ဘုရားရှင်နေ့စဥ်ဟောတဲ့ သံဝေဂ ကထာ

ပိုင်းလော့ဆရာတော် အရှင်ဇေယျပဏ္ဍိတ
10/11/2026
 ဘုရားရှင်နေ့စဥ်ဟောတဲ့ သံဝေဂ ကထာ

❖ သီလအကျဥ်းပဲ ဆောက်တည်မယ်နော်။ အားလုံးပဲ တစ်ခေါက်လိုက်ဆိုပေးကြနော်။ 

❝အဟံဘန္တေ တိသရေဏသဟ အာဇီဝဋ္ဌမကသီလံ သမာဒိယာမိ။❞

အရှင်ဘုရား တပည့်တော်တို့သည် ဘုရား၊ တရား၊ သံဃာ ရတနာမြတ်သုံးပါးကို ဆင်းရဲကင်းပျောက် ချမ်းသာရောက်အောင် စောင့်ရှောက်တတ်သော ကိုးကွယ်ရာဟူ၍ အသက်ထက်ဆုံး မှီဝဲဆည်းကပ် သိမှတ်ပါသည်ဘုရား။ ရှစ်ပါးသော အာဇီဝ သီလတော်မြတ်ကိုလည်း ကောင်းစွာ ဆောက်တည်ပါသည်ဘုရား။ 

တပည့်တော်တို့သည် တပါးသူ၏အသက်ကို သေစေလိုသောစိတ်ဖြင့် သတ်ဖြတ်ခြင်းမှ ရှောင်ကြဥ်ပါမည် ဘုရား။

ပိုင်ရှင်မပေးသော ဥစ္စာပစ္စည်းတို့ကို ခိုးယူခြင်းမှ ရှောင်ကြဥ်ပါမည် ဘုရား။

❖ ဒီမှာလည်း ကျင့်စဥ်လေးပါပါတယ်။ မင်းကွန်းဆရာတော်ဘုရားကြီးရဲ့ ရွတ်ဖတ်ပုံကို ကြည်ညိုပြီး ပညာပေးသွားတာ တွေ့ရပါတယ်။ ပိဋကတ်သုံးပုံကို အလွတ်ရွတ်ဆိုပြီး အာဂုံဆောင်တဲ့အချိန်မှာ ဆရာတော်ကြီးတွေက တူတဲ့ဂါထာတွေက အများကြီးရှိတာမို့ တူတဲ့ဂါထာတွေကို ရမှန်းသိပါပြီတဲ့။ ကျော်လိုက်ပါတဲ့။ ဆရာတော်ကြီးက တောင်းပန်တယ်။ မကျော်ပါရစေနဲ့ ဘုရားတဲ့။ ဘာဖြစ်လို့လဲ ကိုယ်တော်လေးဆိုတော့ ဆရာတော်ကြီးအဲဒီတုန်းက ၄၂နှစ်ပဲ ရှိသေးတယ်။ 

❖ သက်တော် ၈၀ ဆရာတော်ကြီးတွေက မေးတာတဲ့။ မှန်ပါ့ဘုရားတဲ့ ဘုရားတပည့်တော်က ဘွဲ့လိုချင်လို့ ဂုဏ်လိုချင်လို့ ရွတ်တာ မဟုတ်ပါဘူးတဲ့။ ဖဘုရားစကားတော်ကို အသက်နဲ့ ပူဇော်နေတာပါ ဘုရား၊ တစ်လုံးမှ မကျော်ပါရစေနဲ့လို့ တောင်းပန်တယ်တဲ့။ ဆရာတော်ကြီးရွတ်တဲ့အခါမှာ အံ့သြစရာကောင်းတာ စိတ်နဲ့စာဖတ်သလို တစ်လုံးချင်းကြည်ညိုစွာ ရွတ်ဖတ်ပူဇော်သွားတာ တွေ့ရတယ်။ 

❖ တို့များလည်းပဲ သီလယူတဲ့အခါမှာ ဘုရားစကားဖြစ်တာကြောင့် တစ်လုံးချင်းကို ထဲထဲဝင်ဝင် စိတ်ဝင်စားပြီး ပီတိဖြစ်ကြပါ။ တရားဟောဆရာလည်း ဒီတိုင်းသွားပါ၊ ကျင့်ကြပါ။ 

(၁) တပည့်တော်တို့သည် တပါးသူ၏အသက်ကို သေစေလိုသောစိတ်ဖြင့် သတ်ဖြတ်ခြင်းမှ ရှောင်ကြဥ်ပါမည် ဘုရား။

❖ ပီတိစားနော် အင်မတန်ကောင်းတဲ့ အနှစ်သာရရှိတဲ့အာဟာရအဆီစားရသလိုပဲ သက်ရှည်ကျန်းမာစေတဲ့ ဓါတ်ကြီးတဲ့။ နတ်ရောလူရောချစ်တဲ့ဓါတ်ကြီးပါပါတယ်။ မေတ္တာလည်းပွားရတယ်။ 

(၂) တပည့်တော်တို့သည် ပိုင်ရှင်မပေးသော ဥစ္စာပစ္စည်းတို့ကို ခိုးယူခြင်းမှလည်း ရှောင်ကြဥ်ပါမည် ဘုရား။

(၃) တပည့်တော်တို့သည် မမြတ်သော မေထုံအမှုတို့ကို ပြုကျင့်ခြင်းမှလည်း ရှောင်ကြဥ်ပါမည် ဘုရား။

❖ ပီတိစားကြပါ။ ဘုရား အရိယာ သူတော်ကောင်းတို့ စောင့်စည်းကြတယ်လို့ ပီတိဖြစ်နော်။ 

(၄) တပည့်တော်တို့သည် မဟုတ်မမှန် လိမ်ညာ၍ ပြောဆိုခြင်းကိုလည်း ရှောင်ကြဥ်ပါမည် ဘုရား။

(၅) နှစ်ဦးသားတို့အကြား ချစ်ခြင်းကို ပျက်ပြယ်စေသော အတင်းစကား ဂုန်းစကားတို့ကို ပြောဆိုခြင်းမှလည်း ရှောင်ကြဥ်ပါမည် ဘုရား။

(၆) ကြမ်းတမ်းရိုင်းပြသော စကားတို့ကို ပြောဆိုခြင်းမှလည်း ရှောင်ကြဥ်ပါမည် ဘုရား။

(၇) နိဗ္ဗာန်၏ ဆန့်ကျင်ဖီလာ ကောင်းကျိုးမဲ့ သိမ်ဖျင်းသောစကားတို့ကို ပြောဆိုခြင်းမှလည်း ရှောင်ကြဥ်ပါမည် ဘုရား။

❖ မှားယွင်းသော အသက်မွေးမှုကို မွေးမြူခြင်းမှ ဆိုတဲ့ နောက်ဆုံးသီလက တော်တော်မြင့်ပါတယ်။ ရှေ့က ကာယကံ ၃ ပါး၊ ဝစီကံ ၄ ပါး စောင့်စည်းတဲ့အပြင်တဲ့၊ အသက်ရှူတာဟာ အသက်မွေးခြင်းရဲ့ အရင်းခံတဲ့။ ဘယ်လောက်ပဲ ကောင်းတာတွေ စားနိုင်စားနိုင် အသက်မရှူနိုင်ရင် သေမှာပေါ့။ ရှူဆဲထုတ်ဆဲ အချိန်လေးမှာ လောဘနဲ့ရှူလည်း မစင်ကြယ်ပါဘူး။ ဒေါသ မာနဆိုလည်း မစင်ကြယ်ပါဘူး။ ဣဿာ မစ္ဆရိယနဲ့ဆိုလည်း မစင်ကြယ်ပါဘူး။ 

❖ အစင်ကြယ်ဆုံးကတော့ တရားရှုမှတ်တဲ့အခါမှာ သင်္ခါရ မြင်တော့မှ အင်မတန်စင်ကြယ်တဲ့ အသက်မွေးခြင်းလို့ မှတ်သားရမယ်။ ဒီသီလက မြင့်ပါတယ်။ 

(၈) တပည့်တော်တို့သည် မှားယွင်းသော အသက်မွေးမှုကို မွေးမြူခြင်းမှလည်း ရှောင်ကြဥ်ပါမည် ဘုရား။

ရှစ်ပါးသော အရိယာသူတော်ကောင်းတို့ စောင့်စည်းအပ်သော သီလတော်ကို ကောင်းစွာ ဆောက်တည်ပါသည် ဘုရား။ 

အပ္ပမာဒေန သမ္ပာဒေထ။

(အာမန္တေပါ အရှင်ဘုရား)။

❖ သက်သာသလို ပြောင်းထိုင်ကြနော်။ အောက်မှာထိုင်ရတာနာရင် ခုံနဲ့ထိုင်နာကြနော်။ သက်သာအောင်နေကြနော်။ ဓါတ်လေးပါးဆိုတာ မြွေလေးကောင်ပဲတဲ့ဗျ၊ သတ်တတ်တဲ့မြွေလေးကောင်။ ထိုင်ပါများလာရင် အောက်က အာရုံကြောတွေကို ပျဥ်ပြားကအမာဆိုတော့ ဖိရင် ထုံတာ ကျင်တာ ပေါ်လာတာကို ပေမထိုင်နဲ့။ လေဖြတ်တတ်တယ်နော်။ 

❖ တချို့ဆို ရှိတယ်ဗျ၊ စင်ကာပူနိုင်ငံမှာဆိုရင် အောက်ပိုင်းတွေချိသွားတာတွေ၊ ရောဂါဖြစ်လို့သွားရင် တရားထိုင်တာများမှန်းသိတယ်၊ ဆရာဝန်တွေက။ မလှုပ်မယှက်ထိုင်ပါများတော့ ဖိပါများတော့ ဓါတ်လေးပါးက မျက်နှာ မလိုက်ဘူးနော်။ ဉာဏ်နဲ့လုပ်ကြပါ။ ပြောင်းသင့်ပြောင်းကြရမှာနော်။ သက်သာသာနေကြပါ။ ဒီနေ့ကျန်းမာရေးရော ကောင်းကြရဲ့လား။ မိုးနည်းနည်းအေးတယ်နော်။ အစားအသောက်လည်း ဆင်ခြင်ကြ၊ ရေချိုးလည်း ဆင်ခြင်ကြ။ ဂုတ်တွေ ခေါင်းတွေ အအေးမခံနဲ့ အအေးပတ်ရင် ဖျားတတ်တယ်နော်။ ဂရုစိုက်ကြနော်။ ဆက်ကြရအောင်။

❖ ဘုရားရှင်နေ့စဥ်ဟောတဲ့ သံဝေဂ ကထာတဲ့။ သံဝေဂဉာဏ်နဲ့ ယှဥ်ပြီးတော့ ဘုရားက နေ့တိုင်းဟောတာလို့ သိရပါတယ်။

အို နာ သေ သို့ မောင်းနှင်ပို့

လူတို့မမြဲပါတကား…

ခိုးကိုးရာမဲ့ တွယ်ရာမဲ့

အားနွဲ့လှခေါပါတကား…

ကိုယ်ပိုင်ဥစ္စာ မရှိပါ

ထားကာသွားရမှာပါလား တကား…

လိုမပြည့်ဝ အားမရ

တဏှာ့ကျွန်ချည်းပါတကား…။

❖ ဘုရားရှင်က သိတော်မူပါတယ်တဲ့။ တို့တတွေက အဝိဇ္ဇာဖုံးတဲ့အခါ သူက လက်ဦးထားတော့ တွေးစရာပေါ်တဲ့ အတွေးနယ်မှာဆိုရင်တဲ့ ‌နောက်စိတ်က အမှောင်ဖုံးတော့ကား အကောင်အထည်သတ္တဝါလို့ ထင်မနေဘူးလား။ အခုထိုင်နေတဲ့ ခန္ဓာကိုယ်ကို သတိထားကြနော်။ ဒီကိုယ်လုံးကြီးနဲ့ ကိုယ့်ရဲ့စီးပွားဥစ္စာတွေ အိုးတွေအိမ်တွေက မျက်မြင်အားဖြင့် ကြိုးတွေတွယ်ထားတာ ရှိလား။ မရှိပါဘူး။ 

❖ ဒါပေမဲ့လို့ အတွေးပဲ ဆက်ထားတာနော်။ မျက်နှာအမူအရာပေါ်တာကို ငါလို့ ထင်တဲ့အပြင်၊ ငါ့အိမ်လို့ ချုပ်စပ်ထားတယ်။ အာရုံကပ်ငြိပြီးတော့ ချုပ်စပ်ထားတယ်။ ငါ့သမီးရှိတယ်၊ ငါ့သားရှိတယ်။ ငါ့စီးပွားရှိတယ်နဲ့၊ ချုပ်စပ်ပြီးတော့ အဲဒီအတွက်ကို စီမံတာ။ တဏှာတရားဟောတယ်ခေါ်တယ်။ 

❖ ဘယ်လုပ်ငန်းက ဘယ်လိုချဲ့၊ ချဲ့ရမှာနဲ့ လိုမပြည့်ဝ ဆိုတာမှန်တယ်တဲ့။ ရှေတုန်းက ရဟန်းအစ်မ တစ်ယောက်၊ အုတ်စက်လုပ်ငန်းလုပ်တာ။ အခုတော့ သေသွားပါပြိ။ ပထမတော့ ရှာရဖွေရခက်တယ်၊ ဆင်းလည်းဆင်းရဲတယ်။ ချီးရငှါးရနဲ့ လုပ်ရတာပေါ့။ ဘုန်းဘုန်းရယ် လေးငါးဆယ်သိန်းရရင် မနည်ဘူး။ တော်ပါပြီတဲ့ ဘဏ်မှာအပ်ထားပြီး အဘိုးကြီးအဘွားကြီးနှစ်ယောက် အေးအေးဆေးနေတော့မယ်။ 

❖ စီးပွားရှာရင် ကုသိုလ်နဲ့သွားရတာနော်။ ကုသိုလ်နဲ့တွဲပြီးတော့ ပီတိစား၊ အုတ်စက်မှာ မေတ္တာတွေပို့ကြ။ အဓိဋ္ဌာန်တွေတင်နဲ့။ စီးပွားရှာလို့ရှိရင် သာသနာနဲ့တွဲထားလို့ရှိရင် စီးပွားမကျပါဘူး။ မြတ်တဲ့အထဲက အချိုးကျလှူမယ်၊ သာသနာအတွက်လှူမယ်လို့ ဂွင်ချပြီးတော့ နတ်တွေအပ်ပေါ့နော်။ အောင်ပါတယ်။ အောင်တော့ကား၊ ငွေကများသွားတော့ ထပ်ချဲ့ပြန်တယ်။ 

❖ မြေကွက်တွေထပ်ဝယ်၊ အုတ်စက်အတွက် ထင်းတွေဝယ်။ ထင်းသယ်တဲ့ကားပါ ထပ်ဝယ်။ တစ်နှစ်တစ်နှစ် တိုးတိုးသွားတာ။ တော်ပြီ တော်ပြီ စကားလေး ပါမလာတော့ဘူး။ ဆယ်သိန်းရရင် တော်ပါပြီ ဘုန်းဘုန်းရယ်ဆိုတာ သိန်းတစ်ရာလည်း မတော်နိုင်၊ နှစ်ရာလည်း မ‌တော်နိုင်၊ သေသာသွားရော တော်တဲ့စကားမပါတော့ဘူး။ စီးပွားက ကြီးကြီးလာတော့ကား ချဲ့လို့ မပြီးနိုင်ဘူး။ 

❖ လိုအပ်ချက်တွေက စဥ်းစားရင် နည်းလားများလား။ (များပါတယ် ဘုရား)။ မြေကွက်ရ တစ်ကွက်က နှစ်ကွက်၊ သုံးကွက်။ ဘာဝယ်အုန်းမှနဲ့ မဆုံးနိုင်တော့ဘူး။ အဲဒီအတွေးနယ်မှာပဲ မင်းသေမယ်လို့ အမိန့်ပေးတဲ့စကားပါလား။ မင်းသေနိုင်ပါတယ်လို့ တွေးတဲ့စကားပါလား။ မပါဘူး။ အဝိဇ္ဇာ တဏှာက အဲဒါမပြောဘူး၊ အမှောင်ဖုံးတော့နော် ငါ ထင်ထားတာ အဲဒီစကားမပေးဘူး။ 

❖ သဒ္ဓါတရားလို့ခေါ်တယ်တဲ့၊ ဘုရားတရားနာတော့မှ ဘုရားစကားယုံကြည်တော့မှ သစ္စာ အမှန်သိတဲ့ပုဂ္ဂိုလ်က သဒ္ဓါတရားနဲ့ကျတော့ အဲဒီစကားကို ပြန်ပြောပေးတယ်။ မင်း လောဘကြီးမနေနဲ့၊ ရုတ်တရက်သေနိုင်တယ်။ မင်းအတွက် စိတ်ချရပလား ဆိုတဲ့ မေးခွန်းက သဒ္ဓါတရားလို့ခေါ်တယ်။ သဒ္ဓါတရားတဲ့။ ဘုရားတရားနာတော့မှ သြော် ဟုတ်လိုက်တာလို့ ယုံကြည်ထားတော့မှ အဲဒီစကားကို ဘုန်းဘုန်း ပြန်ပြီး ဆုံးမနိုင်တာ။ 

❖ ရုတ်တရက်သေရင် မင်းမှာ စိတ်ချရပလား ဆိုတဲ့ မေးခွန်းကို ပြန်မေးနိုင်ရင် သဒ္ဓါတရားလို့ နာမည်ပေးပါတယ်။ မှတ်ခဲ့နော်။ အဝိဇ္ဇာ တဏှာ အုပ်စုကတော့ ချဲ့ရင်း ချဲ့ရင်းပဲ သေတာ မပြောပါဘူး။ အားလုံးက ဘုရားပေးတဲ့ ဉာဏ်ရတော့မှ သြော်… သေခြင်းတရားရှိပါလားလို့ အမှန်မြင်တော့မှ အချိန်မရွေးသေနိုင်တယ်လို့ အကြိမ်ကြိမ် ဆုံးမပေးပါတယ်။ 

ဆက်လက်ဖော်ပြပါမည်။ 

ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရားကြီး

🙏🙏🙏

၂၀၂၆ ဇူလိုင်လ ယောဂီဟောင်းတရားစခန်းတွင် ဟောကြားတော်မူခဲ့သော ဟောစဥ်(၂) #သံဝေဂတရားတော်မှ စာစီပူဇော်ပါသည်။