ဟင်းလင်းပြင်မှာ ဆူးမငြိကြဖို့

ဓမ္မဘေရီဆရာတော်
9/29/2026
ဟင်းလင်းပြင်မှာ ဆူးမငြိကြဖို့

၃ဝ.၅.၂ဝဝ၉ နေ့က USA - LA မှာရှိတဲ့ ဒေါက်တာမောင်မောင်၊ ဒေါ်မေယု မိသားစုတို့ရဲ့ ဓမ္မစက္ခု ဓမ္မာရုံမှာ ဒုလ္လဘသီလရှင်များကို ဟောပြောခဲ့တဲ့ အကြောင်းအရာ များကို အကျဉ်းချုပ် ပြန်ရေးလိုက်ပါတယ်။

          'ဒုလ္လဘ' ဆိုတာ 'ရနိုင်ခဲတဲ့အရာ'လို့ အဓိပ္ပာယ်ရပါတယ်။ ရနိုင်ခဲတဲ့အရာကို ရဖို့ဆိုတာ စွန့်နိုင်ခဲတဲ့အရာကို စွန့်ကြရတာချည်းပါပဲ။ အခု သီလရှင်ဝတ်ကြတဲ့ ဆရာကလေးတွေဆိုရင်ပဲ ခုလို ပဗ္ဗဇ္ဇိတ ဒုလ္လဘထဲမှာ အကျုံးဝင်တဲ့ သာသနာ့နွယ် ဝင်ဖြစ်ဖို့အတွက် ဆံပင်တစ်ထုံးကို အဆုံးခံ စွန့်လွှတ်ခဲ့ရတယ် မဟုတ်လား။ ပြီးရင် နေ့လွှဲ ညစာစားတာတို့၊ ပန်းနံ့သာလိမ်းကျံတာတို့ စသည်ကိုလည်း စွန့်ကြရဦးမှာပဲ။

          ဒီလိုပါပဲ ဘယ်ဒုလ္လဘမဆို စွန့်ရတာချည်းပါပဲ။ မြန်မာစကားလုံးတွဲများထဲက 'စွန့်စွန့်စားစား'ဆိုသလိုပေါ့။ စွန့်နိုင်မှ စားခွင့်ရတယ်။ မစွန့်နိုင်ရင် စားခွင့်မရဘူးဆိုတဲ့ အခွင့် အရေးမျိုးကိုပဲ ဒုလ္လဘလို့ ဆိုရတာပါ။

          ၁။ ပထမဆုံးဖြစ်တဲ့ ဗုဒ္ဓုပ္ပာဒ ဒုလ္လဘဆိုတာ ဘုရားရှင်တို့ရဲ့ စွမ်းဆောင်မှု ကြောင့်ရရှိတဲ့ ဒုလ္လဘတရားပါ။ ဒီဒုလ္လဘကို ရရှိဖို့အတွက် ပါရမီဖြည့်စဉ်ကာလ တစ်လျှောက်လုံးမှာ ဘုရားလောင်းတော်ဟာ အလွန်တရာ စွန့်နိုင်ခဲလှတဲ့

၁။ ခြေ၊ လက်၊ မျက်စိ စတဲ့ အင်္ဂါ ကြီးငယ်တွေကို     

         စွန့်လွှတ်ခြင်း (အင်္ဂပရိစ္စာဂ)

၂။ အသက်ခန္ဓာကို စွန့်လွှတ်ခြင်း (ဇီဝိတပရိစ္စာဂ)

၃။ ပစ္စည်းဥစ္စာတို့ကို စွန့်လွှတ်ခြင်း (ဓနပရိစ္စာဂ)

၄။ ပဒေသရာဇ်၊ ဧကရာဇ်မင်းတို့ရဲ့ ထီးနန်းစည်းစိမ်ကို

         စွန့်ခြင်း (ရဇ္ဇပရိစ္စာဂ)

၅။ သား၊ မယားကိုစွန့်ခြင်း (ပုတ္တဒါရ ပရိစ္စာဂ)

          ဆိုတဲ့ စွန့်ခြင်းကြီးငါးမျိုးကို စွန့်လွှတ်ပြီး ပါရမီတော်တွေကို ဖြည့်ခဲ့ရပါတယ်။ ဒီလိုစွန့်နိုင်ခဲတဲ့ အရာတွေကို စွန့်နိုင်စွမ်းရှိလို့လည်း ဘုရားလောင်းတော်ကို အာဇာနည်လို့ သတ်မှတ်ခေါ်ဆိုရတာပါ။

◽

          ၂။ 'မနုဿတ္တ ဒုလ္လဘ' လို့ခေါ်တဲ့ လူ့ဘုံလူဘဝမှာ ဖြစ်ခွင့် ရဖို့ဆိုတာလည်း သုဂတိ လူ့ဘုံနဲ့တန်အောင် စွန့်လွှတ်လှူဒါန်းခြင်းစတဲ့ ကုသိုလ်ကောင်းမှုတွေကို ပြုခဲ့ရတာပါပဲ။ ဒီနေရာမှာ နည်းနည်းပြောစရာရှိတာကတော့ တခြား သုဂတိဘုံတွေ ဖြစ်တဲ့ နတ်ပြည် နတ်ဘဝတို့၊ ဗြဟ္မာ ဘဝတို့ကိုတော့ 'ဒုလ္လဘ' လို့ မသတ်မှတ်ဘဲ၊ ဘာဖြစ်လို့ လူ့ဘုံ လူ့ဘဝကိုသာ ဒုလ္လဘလို့ သတ်မှတ်ရသလဲ ဆိုတဲ့ အချက်ပါပဲ။

          ဒါနဲ့ပတ်သက်လို့ သံတုံးကနေ ဓားဖြစ်လာပုံကို သာဓကပြတော်မူကြပါတယ်။ သံတုံးကို ဓားဖြစ်လာအောင် ပြုလုပ်တဲ့အခါ မီးနဲ့ချည်း ဆက်တိုက်ဖုတ်ထားရင်လည်း ချော်ခဲသာဖြစ်သွားမယ် ဓားမဖြစ်နိုင်ပါဘူး။ ရေနဲ့ချည်း စိမ်ထားမယ်ဆိုရင်လည်း သံချေးစားပြီး ကုန်ချင်ကုန်သွားမယ် ဓားမဖြစ်နိုင်ဘူး။ မီးနဲ့ ဖုတ်သင့်သလောက် ဖုတ် လိုက်၊ တူနဲ့ ပြုပြင်ပေးလိုက်၊ ရေနဲ့ စိမ်တန်စိမ်လိုက်လုပ်ပေးမှ အသွားထက်မြက်တဲ့ ဓားကောင်း တစ်လက်ဖြစ်သွားတာပါ။

          အဲဒီလိုပါပဲတဲ့၊ ဘဝကို တစ်ဆင့်ထက်တစ်ဆင့် မြင့်တက်ထက်မြက်ဖို့ရာမှာလည်း အပါယ်ဘုံသားများဟာ မီးနဲ့ချည်း အဖုတ်ခံထားရတဲ့ သံတုံးနဲ့တူလို့ မြင့်မြတ်ထက် မြက်ခွင့်မရနိုင်သလို နတ်ပြည်တို့၊ ဗြဟ္မပြည်တို့မှာ ဖြစ်ရတဲ့ သတ္တဝါတွေကျတော့လည်း 'ကမ္မဋ္ဌဇီဝိတ' သတ္တဝါများဖြစ်လို့ အတိတ်ကံဟောင်းရဲ့ အကျိုးတရားသက်သက်ကိုပဲမှီပြီး အသက်မွေးနိုင်ကြတဲ့အတွက် ကိုယ်စွမ်းကိုယ်စ ဘာမှ စိုက်ထုတ်ရမှုမရှိဘူး။ ရေနဲ့ချည်း စိမ်ထားတဲ့ သံတုံးလိုဖြစ်နေလို့ ကိလေသာသံချေးတွေသာ တက်ချင်တက်မယ်။ စိတ်ဓာတ်ထက်မြက်မြင့်တက်ဖို့ အတော်ခဲယဉ်းပါတယ်။

          လူ့ဘုံသားများကတော့ 'ဥဋ္ဌာနဇီဝိတ'သတ္တဝါမျိုးဖြစ်လို့ကံ၊ ဉာဏ်၊ လုံ့လတို့ စုပေါင်းကြိုးစား အသက်မွေးကြရသူတွေဖြစ်တဲ့အတွက် အကြံဉာဏ်တို့ လုံ့လတို့ အစွမ်းထက်အောင် အမြဲကြိုးစားကြရတယ်။ လူ့ဘုံဆိုတာ ငရဲဘုံလို အကုသိုလ်ကျိုး သက်သက်သာရှိတာလည်း မဟုတ်ဘူး။ နတ်ပြည်၊ ဗြဟ္မာပြည်တို့လို ကုသိုလ်ကျိုး သက်သက်သာ ထင်ရှားတာမျိုးလည်း မဟုတ်ဘူး။ အကုသိုလ်ကျိုး၊ ကုသိုလ်ကျိုး နှစ်မျိုးလုံးလည်း ထင်ရှားတယ်။ ကောင်းကျိုး၊ ဆိုးကျိုးနှစ်မျိုးစုံ ကိုယ်စားပြုတဲ့ လောကဓံ တူများနဲ့လည်း မပြတ်ထုနှက် ပြုပြင်ပေးနေတာကို ခံကြရတဲ့အတွက် လူ့ဘုံမှာ လူဖြစ်ရ တာဟာ ကျွမ်းကျင်လိမ္မာတဲ့ ပန်းပဲဆရာတစ်ဦးက မီးဖုတ်တန်ဖုတ်၊ တူနဲ့ ထုတန်ထု၊ ရေနဲ့ စိမ်တန်စိမ်ပြီး ပုံဖော်ပေးခြင်းခံရတဲ့ သံတုံးနဲ့တူတယ်။ ဒါကြောင့် အမြဲတမ်း ထက်မြက် စွန့်စား စွမ်းပကားနဲ့ ပြည့်ဝတဲ့ စိတ်ဓာတ်ရှိပါတယ်။

          'မနုဿ'ဆိုတာကိုက 'ထက်မြက်စွန့်စား၊ စွမ်းပကား၊ စိတ်ထားမြင့်တဲ့လူ'လို့ အဓိပ္ပာယ်ရပါတယ်။ ဒါကြောင့် မနုဿလူ့ဘုံမှာ လူဖြစ်ရတာကိုသာ 'ဒုလ္လဘ'လို့ သတ်မှတ်ရတာပါ။ ဘယ်လောက်အထိ စွမ်းပကား ထက်မြက်သလဲဆိုရင် သတ္တလောက အားလုံးရဲ့ အမြတ်ဆုံး အထွတ်အထိပ်ဖြစ်တဲ့ ဘုရား၊ ပစ္စေက ဗုဒ္ဓါတို့ဆိုတာ လူ့ဘုံသား များသာ ဖြစ်နိုင် ရောက်နိုင်ကြတာကို ကြည့်ရင် သဘောပေါက်လောက်ပါတယ်။

◽

          ၃။ နောက်ထပ် ဒုလ္လဘတစ်ခုကတော့ 'သဒ္ဓါစသည်နဲ့ ပြည့်စုံခြင်း' ဆိုတာပါပဲ။ အပြည့်အစုံပြောရရင်တော့ 'သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာ' ဆိုတဲ့ စိတ်ဓာတ်ခွန်အား (အတွင်းအား)ငါးမျိုး။ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ် ဆိုတဲ့အပြင် အာရုံယူ အင်္ဂါ(အပြင်အား)ငါးမျိုးတို့နဲ့ ပြည့်စုံခြင်းကို ပြောတာပါ။ အဓိကကတော့ သဒ္ဓါ စတဲ့ အတွင်းအားငါးမျိုးနဲ့ ပြည့်စုံခြင်းပေါ့။

          လောကမှာ 'ကြုံကြိုက်တယ်'ဆိုတဲ့ စကားတွဲတစ်ခု ရှိတယ်။ ကြုံတာရယ်၊ ကြိုက်တာရယ်ပေါ့။ ဘုရားရှင် ပွင့်ပေါ်ခြင်းဆိုတဲ့ ဗုဒ္ဓုပ္ပါဒ ဒုလ္လဘတရားကြီးနဲ့ ကြုံကြရ ပေမယ့် သဒ္ဓါတရားချို့တဲ့ သူများအနေနဲ့ မကြိုက်နိုင်ကြပါဘူး။ မယုံကြည်နိုင် လက်မခံ နိုင်ရုံမကဘူး။ တချို့ဆိုရင် ဘုရား၊ တရား၊ သံဃာဆိုတာကို ကြားရုံနဲ့ ဆဲချင်ကြ၊ ရိုက်ချင်ကြဆိုတာမျိုးတောင် ရှိကြပါတယ်၊ ကြုံပြီး ကြိုက်တဲ့ သဒ္ဓါတရားမျိုးဖြစ်ဖို့ ဆိုတာကလည်း 'တစ်စတစ်စ စွန့်ဝံ့မှလျှင်'ဆိုတဲ့အတိုင်း စွန့်လွှတ်မှုစိတ်ဓာတ်တွေ တဖြည်းဖြည်း မွေးမြူလာနိုင်ခဲ့လို့ပါပဲ။

◽

          ၄။ နောက်ဒုလ္လဘတစ်မျိုးက 'နိဗ္ဗာန်ကို ရည်မှန်းခြင်း'တဲ့။ ပါဠိလိုတော့ 'ပဗ္ဗဇ္ဇိတဒုလ္လဘ'လို့ ဆိုပါတယ်။ 'ပဗ္ဗဇ္ဇိတ'ကို တိုက်ရိုက် မြန်မာပြန်ရင်တော့ 'ဘဝဝဋ်ဘောင်မှ လွတ်အောင်ရုန်းထွက်ခြင်း'လို့ အဓိပ္ပာယ်ရပါတယ်။ ဒီရည်မှန်းချက်ကို အဓိကထားကြတဲ့ ရှင်အဖြစ်၊ ရဟန်းအဖြစ်၊ သီလရှင်အဖြစ် ယောဂီအဖြစ် စသည်ခံယူ ပြုလုပ်ကြတာကိုလည်း 'ပဗ္ဗဇ္ဇိတ' လို့ပဲ တင်စားခေါ်ဆိုကြပါတယ်။

          ဒါကြောင့် ဒီကနေ့ သာသနာ့နွယ်ဝင် သီလရှင်အဖြစ်ကို ခံယူကြတယ်ဆိုတာ ဟာလည်း ပဗ္ဗဇ္ဇိတဒုလ္လဘထဲ အကျုံးဝင်တဲ့အလုပ်ပါ။ ဒီလို ရခဲတဲ့ သာသနာ့နွယ်ဝင် ဒုလ္လဘ တစ်ခုကို ရရှိဖို့ဆိုတာ အခုသီလရှင် ဆရာလေးတွေ အားလုံးသိပြီးသားပါ။ မိန်းကလေးတစ်ယောက်အနေနဲ့ ဆံပင်ကို ပယ်စွန့်ပြီး ကတုံး (ခေါင်း တုံး) ရိတ်ရတာ တစ်ခုတည်းနဲ့တင် ဘယ်လောက်စွန့်ဖို့ ခဲယဉ်းတယ်ဆိုတာ ဆံပင်ကို တန်ဖိုးထားတဲ့ မိန်းကလေးတိုင်း ကိုယ်ချင်းစာကြည့်လို့ရပါတယ်။

◽

          ၅။ 'တရားစစ် တရားမှန်ကို နာယူခွင့်ရခြင်း'ကလည်း ဘယ်လောက်ရခဲတယ် ဆိုတာ တိုင်းတစ်ပါးရောက်နေတဲ့အခါမျိုးမှာ ပိုပြီး သဘောပေါက်မယ် ထင်ပါတယ်။

          ဒီငါးမျိုးထဲမှာ အခုဆရာလေးများ ရယူတဲ့ ဒုလ္လဘက (၄) ခု မြောက် ပဗ္ဗဇ္ဇိတဒုလ္လဘ ပေါ့နော်။ ဒီမှာလည်း အခု အများစု နားလည်ထားကြတာက ခုနစ်ရက်တန်သည်၊ တစ်လ၊ တစ်လခွဲတန်သည် ခေတ္တ ခဏပြုလုပ်တာကိုပဲ 'ဒုလ္လဘ' လို့ မှတ်ထင်နေကြတာ။ အမှန်ကတော့ အမြဲဝတ်သူဖြစ်စေ၊ ခေတ္တခဏ ဝတ်သူဖြစ်စေ ဝဋ်ဒုက္ခလွတ်မြောက် ရေးကိုသာ အဓိကလုပ်မယ်လို့ ခံယူဆုံးဖြတ်ပြီး လုပ်ကိုင်တာမှန်သမျှ ပဗ္ဗဇ္ဇိတဒုလ္လဘ ချည်းပါပဲ။ အမြဲဝတ်သူ များကတော့ ဒုလ္လဘအစစ်တွေပေါ့လေ။ ခေတ္တခဏသမား ကတော့ ဒုလ္လဘကို ရတယ်ဆိုရုံ ရယူသူများပေါ့။

          ဘာပဲဖြစ်ဖြစ် ပဗ္ဗဇိတဒုလ္လဘအဖြစ်ကို ရအောင်ယူတဲ့အခါမှာ ကိုယ်ယူထားတဲ့ 'ပဗ္ဗဇ္ဇိတ'ဆိုတဲ့ ဂုဏ်ပုဒ်ရဲ့ ရည်ရွယ်ချက်နဲ့ အခွင့်အရေးကို အလေးအနက် သဘော ပေါက်ကြဖို့ လိုပါတယ်။ ဘုရားရှင်ဟောပြတာကတော့ 'ပဗ္ဗဇ္ဇာ= ရှင်၊ ရဟန်း ဘဝနဲ့ အလျော်အားဖြင့် ပဗ္ဗဇ္ဇ လို့ပဲ ခေါ်ဆိုထိုက်တဲ့ သီလရှင်ဘဝ ယောဂီဘဝတို့ဆိုတာ 'အဗ္ဘောကာ သော = ကုသိုလ်တရား ပွားများအား ထုတ်ဖို့အတွက် ဟင်းလင်းပြင်ကြီး သဖွယ်ကျယ်ဝန်းတဲ့ ဘဝဖြစ်တယ်' လို့ ဆိုပါတယ်။

          ဒီတော့ ပဗ္ဗဇအဖြစ်ကို ခံယူတာ ဟာ 'ဃရာဝါသ'လို့ ခေါ်တဲ့ လူ့ကိစ္စတွေ၊ လူ့တာဝန်ဝတ္တရားတွေနဲ့ လူမှုရေးတွေ၊ မင်းရေးစိုးရေးတာဝန်တွေ ဘာမှ မရှိ,မငြိဘဲ ဓမ္မရေး သက်သက်ကိုသာ ဇောက်ချလုပ်ခွင့်ရတဲ့ဘဝ။ တစ်နည်းအားဖြင့်တော့ လူ့တာဝန်တွေ၊ လူ့သံယောဇဉ်တွေနဲ့ ထိစပ်ငြိကပ်ခြင်းမရှိတဲ့ ဟင်းလင်းပြင်ဘဝကို ခံယူတာပါ။ ဒီဘဝကို ခံယူပြီးနေတဲ့ ပုဂ္ဂိုလ်များဟာ တစ်ယောက်စာ အိပ်သာ၊ နေသာရုံလောက် နေရာကလေး မှာ နေရစေဦးတော့ သံယောဇဉ် အငြိအကပ် မရှိတဲ့အတွက် ဟင်းလင်းပြင်ကြီးလို လွတ်လပ်ကျယ်ဝန်းပါတယ်တဲ့။

          အဲဒီတော့ အခု သီလရှင်ဆရာလေးများအနေနဲ့ ကိုယ်ရောက်နေတဲ့ နေရာ ကိုယ့်ရည်ရွယ်ချက်၊ ကိုယ်အားထုတ်ရမယ့် အလုပ်တာဝန်တို့ကို ကိုယ်တိုင်အလေးအနက် အသိအမှတ်ပြုကြဖို့ အထူးလိုအပ်ပါတယ်။

          'အဗ္ဘောကာသော ပဗ္ဗဇ္ဇာ' ဆိုတဲ့အတိုင်း သီလရှင်ဝတ်နဲ့ နေတဲ့ ရက်ပိုင်းဟာ လူ့ကိစ္စ၊ လူ့သံယောဇဉ် အရှုပ်အထွေးများ မကပ်မငြိတဲ့ ဟင်းလင်းပြင်မှာ နေနေကြ တာပါ။ ဒီလိုနေခြင်းဟာ 'ဃရာဝါသ၊ ကိစ္စများမြောင်၊ လူ့ဘောင်ဆုတ်ခွာ၊ လွတ် ကြောင်းရှာဖို့ ရည်မှန်းပြီး နိက္ခမ ပါရမီကို ဖြည့်ကျင့်တဲ့သဘောလည်း ဆောင်ပါတယ်။ ကိုယ်နေနိုင်သမျှ ရက်ပိုင်းကလေးမှာ ကိုယ်အားထုတ်ရမယ့် လုပ်ငန်းတာဝန်ဆိုတာ နိက္ခမ ပါရမီမြောက်အောင် နေကြဖို့ ပြောတာပါ။

          'တည့်တည့်ပြောမှကို နားလည်မှာပါ ဘုရား' ဆိုရင်တော့ ကိုယ်နေနေတာက ဟင်းလင်းအပြင် လွင်တီးခေါင်လို့ခေါ်တဲ့ ပဗ္ဗဇ္ဇိတဒုလ္လဘ နယ်မြေဖြစ်ပြီး လုပ်နေတာက ဆဲလ်ဖုန်းတွေ တညံညံနဲ့ ကြိုးရှုပ်နေကြတဲ့ ဒုလ္လဘမျိုးတွေ ဖြစ်မနေကြဖို့ပါ။ ရှေးလူကြီးများ ဆုံးမလေ့ရှိသလိုပဲ 'တောကြောင်လုပ်မှာဆိုရင်လည်း သစ်သီးစား၊ ရွာကြောင် လုပ်မှာဆိုရင်လည်း ကြွက်ခုတ်၊ တောကြောင်မဟုတ် ရွာကြောင်မဟုတ်နဲ့ ကြိုးရှုပ်ဆူးငြိ ဖြစ်မနေကြနဲ့လို့ ပြောလိုတာပါပဲ။

   (ငြိစရာမရှိတဲ့ဟင်းလင်းပြင်မှာ

ကိုယ့်အဝတ်စ ကိုယ်နင်းပြီးလဲကျရင်လဲ

ဘယ်လောက်ရှက်စရာကောင်းမလဲဆိုတာ

စဉ်းစားသာကြည့်ကြပေါ့။)

          မှော်ဘီ ဓမ္မဒူတတောရ ကျောင်း တိုက်မှာ ဝါဆိုဦးသြဝါဒပေးတဲ့အခါနဲ့ ဒုလ္လဘ ရှင်ရဟန်းများကို သြဝါဒပေးတဲ့အခါများမှာ ပြောလေ့ရှိတဲ့ စကားကိုပဲ ဒီနေရာမှာ သီလရှင်ဆရာ လေးများကိုလည်း နိဂုံးချုပ်အနေနဲ့ ပြောလိုက်ပါဦးမယ် 'ဆံထုံးရှုပ်လို့ ဖြေရှင်းမရရင် ဆံပင်ဖြတ်ပစ်လို့ရနိုင်တယ်၊ ကတုံး(ခေါင်းတုံး) ဖြစ်လာပြီးမှ ရှုပ်ကြဦးမယ်ဆိုရင်တော့ ဖြတ်စရာဆိုလို့ ဦးခေါင်းပဲရှိတော့တယ်နော်၊ အဲဒါ သတိထား ကြ' ဆိုတာပါပဲ။ ဘုရားရှင်ကလည်း 'သီလ ဦးခေါင်းပြတ်သူတွေ မဖြစ်စေကြနဲ့' လို့ မှာကြားထားတာ ရှိတယ်။ ဒီလောက်ဆို သဘောပေါက်လောက်ပါပြီ။

          ရခဲသည်ကို ရကြပြီး 

      ရကျိုးနပ်အောင် အသုံးချတတ်တဲ့ 

     အရတော်သူများ ဖြစ်ကြပါစေ…

 🧎‍➡️🧎‍♂️‍➡️🧎🧎🏻‍♂️🌷🌹💐🤎🤍💟☸️

ဓမ္မဘေရီအရှင်ဝီရိယ၊တောင်စွန်း၊

အမှတ် ၅၆၈၊ဩဂုတ်လ၊၂၀၀၉၊

အလင်းတန်းဂျာနယ်

အမှတ် ၅၆၈၊ ဩဂုတ်လ၊ ၂၀၀၉

အလင်းတန်းဂျာနယ်