logo

သစ္စာပါရမီ

ဓမ္မရိပ်သာ

ဆွဲအားများရင်များသလောက် ခိုင်မြဲတယ်

ပိုင်းလော့ဆရာတော် အရှင်ဇေယျပဏ္ဍိတ
7/30/2026
ဆွဲအားများရင်များသလောက် ခိုင်မြဲတယ်

❖ နောက်တစ်ပါးကျတော့ အဝတ်အထည်ပေါတဲ့ တိဿသာမဏေလေး ရှိသေးတယ်။ ကိုရင်လေးဘဝမှာ ဆောင်းတွင်းဘက် လှည့်ပြီးသွားရင်းနဲ့ ကျောင်းထဲမှာ လှည့်တော့ သံဃာအိုကြီးတွေ အချို့က သင်္ကန်းမရှိတော့ မီးလှုံကြတာကိုး။ သူက မသိဘူး။ မီးလှုံကြတယ်ဆိုတာကို သူက မသိဘူး။ သူက သင်္ကန်းပေါတဲ့ ကိုရင်လေးကိုး။ 

❖ အရှင်ဘုရားတို့ ဘာလို့ မီးလှုံတာလဲဘုရားလို့ မေးတော့ သြော်… မောင်ရင်လေးရယ် တို့က ဘုန်းကံမရှိဘူးလေ သင်္ကန်းမှ မရှိတာ။ သူက စိတ်ထဲမှာ လှူချင်ပေးချင်တော့တာ။ မနက်ကျ လိုက်ခဲ့ဘုရားတဲ့ တပည့်တော် အလှုခံပေးမယ်ဘုရား၊ သူ့ကိုယ်သူ ယုံကြည်နေတာတဲ့။ အဲ့တာ ငါးရာတောင် ပင့်သွားတာတဲ့။ 

❖ မြို့ထဲမှာ တိုက်တိုက်ဆိုင်ဆိုင်ဘဲတဲ့ အထည်ကုန်သည် ရောက်နေတာတဲ့။ ဘေးကနေ ဝိုင်းပြောတယ်၊ သိမ်းထားဖွက်ထားတဲ့ ကိုရင်လေးလာရင် ကုန်သွားလိမ့်မယ်ဆိုတော့ ကိုရင်လေးက လုသလားဆိုတော့ မလုပါဘူးတဲ့။ လှူချင်မှ လှူလို့ရတယ်မလားဆိုတော့ ဟုတ်တယ်ဆို ဒါဆို ထားလိုက်တော့တဲ့။ 

❖ ကြွလည်းလာရော အို ဆွဲအားက အားကောင်းတော့ ချစ်လိုက်တာတဲ့။ ရှိသမျှအကုန် ပုံလှူချင်စိတ်ပေါက်တော့ ဖွက်ထားတဲ့ သိန်းတန်တဲ့ အထည်သုံးထည်ကို ကိုရင်လေး ခြေရင်းချပြီး နဖူးနဲ့ ခြေထောက်ထိ လှူတာဘဲတဲ့။ ကျန်တဲ့ သံဃာအကုန် ရတယ်တဲ့။ သူ့မှာလည်း ပိုလျှံနေတာတဲ့။ အံ့သြစရာကောင်းတာ တကယ်ဖြစ်ခဲ့တာ။ 

❖ အဲဒါ ဘာကြောင့်လဲ မေးတော့တဲ့ သူ့ရဲ့ ခန္ဓာအိမ်ထဲမှာ အထည်ဆွဲအားရှိတာကိုး။ မတူဘူးနော်။ သတိထားဖတ်ရတယ်။ ပြီးခဲ့တဲ့ ဘဝကတဲ့ သူက အသက်၉၀ ပုဏ္ဏားအိုကြီးတဲ့။ ရှင်သာရိပုတ္တရာ အဖေနဲ့ သူငယ်ချင်းတဲ့။ ရှင်သာရိပုတ္တရာကို သားလို သူက ချစ်တာကိုး။ ရဟန္တာကြီးကို သားလိုချစ်တော့ အရမ်းပေးချင် ကမ်းချင်တာဘဲ။ 

❖ ဟိုကလည်း သူ့ကို သိတယ်ဦ သေခါနီးမှာ စွမ်းအားထည့်ပေးမယ်ဆိုပြီး ဖိုလ်ဝင်စားပြီးတဲ့အခါ မှတ်ထားနော် ကိုယ့်သားသမီး ကိုယ့်တပည့်တွေကို ချမ်းသာစေချင်ရင် တရားပိုမှတ်ပေးရတယ်။ မှတ်ထားနော်။ ကိုယ်က အလှူခံပေး တရားမှတ်ပေး၊ ကိုယ့်အလုပ်လုပ်ပေးရင် တန်ပြန်များအောင် လုပ်ပေး၊ အဲဒီနည်းနဲ့ စောင့်ရှောက်ကြရတာ။

❖ အဲဒီတော့ တရားမှတ်ပြီးတဲ့အချိန်မှာ လာအလှူခံတယ်။ တန်ပြန်အဆများအောင်ပေါ့။ သူကလည်း လှူစရာက မရှိတော့ ပုန်းပုန်းနေတယ်။ တစ်နေ့တော့ ‌ဗေဒင်ဖတ်ပွဲမှာတဲ့ အသက်ကြီးတဲ့ ပုဏ္ဏားကြီးဆိုတော့ ဝိုင်းပူဇော်ကြတာမှာ နို့ထမ်းအိုးကြီးပါတယ်တဲ့။ နောက် ပိတ်စအကြီးကြီးတဲ့ အဝတ်ချုပ်ဖို့ပေါ့နော်။ 

❖ ဝမ်းသာလိုက်တာ တစ်ညလုံး ပျော်တာ။ အတွေးနော်။ သားကြီးကို လှူရတော့မယ်ဆိုပြီး သူပျော်တာတဲ့။ အကြိမ်မနည်းဘူးတဲ့။ ပီတိဖြစ်တာ။ မနက်ကျတော့ ကြွပါဘုရားဆိုပြီး လှူတော့တာဘဲဗျာ။ စောနက ပြောတဲ့ ခွေးအန်ကျွေးတာကျတော့ သုံးခါဆိုတော့ ဘုန်းကြီးထင်တယ် အနည်းဆုံး နာရီဝက်လောက်ကြာရင် ကြာမှာပေါ့နော်။ 

❖ သူကကျ တစ်ညလုံးဆိုတော့ အားများတာပေါ့။ တွေးတဲ့ပီတိက လှူချလိုက်တာ ဝမ်းသာကြတာနော်။ မကြာပါဘူး သူသေသွားတော့။ အဲဒီအရှိန်သတ္တိက ပါသွားတော့ ဒီဘက် ဘဝမှာ လူလာဖြစ်တာကျတော့ သူဌေးအိမ်မှာ သွားပြီးတော့ သန္ဓေမှီတယ်။ သူလည်း သန္ဓေမှီလိုက်ရော သူ့ရဲ့ ဆွဲအားကြောင့် မိဘက ချမ်းသာလာတယ်။ ကလေးမှာ ဆွဲအားပါလာတာကိုး။ 

❖ ချမ်းသာလာတော့ သူ့ရဲ့ ကင်ပွန်းတပ်ပွဲကျတော့ ရှင်သာရိပုတ္တရာနဲ့က အမျိုးမကင်းကြဘူးတဲ့။ ဒါယကာရင်း ဆရာရင်းတွေ ဆိုတော့ အိမ်ပင့်ကြတော့ ကလေးက မှတ်မိနေတယ်တဲ့။ တဆိမ့်ဆိမ့် ကြည့်ပြီးတော့ ကြည်ညိုနေတာ။ သူ့ကိုယ်ပေါ် တင်ထားတာက သိန်းတန်တဲ့ ကဗ္ဗလာအထည်ကြီး တင်ထားတာတဲ့။ 

❖ သားလေးပြမယ်ဆိုတော့ မလည်းမရော လက်ကဆုတ်ထားတာ မပေးချင်လို့။ ဒရွတ်တိုက်ပါတာ အမေက လွှတ်ချခဲ့တော့ ငိုတော့ ပြန်ကိုင်ခိုင်း။ အမေက အကဲခတ်ပြီးတော့ ဒီတိုင်း ဒရွတ်တိုက် သွားရတယ်။ အနားကျ မော့ပြီးလွှတ်လိုက်တော့၊ သြော် ငါ့သား လှူချင်တာကိုးလို့ သိလိုက်တာနဲ့ ခေါက်ပြီး လှူလိုက်တာနဲ့ ရီလိုက်တာတဲ့ သေးသေးလေးက ဝမ်းတွေသာပြီး ရီတာတဲ့။ ပြည့်သွားပြီလေ။ တန်ပြန်အဆတွေကလည်း အများကြီးနော်။ 

❖ အဲ့တော့ ခုနှစ်နှစ်သားကျတော့ အမေက ကိုရင်စီးမယ်ဆိုတော့ကျ အမေက ပျော်တာပေါ့။ ကိုရင်လည်း ဝတ်လည်းဝတ်ရော၊ အားလုံးက သတင်းကြားတာနဲ့ သူရဲ့ စက်ကွင်းက ကျယ်တော့နော် သင်္ကန်းလှူဖို့ပဲ ပုံပေါ်ကြတာ။ တစ်နေ့တည်းနဲ့ အစုံငါးရာရတာတဲ့။ အဲ့လောက် ကြီးကျယ်တာ။ ခုနကလည်း သံဃာတွေ သူ့နောက်ကလိုက်တာ အကုန်ရကြတာကိုး။ အလှူတွေက စုံသွားတာ။ 

❖ အဲ့မှာ ဘုန်းကြီးက မှတ်တမ်းရေးတာ အော် သူက အထည်နဲ့ ပက်သက်တာ ထည့်ထားတာကိုး။ သဘောပေါက်ရဲ့လား။ ကိုယ့်ကိုယ်ကိုယ် ပြင်ရလိမ့်မယ်နော်။ 

❖ တစ်ခါ နေစရာနဲ့ပက်သက်တာ ကျောင်းနဲ့ ပက်သက်တာကျတော့ ဇောတိကကို ကြည့်ရတယ်။ ဇောတိကသူဌေးက ဘဝတစ်ခုက ဘုရားတစ်ဆူလက်ထပ်မှာ ညီအကို နှစ်ယောက်၊ အကိုကနေပြီးတော့မှ ညီကို အမွေတွေ အကုန်ပေးပြီးတော့မှ ရဟန်းပြုပြီး ရဟန္တာဖြစ်သွားတာပေါ့။ 

❖ ညီလေးကို ချီးမြောက်ချင်တော့ ညီလေးတဲ့ ဘုရားတည်ကျောင်းဆောက်ပါလား၊ ကျောင်းဆောက်ပြိးတော့ ဓမ္မဒါနပြုပါလားဆိုတော့ ဟုတ်ကဲ့ဆိုပြီး ကျောင်းကို အကျအန‌ ဆောက်တော့တာပဲ။ သူက စိတ်ကူးကောင်းတာက တရားဟောခန်းမကြီးထဲမှာ လူတွေ လာချင်အောင် လူပေါင်းစုံလာချင်အောင် အဲ့မှာ ရတနာတွေကို အပြည့်ခင်းထားတယ်။ စီခင်းထားတာနော်။ 

❖ ကျောင်းအပ်တော့ ဘုရားရှင်က မြင်လည်း မြင်ရော မဝင်သေးဘူး။ ရဟန္တာကြီးတွေက ရိပ်မိတော့ ညီလေးတဲ့ ဘုရားကို လျှောက်ပါဆိုတော့ မကြောင့်ကျပါနဲ့ဘုရား၊ တပည့်တော် တာဝန်ထားပါဆိုတော့မှ ဘုရားက လက်ခံတာပေါ့နော်။ လာတဲ့ပုဂ္ဂိုလ်တွေ အိတ်တွေ ခြင်းတွေ မပါဘဲနဲ့ တစ်နိုင်သယ်သွားပါဆိုတော့ လာကြတာပေါ့။ 

❖ အချို့ကျ လာရင်းနဲ့ဘဲ သောတာပန် ဖြစ်လို့ဖြစ်ဦ သရဏဂုံ တည်လို့တည်နဲ့ ဓမ္မဒါနနော်။ ငွေနဲ့ပါ မျှားတာကိုး။ တစ်နေ့တော့တဲ့ ပုဏ္ဏားတစ်ဦးက တစ်နိုင်ဆိုတော့ ဘုရား‌ရှေ့မှာကျ မီးမထွန်းဘူး။ ပတ္တမြားအရောင်နဲ့ ထားတာ။ လင်းနေတော့ သူက အဲ့တာကို တစ်နိုင်ဆိုတော့ ဘုရားလည်း တရားဟောပြီးရော မ သွားရော။ စိတ်မကောင်းကျန်ခဲ့တာပေါ့။ 

❖ ဘုရားက သိတယ် ချစ်သားတဲ့ စိတ်ထဲ ကြည်လားဆိုတော့ မကြည်ပါဘူးဘုရားတဲ့ ဆိုတော့ ဆုတောင်းတဲ့နော်။ စွမ်းအားတွေထဲမှာ ဆုတောင်းတွေ ထည့်ရသေးတာကိုး။ ဤကောင်းမှုကြောင့် ဘုရားတဲ့ အကျိုးပေးတဲ့ထဲမှာ တပည့်တော် ဆန္ဒမရှိရင် တပည့်တော်ရဲ့ အိမ်က တံစက်မြိတ်က အဖျားတောင် မယူနိုင်ပါစေနဲ့ လို့ ဆုတောင်းလိုက်တာဗျ။ အားကောင်းတာနော်။ 

❖ အဲ့ဘဝပြီးသွားခဲ့ပြီ၊ ဒီဘက် ဘဝကျတော့ အကျိုးပေးစတာနော်။ အသက်နှစ်ဆယ်လောက်မှာ အိမ်ဆောက်မယ်လို့ ကြံလည်း ကြံရော သိကြားမင်း ကျောက်ဖျာက တင်းတော့တာ။ နေလို့ မရဘူး။ အဲ့မှာ အင်မတန် ကျယ်တဲ့မြေမှာ နတ်ရေစင် လာဖြန်းပေးရတာ။ သူ့ကံနဲ့ ပေါက်လာတာဗျ။ စွမ်းအားက ကြီးတော့နော်။ 

❖ ရဟန္တာ သံဃာ အများကြီးကို ဓမ္မဒါန လုပ်ခဲ့တာအများကြီးကိုး။ ဗိမာန်ကြီးအောက်က မြကြီးဘဲ အင်မတန် ကြည်လင်နေတာ။ ပတ္တမြားတွေလည်း ပါတယ်။ နောက် ထောင့်လေးထောင့်မှာ ရတနာအိုးကြီးတွေ လေးလုံးပါလာတယ်။ နောက် အစောင့် နတ်သမီးတွေလည်း ပါလာတယ်။ သူ့ကံအတိုင်း ပေါ်လာတာ။ အိတ်လေးလုံးကလည်း ရတနာတွေက အပြည့်။ 

❖ တရားနာ ပရိသတ်တွေက ယူသွားလည်း လျော့သွားရင် ထပ်ထပ်ဖြည့်ခဲ့တာကိုး။ ရတနာတွေလျော့ လျော့သမျှ ထပ်ထပ်ဖြည့်တာ လုပ်ခဲ့တော့ အဲ့အိုးကြီးကလည်း အံ့သြစရာ ယူလိုက်ရင် ပြန်ပြန်ပြည့်တာ။ ဘယ်လှူလို့ ကုန်မှာလဲ။ တအားချမ်းသာတာနော်။ သူချမ်းသာပုံကို ကြည့်ခြင်းအားဖြင့် အဖြေပေါ်ပြီနော်။ ဒီထဲမှာ ဆွဲအား ရှိလို့ရတာ။ 

❖ အဇာတသတ်မင်းသားလေးက အိမ်ရှေ့မင်းသားဖြစ်တော့ လာလည်တော့ အောက်က ကြည်နေတော့ တွင်းလိုဖြစ်တော့ မဝင်ရဲဘူး။ လက်တွဲခေါ်ယူရတယ်။ ဗိမ္မိသာရမင်းရောနော်။ ကြည့်ပြီးတော့ အော် ဘုရင် နန်းတော်ထက် ဘာလို့ ကောင်းနေရတာလဲပေါ့။ ငါသာ ဘုရင်ဖြစ်ရင် စစ်တိုက်ယူမယ်လို့ အကြံရှိတာပေါ့။ အဲ့မှာ မှတ်စရာ တစ်ခုပါသေးတယ်။ 

❖ သူရဲ့ ဇနီးသည်က အတုလကာရီလို့ ခေါ်တယ်။ ဘုရင်ကို ခစားရမယ်ဆိုတော့ အံ့သြလို့ပေါ့။ တို့ထက် မြင့်တာရှိသလား ဆိုတော့ ရှိတယ် ဆိုတော့မှ ဘုရားတရားနာထားတော့ သိနေတယ်။ အော် လှူတုန်းကတဲ့ သက္ကစ္စအားတွေ နည်းခဲ့လို့ တို့တွေ အပေါ်မှာ လူရှိတာတဲ့။ ရိုသေတဲ့အားများရင် ကိုယ့်အပေါ်မှာ လူမရှိရဘူး။ 

❖ မြေကြီးချထားတာကို သူက လက်နဲ့ ကပ်ပေးတာ မဟုတ်ဘူးလေ။ လှူတုန်းက သက္ကစ္စအားလေး နည်းခဲ့လို့။ သဘောပေါက်ရဲ့လား။ မှတ်ထားနော်။ ရိုရိုသေသေပေးတာနဲ့ မတူဘူးလေ။ ဒါကြောင့်မို့ သူက အပေါ်မှာ လူရှိနေသေးတာ အရိုအသေပေးရမယ့် ပုဂ္ဂိုလ် ရှိသေးတာဆိုတော့ သက္ကစ္စအား နည်းခဲ့လို့ဘဲလို့ ညီးတွားသတဲ့ဗျာ။ 

❖ အဇာတသတ်မင်းသားလေးက ဘုရင် ဖြစ်တော့လည်း လာတိုက်သေးတယ်တဲ့။ တိုက်တော့ မရပါဘူး။ ဟိုက အဆများစွာ နတ်တွေက ဖန်ဆင်းတော့ ထွက်ပြေးရတာပေါ့နော်။ အဲ့မှာ ဘုရားကျောင်းတော်မှာ ဇောတိကသူဌေးက တရားနာနေတဲ့အချိန် ရောက်လာပြီးတော့ ရန်တွေ့တော့ မဟုတ်ပါဘူး မင်းကြီးတဲ့။ စစ်တပ် မဟုတ်ပါဘူးတဲ့။ 

❖ လက်ဆယ်ချောင်းမှာ လက်စွပ် ၁၀ကွင်းရှိပါတယ်တဲ့။ မင်းကြီးက အားကြီးပါတယ် ချွတ်ကြည့်ပါဆိုတော့ ချွတ်လို့ မရဘူး။ ပင်ပန်းပါတယ်ဆိုပြီး ခါချတော့ ကျတော့ တပည့်တော်က ဆုတောင်းနဲ့ လာတာပါဘုရားတဲ့။ တပည့်တော် ဆန္နမရှိရင် မင်းကြီးယူလို့ မရပါဘူးတဲ့။ အဲ့မှာ သံ‌‌ဝေက ယူလိုက်ပြီးတော့ ရဟန်းဝတ်လိုက်တယ်ဗျာ။ ရဟန္တာ ဖြစ်သွားပါတယ်။ 

❖ ရဟန္တာဖြစ်သွားတော့ ဗိမာန်ကြီးကတဲ့ သူ့ဆွဲအား မရှိတော့ ပျောက်သွားတယ်တဲ့ဗျ။ အံ့သြစရာကြီးနော်။ အဲဒီတော့ အဆောက်အဦးဆိုတာလည်းဘဲ ဒီမှာ ဆွဲအားရှိမှ ရတာ။ မရှိရင် ရပါ့မလား။ မရဘူးနော်။ အဲဒီတော့ ဖြည့်ရတယ်။ ဖြည့်တဲ့နေရာမှာလည်း မှတ်ပါဦး ယောဆရာတော်ကြီး ဆုံးမထားတာရှိတယ်။ 

❖ ခန္ဓာကိုယ်ထဲမှာကွယ်တဲ့ အချိုများလည်း ဆီးချိုဖြစ်တယ်။ အငံများလည်း သွေးတိုးဖြစ်တယ်ကွဲ့တဲ့။ များတိုင်းကောင်းတာ ကုသိုလ်ဘဲ ရှိတယ်တဲ့။ များများထည့်ပေါ့တဲ့။ ထည့်မှ ဆွဲအားကောင်းရင် ကောင်းသလောက် ခိုင်မြဲတာပေါ့တဲ့။ သဘောပေါက်ရဲ့လား။ တိုးလုပ်ကြရမှာပေါ့။ နားလည်ရဲ့လား။ ကိုယ်လုပ်မှ ကိုယ်ရမှာ‌ပေါ့။ ဘုရားက နည်းလမ်းဘဲ ပေးနိုင်တာနော်။ 

ဆက်လက်ဖော်ပြပါမည်။ 

ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရားကြီး

🙏🙏🙏

GIC မိသားစု (၂)ရက်တရားသင်တန်း (၄.၇.၂၀၂၆ - ပထမအချိန်) ချမ်းသာလမ်း တရားတော်မှ စာစီပူဇော်ပါသည်။ 

မမေသူကိတ်မှ စာစီပူဇော်ပါသည်။