဆက်လက်ဖော်ပြပါမည်။ 

ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရားကြီး

🙏🙏🙏

၂၀၂၆ ဇူလိုင်လ ယောဂီဟောင်းတရားစခန်းတွင် ဟောကြားတော်မူခဲ့သော ဟောစဥ်(၂) #သံဝေဂတရားတော်မှ စာစီပူဇော်ပါသည်။