★ ကိုယ့်ဘဝမှာ ကိုယ်ကြိုးစားခဲ့တဲ့ အရာတစ်ခု၊ ကြိုးစားမှုကို အဓိကထားပြီးတော့ အာရုံစိုက်ပေးပါ၊ တွေးပေးပါ။ ရလဒ်ကို ဒုတိယထား၊ ကြိုးစားမှုကို ဦးစားပေး။ အဲဒီလိုတွေးတဲ့အကျင့်လေး ရလာတော့လေ ဘုန်းဘုန်း အောက်စဖို့ဒ်ဆရာတော် စာမေးပွဲကျဖူးတဲ့ဟာ၊ စာမေးပွဲကျဖူးတဲ့အကြောင်း ပြန်တွေးပြီးတော့ သြော်… အဲဒီနှစ်လည်း အများကြီးကြိုးစားတာပဲ။
★ စာမေးပွဲကျတဲ့အကြောင်းပြောတာ နံပါတ်တစ်၊ မရှက်တော့ဘူး။ နံပါတ်နှစ် အဲဒီနှစ်က အပြစ်အနာဆာ ချို့ယွင်းချက်တွေ လိုက်ရှာပြီးတော့ ကိုယ့်ကိုယ်ကိုယ် တစ်သက်လုံး ဒဏ်ပေးတဲလူ မလုပ်တော့ဘူး။ မဟုတ်ရင် အခု ၆၂ ဆို၊ အသက် ၁၄နှစ်က စာမေးပွဲကျခဲ့တဲ့ဟာ၊ ၆၄ နှစ်အထိ ကိုယ့်ကိုယ်ကိုယ် မကျေမချမ်း ဖြစ်နေတယ်ဆိုရင် ဘယ်နှစ်နှစ်ကိုယ့်ကို ဒဏ်ပေးတုံး။ နှစ် ၅၀။ ပုဒ်မကြီးထက် ပိုကြီးတယ်နော်။ ပုဒ်မကြီးထက်တောင် ပိုလေးနေတာ အဲဒီအပြစ်က နှစ် ၅၀။
★ အဲဒါတင်မကဘူး၊ နောက်သံသရာအထိ၊ နောက်ဘဝအထိ၊ အကျင့်ပါတယ်။ အာသေဝနပစ္စယော။ အကုသလောဓမ္မော အကုသလဿဓမ္မဿ အာသေဝနပစ္စယေန ပစ္စယော။ negative အတွေးဆိုတဲ့ အကြောင်းက negative ဆိုတဲ့ အကျိုးဖြစ်စေတယ်။ အဆိပ်ပင် အကြောင်းက၊ နောက် အဆိပ်ပင်တစ်ပင်ကို ဖြစ်စေတယ်ဆိုတော့ အဆိပ်ပင်က အဆိပ်ပင်ကို ဖြစ်စေတယ်။ အကျင့်ဖြစ်သွားလို့။
★ မနေ့က တစ်နေကုန်စိုးရိမ်ခဲ့ရင် ဒီနေ့ စိုးရိမ်ဖို့အတွက် သိပ်အားမထုတ်ရတော့ဘူး။ စိုးရိမ်မှု ကိုယ်က ကျွမ်းကျင်သွားပြီလေ။ expert ဖြစ်သွားပြီ၊ ကျွမ်းကျင်တဲ့သူ ဖြစ်သွားပြီ။ သုံးလေးကြိမ်လောက် သူငယ်ချင်းနဲ့ တွေးပြီးတော့လေ တခြားလူတစ်ယောက်ရဲ့ ချို့ယွင်းချက်ကို အတင်းပြောကြည့်၊ နောက်တစ်ခါ အဲဒီသူငယ်ချင်းနဲ့တွေ့ရင် လူတစ်ယောက်ရဲ့အကြောင်းကို အတင်းပြောဖို့အတွက် သိပ်ကြီး အားမထုတ်ရတော့ဘူး။
★ ကြင်တော်ယန်မှာ ဥပုသ်နေ့ဆိုရင် ဒီမှာ သီလပွဲရှိတယ်။ သီလပွဲသာ ကိုယ်က အားစိုက်ရတာ။ အတင်းပြောတဲ့ပွဲက အားမစိုက်ရဘူး။ ဘယ်နေရာဖြစ်ဖြစ် အားမစိုက်ရဘူး။ တရားစခန်းသွားဝင်တဲ့လူဆိုရင် သုံးရက်မြောက်လောက်ဆိုရင် ထွက်ပြေးချင်ကြတယ်။
★ အတင်းပြောတဲ့ဝိုင်းမှာလေ ထိုင်မိပြီးတော့ ထွက်ပြေးချင်တဲ့စိတ်က ရှားတယ်နော်။ ထွက်ပြေးချင်တဲ့စိတ်ဖြစ်ရင် အဲဒီစိတ်က အရမ်းကောင်းတယ်။ အတင်းပြောတာ ဝန်ထုပ်ဝန်ပိုး ဖြစ်မှန်း သိလာပြီလေ။
★ ဒါကြောင့် အခု မုဒိတာအတွေးတွေ ပွားများမယ်။ နံပါတ်တစ် ကိုယ်အကောင်းဆုံး ကြိုးစားခဲ့တာတစ်ခုကို အသေးစိပ်လေး ပြန်တွေးပေးပါ။ ဘယ်လိုအခက်အခဲတွေ ကြုံခဲ့တယ်။ အဲဒီအခက်အခဲတွေ ကြုံတဲ့အခါမှာ ငါ အကောင်းဆုံးဖြစ်အောင် ကြိုးစားခဲ့တယ်။ တစ်ခု။ နောက်တစ်ခုကတော့ ကိုယ့်မိဘရဲ့ ကြိုးစားတာ၊ အသိအမှတ်ပြုပေးပါ။ ခါတိုင်းလို မိဘကို ကျေးဇူးတင်တဲ့ပုံစံမျိုးနဲ့ ဘုန်းဘုန်း တွေးခိုင်းတာ မဟုတ်ပါဘူး။
★ ခိုင်းတိုင်းကျတော့ မိဘကို ကျေးဇူးတင်တယ်ဆိုတာ မိဘက ကိုယ်ဖုန်းလိုချင်လို့ iphone နောက်ဆုံးပေါ် ၁၇၊ ၁၈ အဲဒီဟာလေး လိုချင်လို့ မိဘကဝယ်ပေးလို့ ကျေးဇူးတင်တယ်ဆိုတာ ဒီဟာကြီးက အပေးအယူလိုဖြစ်နေတယ်။ မိဘက မဝယ်ပေးဘူးဆိုရင် ကျေးဇူးမတင်တော့ဘူး။ ကျေးဇူးမတင်ရုံတင်မကဘူး စိတ်တောင်ကောက်လိုက်သေးတယ်။
★ အပေးအယူဆိုတဲ့ အတွေးအခေါ်နဲ့ ချဥ်းကပ်တာကိုး။ အဲဒီရှုထောင့်ကနေ မချဥ်းကပ်ဘဲနဲ့ မိဘရဲ့ကြိုးစားမှု အဲဒီဟာလေးကို အသိအမှတ်ပြုပေးပါ။ ပါးပါး မားမားတို့ ငယ်ငယ်တုန်းက ဘယ်လိုကြိုးစားတုန်း။ ၈တန်း ၉တန်းတုန်းက ဘယ်လို ကြိုးစားတုန်း။
★ ဆိုရှယ်လစ်ခေတ်မှာ ဘယ်လို စီးပွားရေးကြိုးစားတုံး။ အန်းကုံးတွေ အန်းမားတွေ သူတို့ငယ်ငယ်တုန်း ဘယ်လိုကြိုးစားတုံး။ အဲဒါတွေမေးပြီးတော့ အဲဒါတွေ တကယ်ကြိုးစားခဲ့တာပါလားဆိုပြီး အသိအမှတ်ပြုပါ။ အားကျပါ။ ကြိုးစားမှုကို အဓိက။
★ မြတ်စွာဘုရားက “သေဒါဝက္ခိတ္တေဟိ ဓမ္မိကေဟိ ဓမ္မလဒ္ဓေဟိ” - ချွေးဒီးဒီကျအောင် ကြိုးစားတာကို ချီးမွမ်းတော်မူတယ်။ ဆိုလိုတာက ကြိုးစားမှုကို ချီးမွမ်းတယ်။ အောင်မြင်မှုမတွေးဘူးလားဆို တွေးတယ်။ အောင်မြင်မှုတွေးတဲ့လူက သူများနဲ့ နှိုင်းယှဥ်တတ်တတ်တော့ အောင်မြင်မှုကို လျှော့ပြီးတော့ တွေးပါတဲ့။ အောင်မြင်အောင် ကြိုးစားခဲ့တဲ့အပိုင်းကို ပိုတွေးပေးပါ။
★ ဘယ်ဟာကို အောင်မြင်ခဲ့တုန်း၊ အဲဒီအောင်မြင်မှုရဲ့နောက်မှာ ရှိခဲ့တဲ့ကြိုးစားမှု၊ အဲဒီဟာလေးကို တွေးပေးပါ။ အသိအမှတ်ပြုပေးပါ။ အောင်မြင်မှု မတွေးနဲ့လို့ မဟုတ်ဘူး။ မျှပြီးတော့ တွေးခိုင်းတာ ၈၀ ရာခိုင်နှုန်းက ကြိုးစားမှုဆိုတာ အင်္ဂလိပ်လိုကတော့ process လို့ခေါ်တာပေါ့။ ကြိုးစားမှု ဖြစ်စဥ်လေး။
★ စာမေးပွဲအောင်အောင်ဆိုရင် တစ်နှစ်လုံး ကြိုးစားခဲ့တဲ့ဟာ၊ အဲဒီဟာလေးကို ပြန်စဥ်းစားကြည့်။ ဘယ်နှစ်လ ကျောင်းတက်ခဲ့တယ်၊ နေ့စဥ် နေ့စဥ် ဘယ်လိုကျောင်းသွားတယ်။ အလုပ်ဆိုရင်လည်း ကိုယ့်လုပ်ငန်းခွင်မှာ ဒီဟာအောင်မြင်လာဖို့အတွက် ဘယ်နှစ်လ ဘယ်နှစ်ပတ် ဘယ်နှစ်နှစ်ကြိုးစားခဲ့တယ်။ အဲဒီကြိုးစားခဲ့တဲ့ဖြစ်စဥ်လေးကို ပြန်သတိရပေးပါ။
★ ကြိုးစားမှုကျတော့ ဒီလို တစ်ရက်ပြီးတစ်ရက် ရွှေ့ပြောင်းနေတဲ့အခါကျတော့ ကိုယ့်ရဲ့စိတ်က တစ်နေရာတည်းမှာ ပုံရိပ်သွားပြီးတော့ ဆွဲပြီးတော့ မဖော်ဘူး။ အတွေ့အကြုံတစ်ခုတည်းကို တွေးပြီးတော့ ပုံရိပ်ဖော်ရင် အတ္တဖြစ်တတ်တယ်တဲ့၊ ငါ ဖြစ်တတ်တယ်။ အမြဲတမ်းရွေ့လျားနေတဲ့ ကြိုးစားမှုကို ဂရုစိုက်တဲ့အခါကျတော့ ဒီလိုကြိုးစားလို့ ဒီလိုဖြစ်လာတာပါလားဆိုတဲ့ အကြောင်း အကျိုး အသိဉာဏ်၊ အကြောင်းအကျိုးနဲ့ တွေးတတ်တဲ့ အကျင့်လေး ရလာတယ်တဲ့။
★ ဒါကြောင့်မို့လို့ ရလဒ်ထက် process ကို ပိုဦးစားပေးပါဆိုတော့ 80/20 စောစောပိုင်းက ရေးတဲ့ဟာ ၈၀ နဲ့ ၂၀ ရာခိုင်နှုန်းထဲမှာ ၈၀ ရာခိုင်နှုန်းက ကြိုးစားမှု၊ ၂၀ ရာခိုင်နှုန်းက အောင်မြင်မှု အဲဒီလိုလေး တွေးပေးရင် စိတ်ပိုပြီးတော့ ကျန်းမာတယ်။
ဆက်လက်ဖော်ပြပါမည်။
ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော်
ပါမောက္ခ ဒေါက်တာအရှင်ဓမ္မသာမိ
🙏🙏🙏
(၈.၁၀.၂၀၂၆) မန္တလေးမြို့ ကြင်းတော်ယန်ဗုဒ္ဓဘာသာကျောင်းတွင် ဟောကြားတော်မူခဲ့သော “အရေးအကြောင်းနဲ့ဆိုရင် မုဒိတာစိတ်ထားအမြင် အားကိုးလို့ရသလား? - Is Appreciative Mindset of Any Use in Critical Situations?” တရားသင်တန်း (ဒုတိယအချိန်) တရားတော်မှ စာစီပူဇော်ပါသည်။

