နေ့စဥ်ထားရမယ့် စိတ်ထားအမြင်

အောက်စဖို့ဒ်ဆရာတော် ဒေါက်တာဓမ္မသာမိ
10/3/2026
နေ့စဥ်ထားရမယ့် စိတ်ထားအမြင်

★ ဒီနေ့ညတရားကို နိုင်ငံခြားမှာ အလုပ်လုပ်နေကြတဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားများ၊ အခု ကိုရီးယားနိုင်ငံမှ မဟုတ်ပါဘူး တခြားနိုင်ငံတွေ၊ အရှေ့တောင်အာရှရော၊ ဟိုး အိန္ဒိယလို တောင်အာရှနိုင်ငံရော၊ တရုတ်ပြည်၊ ပြီးတော့ ကိုရီးယား၊ ဂျပန်၊ အဲဒီလို အရှေ့အာရှ နိုင်ငံတွေရော ဥရောပနဲ့ အမေရိကားမှရောက်ရှိနေတဲ့ မြန်မာလူမျိုးတွေရော ရည်ရွယ်ပြီးတော့ နေ့စဥ် ဘယ်လိုစိတ်ထားရမယ်၊ ဒီစိတ်ထားနဲ့ ဘယ်လိုတိုးတက်နိုင်တယ်။ 

★ ကျန်းမာရေးရော ကိုယ်ကျန်းမာရေး၊ စိတ်ကျန်းမာရေး ဘယ်လိုတိုးတက်နိုင်တယ်၊ နောက်ပြီးရင် ရှေ့တက်လမ်း ဘယ်လိုတိုးတက်နိုင်တယ် ဆိုတဲ့ဟာလေးကို လိုရင်း တိုချင်း နေ့စဥ် အသုံးချနိုင်အောင် ဘုန်းဘုန်း ဒီနေ့ညတရားဆင်ခြင်တဲ့အနေနဲ့ တရားဆွေးနွေးပေးမယ်။ ပြီးရင် အကျင့်လည်းရသွားအောင် နည်းနည်းလေးလည်း ၆ မိနစ်၊ ၇ မိနစ်လောက်လည်း တရားထိုင်ကြမယ်။ 

★ အဲဒီတော့ နိုင်ငံခြားရောက်တဲ့အခါမှာ တို့ မြန်မာနိုင်ငံသူနိုင်ငံသား နိုင်ငံခြားမှာ သွားပြီးတော့ ရင်းနှီးမြှုပ်နှံတဲ့အနေအထားမျိုး၊ အများစုက လုံးဝမရှိသေးဘူး။ ရှိတဲ့လူက ရှိရင်လည်း တကယ့်ကိုမှ တကယ့်လူနည်းစုဖြစ်မယ်။ အများစုကတော့ တို့တွေ နိုင်ငံခြားမှာ အောက်ခြေကနေစပြီးတော့ တည်ဆောက်ရတဲ့ အနေအထားမှာရှိတယ်။ 

★ ဘုန်းဘုန်းအနေနဲ့ဆိုရင် နောက်နှစ် ၂၀၂၇ ကျရင် နိုင်ငံခြားမှာ သာသနာပြုတာ နှစ် ၄၀၊ ပြည်တွင်းကိုပြန်ပြီးတော့ ဝါဆိုတာ ၆နှစ် ၇နှစ်ပဲ ရှိပါသေးတယ်။ နိုင်ငံခြားမှာ ကျောင်းတွေရှိတဲ့အခါကျတော့ နိုင်ငံခြားကိုကြွပြီးတော့ နှစ်စဥ် နှစ်စဥ် သာသနာပြုတဲ့ဟာ၊ အရင်တုန်းကတော့ နိုင်ငံခြားမှာပဲ တောက်လျှောက်နေခဲ့တယ်ပေါ့။ 

★ အင်္ဂလန်မှာ ဆက်တိုက် ၂၄နှစ် နေခဲ့တယ်။ တခြားနိုင်ငံတွေ သီရိလင်္ကာတို့၊ ထိုင်းတို့မှာလည်း နေခဲ့တယ်။ အဲဒီတော့ ပြည်ပရောက်နေတဲ့ နိုင်ငံသူ နိုင်ငံသားတွေရဲ့ဘဝ၊ ဘုန်းဘုန်း သိသင့်သလောက် သိရတယ်ပေါ့နော်။ အကုန်လုံးတော့ မသိရဘူး။ အဓိကတော့ ကိုယ်က သူများနိုင်ငံမှာ သူများရဲ့ ဆရာဝန်ဆိုလည်း သူများရဲ့ ဆေးရုံ၊ အင်ဂျင်နီယာဆိုရင်လည်း သူများရဲ့စက်ရုံ၊ သူများရဲ့ ကုမ္ပဏီမှာ အဲဒီမှာ ကိုယ်က ဝင်လုပ်ရတယ်။ 

★ ဒီနေရာမှာ စိတ်ထားတတ်တယ်ဆိုရင် ကိုယ့်အတွက်လည်း စိတ်သိပ်မညစ်ဘူး။ စိတ်မထားတတ်ရင် စိတ်ညစ်စရာ။ တချို့ နိုင်ငံတော့ မပြောတော့ပါဘူး၊ ဘုန်းဘုန်းရောက်သွားတဲ့အခါမှာ ဆရာတော် ဒီလူတွေက ဘယ်သူ၊ ဒီနိုင်ငံသားတွေက တပည့်တော်တို့ ရွှေမြန်မာတွေကို ဘယ်လိုနှိမ်တယ်၊ ဘယ်လိုဖြစ်တယ်။ အဲဒီလို။

★ အဲဒီလိုဖြစ်တဲ့အခါကျတော့ နဂိုတည်းက သူများအထင်သေးတဲ့စိတ် ရှိချင်ရှိနိုင်တယ်။ bias ဖြစ်တဲ့ ဘက်လိုက်ပြီးတော့ တို့ကို ကြည့်တယ်ဆိုရင် ဒါမျိုးတွေက ကြုံနိုင်တယ်။ ဘာဖြစ်လို့တုန်းဆိုတော့ စရိုက်ကို ကောင်းကောင်းမသိတဲ့အခါကျတော့ အဲဒီလိုဖြစ်တာပေါ့။ 

★ အဲဒီတော့ ဘယ်လိုလုပ်ရမှာတုံးဆို ကိုယ်က အကောင်းကိုယုံကြည်ပြီးတော့ ဒီကောင်းမှုပေါ်မှာ ကောင်းတဲ့အရည်အသွေးပေါ်မှာ အခြေခံပြီးတော့ တိုးတက်အောင်လုပ်မယ်ဆိုတဲ့ ယုံကြည်မှု ထားရှိရမယ်။ အဲဒီယုံကြည်မှုက ဒီတိုင်းဆိုရင်တော့ အကြာကြီးမခံဘူး။ ထားလိုက်ရင်း ကိုယ့်အပေါ်မှာ မတရားဘူးလို့ထင်တဲ့ အတွေ့အကြုံတွေနဲ့တွေ့လာရင် အဲဒီယုံကြည်မှုကတွေက ကြက်ပျောက်ငှက်ပျောက်ပျောက်တာပဲ။ 

★ မိဘ ဆရာသမားတွေ ကောင်းကောင်းမွန်မွန် ဆုံးမခဲ့တာပဲ။ ဒါပေမဲ့ လုပ်ငန်းခွင်မှာ မတရားဘူးလို့ ကိုယ့်ကိုယ်ကိုယ် စိတ်ထဲမှာ မြင်မိရင်လေ စိတ်ထဲမှာ သည်းခံတာတောင်မှ အကြာကြီး မသည်းခံနိုင်ဘူး။ အကောင်းမြင်ဝါဒကလည်း အဲဒီလိုပဲ၊ ပျောက်ပျက်သွားတယ်။ အကောင်းမြင်ဝါဒပျောက်ပျက်တာ သူများရဲ့ အပြုအမူကြောင့် ကိုယ့်ရဲ့အကောင်းမြင်ဝါဒ ပျောက်ပျက်သွားတယ်ဆိုရင် တကယ်ထိတာ ဘယ်သူက ထိတာတုန်းဆို ကိုယ်က ပိုထိတာ။ 

★ သူတို့ကို စိတ်နာတယ်၊ သူတို့ကို စိတ်ဆိုးတယ်။ စိတ်ဆိုးတဲ့အခါမှာ ကိုယ်က စိတ်ဆိုးတာလေ၊ ပထမဆုံး ကိုယ်ကနေ ခံရတယ်။ ကိုယ်စိတ်ဆိုးတဲ့အခါမှာ ကိုယ့်ရဲ့နှလုံးက သူ အလုပ်ပိုလုပ်ရတယ်။ ဦးနှောက်က အလုပ်ပိုလုပ်ရတယ်။ ရှိတဲ့ အင်နာဂျီတွေကို ပိုသုံးရတယ်။ အဲဒီပုံစံမျိုးနဲ့ စခန်းသွားရင် စိတ်ကအရမ်းကို ပင်ပန်းလွယ်တယ်။ 

★ အလုပ်လုပ်တာထက် အလုပ်ထဲမှာ အသုံးပြုရတဲ့အင်အားထက် ဒေါသဖြစ်တဲ့အတွက်ကြောင့်မို့လို့ အသုံးပြုရတဲ့အင်အားက စိတ်အင်အားပိုပြီးတော့ ကုန်ဆုံးတယ်။ အဲဒါကြောင့်မို့လို့ စိတ်က အရမ်းပင်ပန်းသွားပြီဆိုရင် ဘာနဲ့တူတုံး။ တခါစိတ်ဆိုးရင် တော်ရိုင်းတိရစ္ဆာန်ကို သတိမထားမိဘဲနဲ့ တောထဲမှာ ရုတ်တရက် ကြုံတွေ့မိလို့ ထွက်ပြေးရတယ်၊ အသက်လွတ်အောင် ထွက်ပြေးရသလို အဲဒီလို အင်အားကိုအသုံးပြုပြီးတော့ ထွက်ပြေးရတယ်။

★ ကိုယ့်ရဲ့ ဦးနှောက် amygdala ဆိုတဲ့ ဦးနှောက်၊ နောက်က ဦးနှောက် အန္တရာယ်ကို သတိထားတဲ့ဦးနှောက်၊ စူစမ်းရှာဖွေတဲ့ဦးနှောက်၊ ကာကွယ်တဲ့ဦးနှောက်၊ အဲဒီဦးနှောက် ခဏခဏအလုပ်လုပ်ရတယ်။ မြွေလေးတွေ့လိုက် ကျားလေးတွေ့လိုက်၊ ထွက်ပြေးရတယ်။ ဒေါသတစ်ခါဖြစ်ရင် တစ်ခါ ထွက်ပြေးတာနဲ့တူတယ်။ 

★ ထွက်ပြေးပြီးရင် လွတ်သွားပြီဆိုရင် ဘာလုပ်ရတုံး၊ ပြန်ပြီးတော့ recover ဖြစ်အောင် အနားယူရတယ်။ ဒါပေမဲ့ အနားယူလို့ အမောမပြေခင်မှာ နောက်ထပ် တောရိုင်းတိရစ္ဆာန်တစ်‌ကောင် ထပ်ပြီးတော့ ပေါ်လာရင်ဘယ်လိုလုပ်တုံး၊ ထပ်ပြေးရတယ်။ 

★ အဲဒီလို တစ်နေ့မှာ နှစ်ကြိမ်သုံးကြိမ်ပြေးရရင် အဲဒီလူ တော်တော်နဲ့ အမောမပြေတော့ဘူး။ လုပ်ငန်းခွင်မှာ တစ်နေ့ကို နှစ်ကြိမ်သုံးကြိမ် ဒေါသဖြစ်ရင် အိမ်ရောက်တဲ့အခါမှာ တော်တော်နဲ့ အမောမပြေနိုင်ဘူး။ အိပ်ပျော်ပေမဲ့ ဒေါသဖြစ်တဲ့ ရက်တွေ ဆက်လာပြီဆိုရင် ဘာဖြစ်တုံး၊ အိပ်တော့ပျော်တယ် ဒါပေမဲ့ နိုးလာတဲ့အခါမှာ ဒီလောက်အားမရှိဘူးထင်ရတယ်၊ အိပ်ရေးမဝသလို ခံစားရတယ်။ ဒါ ဒေါသဖြစ်တာ။ 

★ ဒါဖြင့် အဲဒီအခြေအနေကို ကိုယ်က ပြောင်းလဲအောင်လည်း မလုပ်နိုင်ဘူး။ ကိုယ့်စက်ရုံမဟုတ်ဘူး၊ ကိုယ့်ရဲ့ ကုမ္ပဏီ မဟုတ်ဘူး။ ကိုယ့်နိုင်ငံ မဟုတ်ဘူး။ ဒါဖြင့် ကိုယ် ဘယ်လိုလုပ်ရမှာတုံးဆို အခြေအနေကို ပြောင်းလဲအောင် မလုပ်နိုင်ခင်မှာ အဲဒီအခြေအနေကိုကြည့်တဲ့အမြင်ကို ပြောင်းလဲအောင် လုပ်ရမယ်။ 

★ မိုးရွာတာ မကြိုက်ဘူးဆိုရင် မိုးရွာလို့ ဘယ်လိုအသုံးကျတယ်၊ မိုးရေ ဘယ်လိုအသုံးကျတယ်ဆိုတဲ့ အမြင်ကို ပြောင်းလိုက်။ အဲဒါဆိုရင် မိုးရွာတဲ့အခါမှာ စိတ်ညစ်ပြီးတော့ မလိုအပ်ဘဲနဲ့ ဖြုန်းနေတဲ့အင်အားတွေ ဖြုန်းတီးမှုနည်းသွားမှာပေါ့။ အင်အားသုံးတာတော့ လုပ်ငန်းမှာသုံးတာ၊ ဘုန်းဘုန်းတို့ သုံးနိုင်တယ်။ ဒါပေမဲ့ ဖြုန်းတဲ့ဟာ ပိုပြီးတော့ လူကိုပင်ပန်းစေတယ်။

ဆက်လက်ဖော်ပြပါမည်။

ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော်

ပါမောက္ခ ‌ဒေါက်တာအရှင်ဓမ္မသာမိ

🙏🙏🙏

(၇.၉.၂၀၂၆) ကိုရီးယားနိုင်ငံ အောက်စဖို့ဒ်ဗုဒ္ဓဝိဟာရ တွင် ဟောကြားတော်မူခဲ့သောတရားတော်မှ စာစီပူဇော်ပါသည်။