သမုတိသစ္စာလည်းအစူးမနာပါစေနဲ့ ပရမတ္ထသစ္စာလည်းနယ်မကျော်ပါစေနဲ့

ပိုင်းလော့ဆရာတော် အရှင်ဇေယျပဏ္ဍိတ
9/25/2026
သမုတိသစ္စာလည်းအစူးမနာပါစေနဲ့  ပရမတ္ထသစ္စာလည်းနယ်မကျော်ပါစေနဲ့

d❖ ဓမ္မစကြာမှာပါတာ အနှစ်ချည်းပဲနော်။ အဓိပ္ပါယ် လိုရင်းကတော့ “ယံ ကိဉ္စိ သမုဒယ ဓမ္မံ သဗ္ဗံတံ နိရောဓ ဓမ္မန္တိ”။ ဒီနေရာမှာ တနည်း ထပ်ပြောရရင်တော့ အားလုံးသိဖို့က အရေးကြီးတာက အာရုံဒွါရတိုက်သမျှ သိတဲ့သဘောမှန်သမျှ ဖြစ်ရပ်တွေအားလုံးဟာ ပြီးပြီးသားဟာ ပြန်ရပါ့မလား။ မလာတော့ဘူးနော်။ 

❖ တရားပွဲစခါစက ဘုရားရှိခိုးတဲ့ အမူအရာတွေ ပြန်လိုချင်တယ်၊ ရနိုင်ပါ့မလား။ (မရပါဘူး ဘုရား)။ တွေးရင်တော့ မပေါ်ဘူးလား။ ပေါ်တာဟာ ပြီးခဲ့တဲ့နာရီက ရုပ်နာမ်က အဟောင်းက လာပေါ်လာတား အသစ်ဖွဲ့ရင်းပျောက်တာလား။ (အသစ်ဖွဲ့ရင်းပျောက်တာပါ ဘုရား)။ ဟုတ်တယ် အဟောင်းဘယ်တော့မှ ပြန်မရနိုင်ဘူး။ 

❖ “ယံ ကိဉ္စိ သမုဒယ ဓမ္မံ သဗ္ဗံတံ နိရောဓ ဓမ္မန္တိ” ဒီစာသား အရေးကြီးတယ်နော်။ ဆိုလိုတာကတော့ ပြီးပြီးသားဖြစ်ရပ်တွေ ပြန်တွေးလို့ ပြန်ခေါ်ယူလို့ မရဘူးလို့ ဆုံးဖြတ်ချက်ချရမှာ၊ အဆုံးကိုသတ်သွားပြီ။ ပြီးဆုံးသွားပြီ။ သံသရာအဆုံးတောင် ဖြစ်နေပြီ။ တကယ်ကို ပြီးဆုံးလို့ ငြိမ်းတာပါတဲ့။ ဟန်ဆောင်တာ မဟုတ်ဘူး၊ တကယ့်အရှိ ဒါကို မြင်ကြရမှာ။ 

❖ အဲဒါကို “ယံ ကိဉ္စိ သမုဒယ ဓမ္မံ သဗ္ဗံတံ နိရောဓ ဓမ္မန္တိ” ။ စက်ဝိုင်းဒေသနာကြည့်ရအောင်နော်။ သတ္တဝါတွေမှာကတဲ့ အဝိဇ္ဇာအောက် ရောက်သွားတဲ့အခါမှာ ဉာဏ်မလာရင်ကံ၊ ဒီနေရာ အရေးကြီးဆုံးပါပဲ။ နံပါတ်(၃)အကွက်မှာ ကံဆိုတော့ သတ္တဝါထင်ထားတော့ ငါ ပေါ်တယ်၊ သူ ပေါ်တယ်။ အဲဒါကို သမုတိသစ္စာလို့ခေါ်သေးတယ်။ မှန်တော့မှန်တယ် သမုတိသစ္စာလို့ခေါ်တယ်နော်။

❖ ဒါလည်းအကျိုးပေးအနေနဲ့ တကယ်ရှိတာအမှန်တဲ့။ ဒါလည်း သစ္စာအမှန်ထဲမှာ ထည့်ထားသေးတယ်‌နော်။ ပရမတ္ထတော့ မဟုတ်ဘူး။ အဖေအမေရှိတယ်၊ ကျေးဇူးတရားတွေရှိတယ်တဲ့။ ကုသိုလ်ရဲ့ကံအရှိန် အကုသိုလ်ကံအရှိန်လည်း ရှိတယ်တဲ့။ အတိတ် အနာဂတ် ပစ္စုပ္ပန်လည်းရှိတယ်။ အကျိုးပေးတွေ ရှိတာအမှန်တဲ့။ အဲဒါက သမုတိသစ္စာခေါ်တယ်။ မှတ်ခဲ့နော်။ 

❖ နံပါတ်နှစ်အကွက် မှာတော့ သတ္တဝါပါသေးလား။ (မပါပါဘူး ဘုရား)။ ပရမတ္ထသစ္စာလို့ခေါ်ပြန်တယ်။ ဒီနေရာ အခက်ဆုံးနေရာလေးပဲ။ ဘုန်းဘုန်းတို့ တောကပြန်လာတော့ အိမ်ကိုဝင်ရတော့မယ်ဆိုတော့ တော်တော် အခက်အခဲရှိတယ်။ ဒီမှာက သတ္တဝါမရှိ၊ စကားပြောစရာမရှိ။ 

❖ ဒီဘက်(နံပါတ်သုံးအကွက်)ကူးတဲ့အခါကျတော့ ပြောရတော့မှာ။ မိဘလည်း ရိုသေရအုန်းမှာ၊ သတ္တဝါထင်ပြီးတော့လည်းပဲ စောင့်ရှောက်ရမယ်၊ ကျေးဇူးတရား တကယ်အကျိုးပေးလည်း အမှန်ရှိတယ်။ ဘယ်လိုနေရမလဲပေါ့ ဒီနှစ်ခုက။ နောက်တော့ ဘုရားရှင်ကို ပြန်အကဲခတ်ရတယ်။ ဘုရားဘယ်လိုနေသွားလဲပေါ့။ 

❖ ဘုရားရှင်က ကောသလမင်းကြီးကို မင်းကြီးပဲခေါ်တာ။ ခန္ဓာငါးပါးလို့ ခေါ်လား။ မခေါ်ဘူး။ ဝိသာခါကျောင်းအမလည်း သမီးတော် ဝိသာခါပဲခေါ်တယ်။ ခန္ဓာငါးပါးလို့ ခေါ်လား။ မခေါ်ဘူးဗျ။ အဲဒီမှာ ဘာဖြစ်တာလဲပေါ့၊ စဥ်းစားတယ်နော်။ 

❖ အဲဒါ ရှေးဆရာတော်ကြီးတွေက ဆုံးမပေးခဲ့တယ်။ သမုတိသစ္စာလည်း အစူးမနာပါစေနဲ့၊ ပရမတ္ထသစ္စာလည်း နယ်မကျော်ပါစေနဲ့။ ဆိုလိုတာကတော့ အချို့ နယ်ကျော်သွားပြီးတော့ ယောကျ်ား မိန်းမ မရှိဘူးလို့ လုပ်လိုက်တယ်။ 

❖ ရှိခဲ့ဘူးတယ် တို့ငယ်ငယ်တုန်းက ဆရာတစ်ယောက်၊ နယ်ကျော်သုံးတာတဲ့။ ဓါတ်ချည်းပဲ။ ယောက်ျားမိန်းမလည်း မရှိဘူးပေါ့။ သူနောက်မှာလည်း တပည့်တွေ အများကြီးပေါ့၊ ရိပ်သာထူထောင်တော့ သူမှ တကယ်မသိတာ တဏှာအစပ်လည်း နားမလည်ဘူးလေ။ 

❖ သွေးထဲသားထဲမှာလည်း အာသဝဓါတ်များထားတော့ ယောဂီမလေးတွေကလှတော့ နောက်ကနေ ပခုံးလေးသွားသွားကိုင်တယ်။ တွန့်လို့ရှိရင် ဓါတ်လို့မှတ် ဓါတ်လို့မှတ်။ မနိုင်တော့ဘူး။ နောက် ဖောက်ပြန်မှုတွေရှိတော့ ထောင်ပါကျကုန်တာ ရှုပ်ကုန်ကြတာ။ နယ်ကျော်သုံးရင်လည်း အန္တရာယ်များတယ်လေ။ 

❖ အစူးနာရင်လည်း ပရမတ္ထဘက် ကူးမရပြန်ဘူး။ စဥ်းစားနော် အတွေးနယ်မှာက အကောင်အထည်ကြီးပါလို့ ထင်ထားတာကြီးက မပျောက်ရင် ပရမတ္ထဘက် ကူးလို့ရပါ့မလား။ မရဘူး။ အဲဒါ အခက်ဆုံးနေရာလေးပဲ။ ပြန်ပြောမယ်နော်။ 

❖ သမုတိသစ္စာလည်း အစူးမနာပါစေနဲ့၊ ပရမတ္ထသစ္စာလည်း နယ်မကျော်ပါစေနဲ့။ အဲဒါ ဘုရားဘယ်လိုနေသွားလဲပေါ့။ အဲဒီမှာ ဘုရားရှင်က ဇာတ်တော်တွေဟောပြန်တယ်ဆိုတော့ ဘုန်းကြီးတို့ တအားတွေးရခက်တာ။ ရှင်သာရိပုတ္တရာအကြောင်းဟောရင် တစ်အင်္သေချေနဲ့ ကမ္ဘာတစ်သိန်း အထက်ကအကြောင်းတွေ ဘုရားဟောတာပဲ။ နောက်ကြောင်းတွေပေါ့နော် ဟောပေးတယ်။ 

❖ နောက် ကိုယ်တိုင်လည်း ပါရမီဖြည့်စဥ်ကာလက သုမေဓါရသေ့ကြီးအကြောင်းလည်း ဟောတယ်။ ဝေသန္တာရာဇာတ်တော်ကြီးမှာလည်း ဖြစ်ခဲ့တာ အကုန်ဟောတော့ နောက်ကြောင်းဟောတော့ကား ဘုရားရှင်က သတ္တဝါ အထည်ထင်ပြီး တကယ်ဟောတာလားလို့ မတွေးသင့်ဘူးလား။ ခက်နေပြီ။ 

❖ တချို့ အဲဒါမသိတော့ကား မပြတ်မလုပ်ကြီး တရားရှုရမယ်လို့ ထင်နေပြီပေါ့နော်။ အဲဒီလိုဆိုလည်း မသက်သာဘူး။ ဘုရားက တရားလည်းဟောသေးတယ်၊ စကားလည်းပြောသေးတယ်ဆိုတော့ ခက်နေပြီပေါ့နော်။ အဲဒီမှာ အဖြေမရတော့မှ ဆရာတော်တပါး ဘွဲ့အမည်တော့ မမှတ်မိတော့ဘူးနော် ကျေးဇူး အင်မတန်ကြီးပါတယ်။ အမိန့်ရှိသွားတယ် မွေးစားအဖေ အဖေခေါ်သလိုလို့ မှတ်ကြပါတဲ့။ 

❖ အဲဒီမှာ အဖြေရသွားတာနော်။ ဒကာတစ်ယောက်ကတဲ့ သားလိုချင်တယ်တဲ့၊ သားမရှိတော့ မျက်စိမပွင့်ခင် မွေးခါစ ကလေးလေးကို မွေးစားရင်တော့ ငါ့ကို အဖေအရင်း ထင်မှာပဲဆိုပြီးတော့ အဲဒီမှာ ရွေးချယ်ပြီးတော့ မွေးစားတယ်ပေါ့နော်။ 

❖ မိခင်ဖခင်တွေကိုတော့ မိဘအရင်းတွေကိုတော့ ပေးသင့်တာ ပေးပြီးတော့တဲ့ ထူးထူးခြားခြား တောင်းပန်ထားတာက ကျွန်တော့ဆီကိုဗျာတဲ့ မလာကြပါနဲ့။ တစ်သက်လုံး အဖေရင်းထင်အောင်လို့ပါ။ တောင်းပန်တော့ မိဘအရင်းတွေက မလာရဘူးတဲ့။ 

❖ အသက် ၂၀ လောက်အထိ ကလေးလေးက အဖေခေါ်ရင် တကယ်ကိုပဲ အသိအမှတ်ပြုခေါ်တာပေါ့။ နှစ်နှစ်ကားကားခေါ်တာပေါ့နော်။ တစ်နေ့တော့ မွေးစားအဖေ မရှိတုန်းကိုတဲ့ တစိမ်းတွေက မိဘအရင်းခေါ်လာတယ်။ မိဘအရင်းကို စာချုပ်တွေ ဓါတ်ပုံတွေပြတော့မှ အမြင်မှန်ရသွားပြီတဲ့. 

❖ သြော် အိမ်မှာရှိတာက မွေးစားအဖေပဲ သိမသွားဘူးလား။ သို့သော် အိမ်မှာ နေခဲ့ရတာကိုး။ နောက်နေ့လည်း အဖေလို့ပဲခေါ်မှာပဲ။ အဲဒီအတိုင်း ဖြစ်ရမှာတဲ့။ တို့တတွေက အခု သမုတိသစ္စာနယ်မှာ နေ့တော့ကား ဆက်ဆံ‌တော့ ဒကာ ဒကာမတွေလည်း ဒကာကြီးခေါ်ရမှာ၊ မယ်တော်လည်း မယ်တော်ခေါ်ရမှာ။ 

❖ မနက်ဖြန်အကြောင်းလည်း ပြောရမှာပဲ။ ဟုတ်ရဲ့လား။ ထမင်းချက်တာလည်း ပြောရမှာပဲလေ။ ပြောတဲ့အခါမှာတဲ့ အဆုံးတိုင် သက်ဝင်ပြီး တကယ်ပြောတာ မဖြစ်စေရဘူး။ မွေးစားအဖေ အဖေခေါ်သလိုဖြစ်ရမှာ။ ဒါ ခြားနားချက်ပဲ။ ဘာမှ မပြောဘဲနဲ့ ငြိမ်းပြီးတော့ ရှုမှတ်တာ မဟုတ်ဘူးနော်။ မွေးစားအဖေမှန်းသိသွားပြီ၊ ခေါ်တော့ ခေါ်နေမှာပဲ။ 

❖ အဲဒီမှာ မိလိန္ဒပညာမှာပါတယ်၊ မြတ်သောပုဂ္ဂိုလ် ဒီတရားသိသွားရင်တဲ့ မြတ်တဲ့ပုဂ္ဂိုလ်လို့ခေါ်တယ်။ ပါဠိလိုက အရိယာလို့ခေါ်တာ။ ဝဋ်သုံးပါးက ထွက်တဲ့ဉာဏ်ရပြီလေ။ ကုသိုလ်အင်မတန် ကြီးမားလို့နော်။ 

❖ တခါ ဒီတရားမသိတဲ့ပုဂ္ဂိုလ်ကတော့ ပုထုဇဥ်လို့ နာမည်တပ်တယ်။ ပုထုဇဥ်စကားက ပုထု ဆိုတာက များစွာကုန်သော ကိလေသာလို့ခေါ်တယ်။ နောက် ဇနေတိက ဖြစ်ပွားခြင်းတဲ့။ ဒါကြောင့် ပုထုဇဥ် ခေါ်တာဆိုတော့ ပုစ္ဆာပေါ်သမျှ ခန္ဓာမီးပေါ်သမျှ မနောပေါ်သမျှမှာ အမှောင်ဓါတ်နဲ့ကြီးပဲ ဆက်တွေးနေတာတဲ့။ ကိလေသာပဲ ပွားတိုးနေတာ။ အမြင်မှားကိလေသာအုပ်စုထဲ ပွားတိုးနေတာတဲ့။

❖ ဒုက္ခနောက်မှာ ကိလေသာက တွဲပြီ၊ တောက်လျှောက်ပွားနေတာ။ အဲဒါ ပုထုဇဥ်ခေါ်တာ။ ပုထု များစွာသောကိလေသာ အမြင်မှားတွေ ဇနေတိ ဖြစ်ပွားနေသောကြောင့် ပုထုဇဥ်တဲ့၊ တချက်မှ ခန္ဓာငါးပါးမသိဘူး၊ ခန္ဓာနိရောဓ မတွေ့ဘူး။ 

❖ နောက် ကုသိုလ်၊ အကုသိုလ်၊ အစုန်၊ အဆန်၊ နိဗ္ဗာန်လမ်းလည်း မသိဘူးတဲ့ဗျ။ အဲဒါ ပုထုဇဥ်တဲ့။ သူက တကယ်ကို ဆုပ်ကိုင်ထားတာ၊ တကယ် ထင်တားတာ။ ဘယ်မှာကွာသွားလဲဆိုတော့ လောကဓံပြင်းလို့ အပါယ်ကျလောက်အောင် ဘဝပြောင်းသွားတဲ့အခါမှာ ပုထုဇဥ်က မသိဘူး။ ကျောင်းထိုင်ဘုန်းကြီး ပြိတ္တာလိုပေါ့။ 

❖ ဒေါသဖြစ်လို့ အရမ်းကြမ်းတမ်းသွားတာ သူ မသိလိုက်ဘူး။ ပြိတ္တာဖြစ်တာတောင် မကျေနပ်တုန်းပဲ။ ပုထုဇဥ်သဘာဝနော်။ အာဃာတ မပြေဘူးတဲ့ဗျ။ 

❖ ဘုရားသာသမီးကျတော့ အဲဒီလို မဟုတ်တော့ဘူးတဲ့။ တင်းလို့ လောင်လာပြီဆိုရင် စက်တွေမှာဆိုရင် မီးအားမလွန်အောင် auto safeguard ခံထားတာပေါ့၊ မြင့်လာရင် auto ဖြတ်ပလိုက်တာ။ အားပြည့်ရင် ဖြတ်ပလိုက်တာပဲ။ အလောင်မခံဘူး။ 

❖ အဲဒီသဘောပဲ ဉာဏ်ကလက်မခံဘူး ဖြတ်ပလိုက်တာ။ ပြောရင်း‌ပြောရင်းနဲ့ သားသမီးအကြောင်း ပြောရင်းနဲ့ တအား ပူလောင်လာပြီဆိုရင် သိပြီ။ အပါယ်ဇာတိမှန်းသိသွားတော့ ဉာဏ်က လက်မခံဘူး၊ ဖြတ်ပလိုက်တာ။ အဆုံးတိုင်အောင် ဆုပ်ကိုင်မထားဘူး။ အပါယ်ကျအောင် မဆုပ်ဘူး။ လွတ်လိုက်ပြီတဲ့။ ထွက်လမ်းကို ဉာဏ်ကသွားပြီ။ အပါယ်ကျစရာ အကြောင်းကို မရှိတော့ဘူး၊ အဲဒါ ခြားနားချက်ပဲ။ 

❖ သေလောက်အောင် ခံစားရပြီဆိုရင် ပုထုဇဥ်က ငိုရယ်ပြီး မချိမဆန့်နဲ့သေသွားရတော့ အပါယ်လေးပါး သွားတော့တာ။ သေလောက်အောင် ဖြစ်လာပြီဆိုရင်တဲ့ ဘုရားသားသမီးတွေက ဉာဏ်ပေါ်လာတယ်။ ခံစားမှုအားလုံးဟာ သတ္တဝါမဟုတ်ကြောင်း ဉာဏ်ပေါ်လာပြီးတော့မှ လွတ်လိုက်ပြီ။ အပါယ်ကျအောင် မတင်းတော့ဘူး။ လျှော့နိုင်သွားပြီ။ သဘောပေါက်လား။ ဒါဆိုရင် လွတ်လမ်းပေါ်သွားပြီ။ ဒါကြောင့်မို့လို့ သောတာပတ္တိဆိုတဲ့ အရိယာများဟာ အပါယ်မကျဘူးလို့ပြောတာ။ 

ဆက်လက်ဖော်ပြပါမည်။

ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရားကြီး

🙏🙏🙏

၂၀၂၆ ဇွန်လတရားစခန်းတွင် ဟောကြားတော်မူခဲ့သော ဟောစဥ်(၁၀) #သစ္စာလေးပါးတရားတော်မှ စာစီပူဇော်ပါသည်။