သတ္တဝါတွေရဲ့ ဖြစ်စဥ်

ပိုင်းလော့ဆရာတော် အရှင်ဇေယျပဏ္ဍိတ
12/11/2026
သတ္တဝါတွေရဲ့ ဖြစ်စဥ်

❖ သဒ္ဓါတရားသည်တဲ့ ယောဆရာတော်ဘုရားကြီးက ဆုံးမပါတယ်။ ဘုရားဉာဏ်တော်ကို ယုံကြည်တဲ့သဒ္ဓါတရားသည် ကိုယ့်သန္တာန်မှာ တရားဓါတ်တွေကို တံခါးပေါက်ပဲတဲ့။ နိဗ္ဗာန်တံခါးပေါက်လို့ ပြောရတာပေါ့‌ဗျာတဲ့။ သူရှိမှသာလျှင် ကြည်လင်ပြီး စိတ်ကောင်းလေး ပေါ်လာမှာတဲ့နော်။ 

❖ မှတ်ကြပါ၊ သေချာတွေးကြပါ။ တလောကလုံးကိုခြုံပြီး ဘုရား ဟောတာပါ အားလုံးအတွက် ဟောတာနော်။ ဘာသာတစ်မျိုး အုပ်စုတစ်စုအတွက် ဟောတာဟုတ်လား။ အားလုံးအတွက်နော်။ ဖြန့်ကြည့်လိုက်ပါ၊ တစ်ကမ္ဘာလုံး တစ်လောကလုံး ဖြန့်ကြည့်လိုက်ပါ။ အခုချိန် ထိုင်တဲ့အမူအရာလေးနဲ့ စဥ်းစားလိုက်ပါ။ ထိုင်တဲ့အမူအရာနဲ့ အိပ်တဲ့အမူအရာဖယ်လိုက်၊ ဒီပုံစံမျိုးနဲ့ သတ္တဝါတွေဟာ သေနေတာ အများကြီးပဲ။ ထိုင်ရက်သေနေတဲ့သတ္တဝါ အများကြီးရှိနေပါတယ်။ 

❖ တို့တတွေမှာလည်း တခါ စကားတွေပြော တဏှာအခိုင်းခံနေရတာ။ သားအတွက် ဘာလုပ်ရအုန်းမှာ သမီးအတွက် ဘာလုပ်ရအုန်းမှာ၊ အို… အုန်းမှာ တွေ အများကြီးခိုင်းနေတာ တောက်လျှောက် အခိုင်းခံနေရတာ။ နှလုံးမအေးကြဘူး ပင်ပန်းနေကြတာ။ တွေးလိုက် တွေးလိုက် ဗြဟ္မာ့ပြည်က ဗြဟ္မာများကတော့ ထားတော့ စျာန်ပီတိနဲ့ နေတာဖြစ်သောကြောင့် သူလည်းပဲ အဝိဇ္ဇာအောက်က မလွတ်သေးဘူး။ 

❖ အရိယာပုဂ္ဂိုလ်မဟုတ်တဲ့ စျာန်သမားတွေဆို လောင်တုန်းပဲ။ ငါနဲ့။ သူ့ကျတော့ အေးလောင်တယ် ခေါ်ပါတယ်။ ဥပမာအားဖြင့် ကြက်သေတစ်ကောက်ကို ရေခဲသေတ္တာထဲမှာ ထည့်ထားလိုက်။ ပုတ်တော့ပုတ်တယ် ကြာမှ ပုတ်တာ။ အဲဒီလိုပဲ ဗြဟ္မာတွေက စျာန်သမားတွေက အဲဒီလိုပဲ ရေခဲသေတ္တာထဲကကြက်လိုပဲ အအေးဓါတ်နဲ့ထုံထားတော့ ကမ္ဘာချီ ကြာရင်ကြာတာပေါ့၊ ဒါပေမဲ့ပျင်းစရာကြီး၊ သေမှာသေမှာပဲ။ 

❖ နတ်ပြည်ခြောက်ထပ်က နတ်တွေကလည်း ဒီလိုပါပဲ ကုသိုလ်‌အအေးဓါတ်ကြောင့်မို့လို့ ဒီကကုသိုလ်တွေ စုဆောင်းပြီး နတ်ပြည်ရောက်သွားတာကိုး။ ကုသိုလ်အရှိန်နဲ့ နေကြရတာ။ ဒါတွေက ချမ်းသာလမ်းတော့ ချမ်းသာလမ်းပဲ၊ သို့သော် ဘုရားက မချီးကျူးပါဘူးတဲ့၊ ချမ်းသာတော့ လက်ခံပါတယ်။ 

❖ အသက်ကြီးတဲ့အခါ မိဘတွေ ရိုသေကြ။ အနည်းဆုံးပေါ့နော် အိပ်ယာနေရာခင်းပေးကြတယ်။ စောင်လေးခေါက်ပေးကြတယ်။ အိုတော့ မလုပ်နိုင်ကြဘူး။ ချစ်တဲ့စိတ်နဲ့ သြော် ငါ့အမေ ငါ့အဖေ သက်သာပါစေ။ မပင်ပန်းအောင်လို့။ အိပ်ယာသိမ်းပေးကြ၊ လျှော်ဖွတ်ပေးကြ၊ သန့်သန့်ရှင်းရှင်း လုပ်ပေးကြ။ အဝတ်တွေလျှော်ပေးကြ။ 

❖ စားစရာဆိုလည်း အဝေးကြီးသွားဝယ်၊ ကြိုက်တာလေးတွေ ပြင်ဆင်ပြီးတော့ ရှေ့မှာ နတ်များဖန်ဆင်းသကဲ့သို့ပဲ စိတ်တိုင်းကျ လှူကြတန်းကြ ကျွေးကြမွေးကြ၊ တချို့ အရိုးထွင်ပေးကြ။ မိဘကို ရိုရိုသေသေနဲ့ ကန်တော့ကြနဲ့ ပြုစုတဲ့ပုဂ္ဂိုလ်တွေဟာ အဲဒီသတ္တိအရှိန်တွေက အတွေးအားလုံးသည် ကိုယ့်ရဲ့အနာဂတ်မျိုးစေ့ပေါ့။ နတ်တော့ အသာလေးဖြစ်ပါတယ်။

❖ မသေခင်လည်းပဲ ကြီးရင် နတ်လိုပဲ နေရမှာပဲ၊ ချမ်းသာတာပေါ့။ နတ်ပြည်ကျတော့ မင်းကွန်းဆရာတော်ဘုရားကြီးဟောတာ မှတ်သားရတယ် ကံက ဆောက်ပေးတာပေါ့ဗျာ ဗိမာန်ပေါက်ပြီးသားတဲ့။ ဆေးသုတ်စရာမလိုဘူး အရောင်တောက်ပြီးရင်း တောက်ရင်းပဲတဲ့။ 

❖ ကုသိုလ်တဲ့ဗျ။ အရှိန်အဟုန်ကြောင့် အဝတ်အစားလည်း လဲစရာမလိုဘူး အ‌ရောင်တောက်ပြီးရင်း တောက်ရင်းနဲ့ နတ်တစ်ပါးက တအားတောက်ရင် ဒါ နတ်သက်ကြာပြီလို့ သိရမယ်တဲ့။ ကုသိုလ်အရှိန်က အားကောင်းတာတဲ့နော်။ အစားအစာဆိုလည်း စိတ်က ညွှတ်တိုင်းပြီးတာတဲ့။ မိဘက ပုံဖော်တာကို ဖြစ်ချင်တာကို အ‌ကောင်အထည်ဖော်ပေး ပျော်သောကြောင့် သူက ပုံဖော်တိုင်း ရတာပေါ့။ 

❖ စိတ်က ဒါလေးစားချင်တယ် ပုံဖော်တာလေးကို မတောင်းဘဲနဲ့ ကြိုက်တတ်တာလေး ပေးပြောရင် နည်းတဲ့အားမှတ်လို့။ ကိုယ်လည်း စားချင်တာ စိတ်ကညွှတ်တိုင်း မရနိုင်ဘူးလား။ ရတာ။ ငွေလည်း ငွေမို့လို့နော်။ မိဘကိုလည်း ငွေတွေ ပုံပြီး ထည့်ပေးထားရတယ်။ လူကြီးတွေက ငွေရှိရင်ပျော်တယ်၊ ငွေမရှိရင် အားနည်းတော့ ထည့်ထားရတယ်။ 

❖ သုံးချင်တာသုံး ထည့်ထားပြီးတော့ ပျော်တဲ့ပီတိစားရင် ကိုယ်လည်းပဲ စိတ်တိုင်းကျပေါ့၊ ငွေနဲ့ပတ်သက်တာ ပူစရာလိုပါ့မလား။ အဲဒီအားတွေ ထည့်ရမှာ။ နတ်ဖြစ်သော်လည်းပဲ မှတ်ပါအုန်း၊ နတ်ကျတော့ ဥပပတ္တိဘဝလို့ခေါ်တယ်။ ဥပါဒ် ဌီ ဘင် ခနငယ်၊ ဥပါဒ်အခိုက်မှာ ဘွားကနဲ အင်္ဂါအစုံပေါ်တာ။ ကံအရှိန်ကြောင့် ဖြစ်တာနော်။ နတ်သက်ရှည်ပါတယ်တဲ့၊ သို့သော် သူလည်းပဲ ရေခဲသေတ္တာထဲက ကြက်လိုပါပဲ ကြာတော့ ပုတ်တာပေါ့။ 

❖ အခုလည်းပဲ ကုသိုလ်အရှိန်ကုန်သွားတော့ နတ်သက်ကြွေတာပါပဲ။ ဥပါဒ်မပါ သေတဲ့အခါ ခန္ဓာကြွင်းမရှိ။ ခန္ဓာကိုယ်ပျောက်ထွက်သွားတာတဲ့နော်။ နတ်သတ်ကြွေတာပါပဲတဲ့။ ဒါတောင်မှ တခါတလေ အပျော်အပါးလွန်လို့ရှိရင် အကုသိုလ် အကျိုးပေး တိုက်ရိုက်တောင် ငရဲကျနိုင်တာ။ ရှိပါတယ် နတ်သားတပါး၊ နတ်သမီး တစ်ဖက် ၅၀၀ နဲ့တဲ့။

❖ တို့အဖို့ နတ်ပြည်က ပျင်းစရာကောင်းတယ်။ တို့အမြင်နဲ့တော့ ပျင်းစရာတကယ်ကောင်းတာ။ ဘာမှမရှိတာ အလွန်အားတာကိုး စီးပွားရှာစရာမလိုဘူးလေ၊ ကျန်းလည်းကျန်းမာတော့ စီစဥ်တာ ဒီကနေ့တဲ့ ဥယျာဥ်ထဲမှာ နတ်သားက နတ်ပန်းခြွေပေးမယ်၊ နတ်သမီးတွေက ပန်းကုံးသီမယ်၊ နတ်သားကို ပန်းကုံးစွပ်မယ်တဲ့။ 

❖ ဘုန်းဘုန်းက တွေးကြည့်ပြီး ပျင်းစရာကောင်းလိုက်တာပေါ့နော်။ အဲဒါ သီချင်းတွေဆိုပြီး နတ်ပန်းခြွေ ပန်းကုံးသီနေရင်းနဲ့ တစ်ဖက် ၅၀၀ က ရုတ်တရက် ပျောက်သွားတာတဲ့။ ပျောက်သွားတော့ ကြည့်လိုက်တော့ကား ငရဲကျနေပြီ။ သူ့ကိုယ်သူ ပြန်ကြည့်တော့ သူလည်းပဲ ခုနစ်ရက်နေရင် ကျတော့မှာဆိုတော့ တအားကြောက်တော့တာပဲ။ စိတ်မချရဘူးနော်။

❖ အဲဒီမှာ ဘုရားထံရောက်လာပြီးတော့မှ တရားတောင်းတော့မှ နာညတြဂါထာနဲ့ ဘုရားတရားဟောတော့မှ သောတာပန်ဖြစ်ပြီး သက်သာသွားကြတာ။ ကြားရဖူးတယ်ပေါ့နော်။ နတ်ပြည်လည်း စိတ်မချရပါဘူး။ ဘယ်ဘဝရရ နောက်ဆုံးပိတ် အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ တွေ့ထိစရာ မနောကျတော့ ငါးမျိုးလုံးပေါ့၊ လောင်တာပါပဲတဲ့။ ခန္ဓာမီးလောင်မနေဘူးလား။ 

❖ ဒါတွေကိုပဲ အဝိဇ္ဇာ အမှောင်ဖုံးတော့ အရိပ်အကောင်ထင်ပြီးတော့ အမှိုက်မီးလိုပဲ လောင်နေကြတာ။ အေးလောင်တာ ပူလောင်တာ ဒါပဲရှိပါတယ်။ အို နာ သေ လွတ်ပါ့မလား။ မလွတ်ဘူး။ နတ်ပြည်လည်း ခုချိန်မှာ နတ်သား နတ်သမီး ဒါပဲ လုပ်နေကြတာပါပဲ။ ပျင်းစရာကြီးပေါ့နော်။ အသက်ကလည်း ရှည်ရှည်ကြီး တော်တော်နဲ့ မသေနိုင်ဘူး။ ဒါပေမဲ့ လောင်နေတာပဲ။ မှတ်ထားနော်။ 

❖ ဗြဟ္မာများလည်း ပီတိနဲ့ငြိမ်ပြီးတော့ နေရတာ။ ဒါလည်း လောင်တယ်ပဲခေါ်တယ်။ ခန္ဓာမီးလောင်တုန်းပဲ။ အဲဒီတော့ ဘယ်ဘဝမှ မကောင်းဘူးလို့ နားလည်ရမယ်။ လွတ်ချင်တဲ့စိတ် မရှိသင့်ဘူးလား။ (ရှိသင့်ပါတယ် ဘုရား)။ 

❖ တို့တတွေ အားလုံးဟာ မှတ်ပါအုန်း ဘုရားကဟောပါတယ် ကုသိုလ်အရှိန်ကြောင့်ဗျာတဲ့ သံသရာမှာ စကြာမင်းလည်း အကြိမ်ကြိမ်ဖြစ်ခဲ့ပြီးပြီ။ စကြာမင်းရဲ့ မိဖုရားလည်း အကြိမ်ကြိမ်ဖြစ်ခဲ့ပြီးပြီတဲ့ဗျ၊ အကြိမ်များခဲ့ပြီ။ နတ်မင်းလည်း ဖြစ်ခဲ့ပြီးပြီ၊ နတ်မိဖုရားလည်း ဖြစ်ခဲ့ပြီးပြီ၊ ဗြဟ္မာလည်း ဖြစ်ခဲ့ပြီးပြီ၊ အပါယ်လေးပါးလည်း ကျခဲ့ပြီးပြီ။ ငရဲ တိရစ္ဆာန် ပြိတ္တာ အသူရကယ် ဖြစ်ခဲ့ပြီးပြီတဲ့။ ပင်ပန်းလှပြီ။ စဥ်းစားကြ။ 

❖ အခု တွေ့မြင်နေရတဲ့ ချမ်းသာ ကြည့်လို့ရှိရင် စိတ်ဝင်စားစရာ မဟုတ်ဘူးတဲ့။ ရိုးနေပြီတဲ့၊ ငါ ကိုယ်တိုင် ခံစားပြီးသားလို့ မှတ်ပါတဲ့။ ဒုက္ခိတဖြစ်တာ ခွေးလေးကားတိုက်သွားတာကြည့်ပြီးတော့ သနားပါတယ် မလုပ်နဲ့၊ ကိုယ်တိုင် အဲဒီအတိုင်း ဖြစ်ခဲ့ပြီးပြီလို့ တွေးပါတဲ့။ တောင်းစားတဲ့ သူတောင်းစားတွေ ကြည့်လည်းပဲ ကိုယ်တိုင်ဖြစ်ခဲ့ပြီးပြီလို့ မှတ်လိုက်တော့တဲ့။ ဘုရားအ‌လောင်းတော်ကြီးဆိုရင် သူတောင်းစား ဖြစ်ခဲ့ဘူးတယ်လေ။ 

❖ အပါယ်လေးပါးကျခဲ့ပြီးတော့ အနိဋ္ဌာရုံ ဣဋ္ဌာရုံ တွေ့သမျှအားလုံးကြည့်လို့ရှိရင် ငါ ကိုယ်တိုင် ဖြစ်ခဲ့ပြီးသားလို့သာ တွေးပါတဲ့။ သူဌေးလည်းပဲ အားကျမနေနဲ့ ရိုးနေပြီ။ ချမ်းသာလေလေ တွေးရလေလေ ပင်ပန်းလေလေပဲ။ ပစ္စည်းတွေကို မလျော့အောင် ထိန်းသိမ်းဖို့ တွေးရတာ မနားမှ မနားရတာကို။ အထုတ်ကြီးလေ ဖြေရခက်လေ ပင်ပန်းလေပဲလေ။ 

❖ ခန္ဓာကိုယ်နဲ့ ဥစ္စာတွေဟာတဲ့ ရန်သူမျိုးငါးပါးနဲ့ ဆက်ဆံနေတာတဲ့။ စောင့်ရှောက်နေရတာ။ ကုသိုလ်ရှိရင်တော့ သက်သာတာပေါ့။ ကုသိုလ်မရှိရင် လွယ်ပါ့မလား။ ကုသိုလ်နဲ့သွားရတာ။ သို့သော်တဲ့ ဘယ်လောက်ပဲ ချမ်းသာချမ်းသာ နောက်ဆုံးဖိတ် အသက်တစ်ခါရှူတစ်ခါထုတ်မှာ နတ်ကောလူကော အားလုံးပါပဲ ငယ်တာလား အိုလာတာလား။ အို နာ သေ ဘက်ကို သွားနေတာ။ ရောဂါဖြစ်မယ် သေမှာနော်။ 

❖ ဒါကြောင့်မို့လို့ အရမ်းမအိုခင် မနာခင် မသေခင်မှာ ဉာဏ်ကောင်းတုန်းကိုတဲ့ တဖန်ဇာတိမလာအောင် ဝဋ်သုံးပါးက လွတ်မှဖြစ်မှာလို့ လွတ်တဲ့တရားကို မရှာသင့်ဘူးလား။ ရှာသင့်တာပေါ့။ ချမ်းသာတာလည်း စိတ်ဝင်စားစရာ မရှိပါဘူး၊ ရိုးနေပါပြီ။ သို့သော် ကုသိုလ်အရှိန်ကတော့ ပေးမှာပေါ့။ 

❖ သို့သော် ဘယ်လောက်ပဲ ချမ်းသာချမ်းသာ စဥ်းစား စားတော့လည်း ဗိုက်က အရမ်းပြည့်တာ မကောင်းဘူးနော်။ ဝမ်းလေးဝရုံ စားရတာ။ ဒီထက်ပိုစားလို့ရပါ့မလား။ ပိုစား ရောဂါဖြစ်မှာနော်။ အိပ်တော့လည်း ကျောတစ်နေရာ တကိုယ်စာလေးပဲ အိပ်ရတာ။ ဟုတ်ရဲ့လား။ ပြီးတော့ အကုန်လုံး ထားခဲ့ရတာလေ။ 

❖ ရှိတယ် ရှိတယ်ဆိုတာ မှတ်ထား၊ အတွေးနဲ့ ပီတိစားတာပဲရှိတယ်။ လေ ဝါးစားသလို ဘာမှလည်း အနှစ်သာရ ဟုတ်တာ မဟုတ်ဘူး။ ပုံဖော်ကြည့်ပါ့လား ငါ့မှာ အိမ်ရှိတယ်၊ ကားရှိတယ်၊ စီးပွားရှိတယ်။ လျှောက်တွေးရင် တွေးလို့မပေါ်ဘူးလား။ လေဝါးစားသလိုပဲ အိပ်မက်လိုပဲ ဘာမှ ဟုတ်တာ မဟုတ်ဘူး။ 

❖ အဲဒါ ပီတိစားပြီးတော့ အဝိဇ္ဇာ တဏှာက တရားဟောပြီ။ ရွေးချယ်လိုက်အုန်း၊ ဘာလုပ်လိုက်အုန်းနဲ့ မပြီးတော့ဘူးလေ။ အချိန်ပေးရင်းပေးရင်းနဲ့ သူက သေခြင်းတရားကို မေ့အောင် ဖုံးထားတာ၊ သေမှာ မပြဘူး။ တော်ကြာသေလိမ့်မယ်ဆိုတာ သူက မညွှန်းဘူးဗျာ။ မေ့အောင် ဖုံးထားတာ။ 

❖ သေခြင်းတရားက ကျိန်းသေလာမှာ။ ရောဂါဖြစ်မှာလည်း ဖုံးထားတယ်။ လာလိမ့်မယ် ရောဂါဖြစ်လိမ့်မယ်လည်း မပြောဘူးဗျ။ ယောဆရာတော်ကြီး သေချာစဥ်းစားပြီး ဟောနေတာနော်။ သေခြင်းတရားကလည်း စောင့်နေတာဗျာ၊ သေမှာ ကျိန်းသေပဲ။ သဘောပေါက်လား။ အဲဒါကို မမြင်အောင် ဖုံးထားပြီးတော့ကားတဲ့ ပျော်နေလိုက်ကြတာ။ 

❖ ဖြစ်ချင်တာမဖြစ်ရင်လည်း ပူလိုက်ကြ၊ ငိုလိုက်ကြနဲ့ ရှုပ်ယှက်ခတ်နေတာပဲ။ အဲဒါ သတ္တဝါတွေရဲ့ ဖြစ်စဥ်ပဲတဲ့။ အမှောင်ဖုံးထားလို့ ဖြစ်ရတာ။ ဒါကို အိုးခြင်းဆင်းရဲ၊ နာခြင်းဆင်းရဲ မမေ့ပါနဲ့တဲ့။ တော်ကြာရင်း ရုတ်တရက်သေသွားတဲ့ ပုဂ္ဂိုလ်တွေ တွေးလိုက်အုန်းနော်။ သေနိုင်တာလည်း စဥ်းစားထားရတယ်။ မသေခင်မှာ လွတ်တဲ့တရား ရထားရင် မကောင်းဘူးလား။ 

ဆက်လက်ဖော်ပြပါမည်။ 

ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရားကြီး

🙏🙏🙏

၂၀၂၆ ဇူလိုင်လ ယောဂီဟောင်းတရားစခန်းတွင် ဟောကြားတော်မူခဲ့သော ဟောစဥ်(၂) #သံဝေဂတရားတော်မှ စာစီပူဇော်ပါသည်။