★ မိဘတွေရဲ့ကြိုးစားမှု အသိအမှတ်ပြုပေးပါ။ ဘုန်းဘုန်းရဲ့ခမည်းတော်ဆိုရင်လေ အများကြီးစာမတတ်ပါဘူး။ ဒါပေမဲ့ သူ့ဘဝမှာတော့ သူတန်ဖိုး အထားဆုံးက ဘာတုံးဆိုတော့ ရိုးသားပြီးတော့ ကြိုးစားတာ။ ကြိုးစားတာနဲ့ရိုးသာတာ၊ အဲဒီနှစ်ခုကို သူ ယူထားတာ။ Honesty and diligence ပေါ့၊ honesty and effort.
★ သူ့စိတ်ထဲမှာ စိတ်မသန့်ဘူးဆိုရင် အသက်မွေးဝမ်းကျောင်းတစ်ခုကို သူကပြောင်းလိုက်တယ်။ တခြားတရားပွဲတွေမှာ ဘုန်းဘုန်းပြောပြဖူးပါတယ်။ အဲဒီလို နေလာတဲ့အခါကျတော့ မိသားစုအတွင်းမှာ သားသမီးတွေရော အိမ်နီးနားချင်းတွေရော သူတို့ရဲ့ ယုံကြည်မှု လေးစားမှုကို ဘုန်းဘုန်းရဲ့ ခမည်းတော်ကြီးက လက်ခံရရှိတယ်။
★ ဘုန်းဘုန်းတို့ မွေးတဲ့မြို့နယ်မှာပေါ့၊ ဘုန်းဘုန်းရဲ့ခမည်းတော်က ပညာအတတ်ဆုံးထဲမှာ မပါဘူး။ ဘုန်းဘုန်းထင်တယ် ပညာတတ်ထဲမှာတော့ မပါဘူး။ ဒါပေမဲ့ သူများအယုံကြည်ရဆုံး လူထဲမှာပါတယ်။ အဲဒါကြောင့် ပြည်သူ့ခုံသမာဓိခေါ်မှာပေါ့ တရားရုံးမှာ တရားရင်ဆိုင်တဲ့လူတွေပေါ့ ဟိုဖက်ဒီဖက်၊ သူတို့ကို ဖြန်ဖြေပေးတဲ့ အဖွဲ့မှာ ခမည်းတော်ကြီးက ဥက္ကဋ္ဌ တင်ခံရတယ်။ သူ ဆုံးသည်အထိ သူ အဲဒီတာဝန်ကို ယူသွားတယ်။
★ ဟိုဖက်ဒီဖက် သူက မျှမျှတတ နားထောင်ပေးတယ်ပေါ့။ ဒါကြောင့် လူတွေရဲ့ယုံကြည်ကိုးစားမှုကို သူ ရရှိတယ်။ ခုနတုန်းက အင်္ဂလိပ်ကဗျာဖတ်ပြီးတော့ အဲဒါ ဖခင်ကြီးကို သတိရတယ်။ ပညာတတ်တဲ့လူတွေရဲ့ respect ကို He has respect of intelligence men. He has the trust of pure women. ဖြူစင်တဲ့ အမျိုးသမီးတွေရဲ့ ယုံကြည်မှု၊ ပညာတတ်တဲ့ အမျိုးသားတွေရဲ့ လေးစားမှု အဲဒီဟာကို ဘုန်းဘုန်းရဲ့ ခမည်းတော်ကြီးက ရသွားတယ်။
★ မုဒိတာလုပ်ရင် ဘုန်းဘုန်းက သူ့အကြောင်း အမြဲတမ်းလုပ်တယ်။ မဟာစည်ရိပ်သာမှာ အလှူဆုံးလည်းမဟုတ်ဘူး၊ အလှူဆုံးထဲမှာလည်း မပါဘူး။ ဒါပေမဲ့ သူဆုံးသည်အထိ သူ ဥက္ကဋ္ဌ တင်ခံရတယ်။ အဲဒီရိပ်သာမှာ တစ်နှစ်ကို လေးလ ယောဂီတွေကို သူ သွားစောင့်ရှောက်တယ်၊ သူကိုယ်တိုင်လည်း တရားထိုင်တယ်။
★ အဲဒီဟာတွေ ဘုန်းဘုန်းက ပြန်တွေးပြီးတော့ သူ့ကို မုဒိတာလုပ်တာပေါ့။ နောက်တစ်ခု ရှိသေးတယ်၊ ဆန် ရေ စပါး ရှားတဲ့ နှစ်တစ်နှစ်မှာတဲ့ စော်ဘွားရဲ့ပရောဟိတ်ခေါ်တာပေါ့၊ သူ့ဆီမှာ ဆန်ချေးတယ်တဲ့။ လေးပြည်ချေးတယ်။ ဟိုကလည်း ကြည်ကြည်သာသာပေးတယ်။ အဲဒီ ပရောဟိတ်ကို ပြန်ပြီးတော့ အဆပေါင်းများစွာ ပြန်ကန်တော့တယ်။ အစ်ကိုရင်းတစ်ယောက်အနေနဲ့ နှစ်တိုင်းသွားကန်တော့တယ်။
★ ဘုန်းဘုန်းတို့က မသိဘူး သူ့ရဲ့အစ်ကိုရင်းလို့ ထင်နေတာ။ ဘာလို့တုန်းဆိုတော့ သူက အဲဒီလို ပြောထားတယ်လေ၊ ဒါ ငါ့အစ်ကို။ နောက်ပိုင်းပြန်သိတဲ့ အခါကျတော့ အစ်ကို မဟုတ်ဘူး။ သူကနေ မွေးစားလိုက်တဲ့အစ်ကို။ အဲဒါကို ကြည့်ပြီးတော့ ကျေးဇူးတရား သိတတ်တယ်ပေါ့။ အဲဒါနဲ့ ခမည်းတော်ကို ဘုန်းဘုန်းက မုဒိတာလုပ်တယ်၊ အသိအမှတ်ပြုတယ်ပေါ့ သူ့ကြိုးစားမှု အသိအမှတ်ပြုတယ်။
★ သူ့သားသမီးတွေအတွက် သူများဆီ တခါမှ ဘာမှမတောင်းတဲ့လူ၊ ဒီတခေါက်ကျတော့ ရှေ့မျက်နှာ နောက်ထားပြီးတော့ သူများဆီမှာ ဆန်လေးပြည် သွားချေးတယ်။ မုဒိတာလုပ်ပုံလုပ်နည်း ပြောပါတယ်။ သူတို့ရဲ့ကြိုးစားမှု သူတို့ရဲ့ ဂုဏ်ယူစရာလေးတွေ တွေးပေးဖို့။
★ နံပါတ်တစ်က မိမိကိုယ်ကိုယ် နံပါတ်နှစ်က ကိုယ့်ရဲ့မိဘ၊ အဖေရယ် အမေရယ်။ အဖိုးအဖွားပါ သိရင် အဖိုးရယ် အဖွားရယ်။ ပြီးရင် ကိုယ့်ရဲ့ ဆရာဆရာမထဲက တစ်ယောက်ရွေးပြီးတော့ ကိုယ့်ဆရာ ဆရာမ ဘယ်လိုကြိုးစားတယ်ဆိုတာ အဲဒါ အသိအမှတ်ပြုပါ။ ကိုယ့်ကို ဘာသင်ပေးလို့ ကျေးဇူးတင်တယ်ဆိုတဲ့ဟာက အပေးအယူဖြစ်နေတာ။
★ ကိုယ့်ကို ဘာမှမသင်ပေးတဲ့ ဆရာဆရာမလည်း ကြည့်ပြီးတော့ သူတို့ရဲ့ကြိုးစားမှုကို အသိအမှတ်ပြုရင် ကိုယ့်ရဲ့ မုဒိတာဘဏ်စာအုပ်ထဲမှာ မုဒိတာ ကိုယ်ထည့်နေတာ။ နောက်ထပ် ၁၀ ရက်လောက်ဆိုရင် My Mudita ဆိုတဲ့ မုဒိတာ app လေးတစ်ခု ပေါ်လာမယ်။
★ အခု ဘုန်းဘုန်း ဒကာ တစ်ယောက် app ရေးနေတယ်။ အဲဒီ app ပေါ်လာပြီဆိုရင်တော့ ကိုယ့်ဖုန်းထဲမှာ download လုပ်ပြီးတော့ မုဒိတာ ဘဏ်စာအုပ်ထဲမှာ နေ့တိုင်း ပိုက်ဆံထည့်တာ။ ဘယ်နှစ်ခုထည့်ရင် မုဒိတာ ငွေဒင်္ဂါး၊ ဘယ်နှစ်ခုထည့်ရင် ရွှေဒင်္ဂါး၊ ဘယ်နှစ်ခုထည့်ရင် ဒင်္ဂါး ဘယ်နှစ်ချပ်ဆိုတာ ကိုယ့်ဟာကိုယ်စုတာ။ ဒီနေ့တော့ ဖုန်းထဲမှာ ဒီတိုင်းပဲရေးပေ့ါနော်။
★ နံပါတ်တစ်က မိမိအကြောင်း၊ နံပါတ်နှစ်က ကိုယ့်မိဘ အဘိုးအဘွားတွေအကြောင်း၊ နံပါတ်သုံးက ဆရာသမားတွေအကြောင်း၊ နံပါတ်လေးက သူငယ်ချင်းတစ်ယောက်အကြောင်း၊ ဒါ အရေးကြီးတယ်။ မဟုတ်ရင် သူငယ်ချင်းနဲ့ပြိုင်တတ်တယ်လေ။ ပြိုင်တယ်ဆိုမှတော့ လောဘဖြစ်ပြီ။ ပိုက်ဆံရချင်မှ လောဘဖြစ်တာမဟုတ်ဘူး။
★ ကိုယ်ကပိုပြီးသာချင်လို့ပြိုင်တဲ့ဟာ၊ ပြိုင်တာကို ပါဠိလို မာနလို့ခေါ်တယ်။ မာနဝင်ရင် လောဘက သူငယ်ချင်းအနေနဲ့လိုက်လာပြီးသား။ ပိုက်ဆံများများလိုချင်လို့ လောဘဖြစ်တာ မဟုတ်ဘူး။ မှန်ကန်တဲ့ရည်ရွယ်ချက်နဲ့ ပိုက်ဆံရှာတယ်ဆိုရင် လောဘမဖြစ်ဘူးတဲ့။
★ တို့နိုင်ငံမှာ ဥပမာပေါ့ တို့ရဲ့ကျပ်ငွေတန်ဖိုးကျနေတယ်။ ဘာဖြစ်လို့တုန်းဆိုတော့ ငါတို့က အောင်မြင်တာ လုံလုံလောက်လောက် မအောင်မြင်သေးလို့။ အရင်တုန်းက ထိုင်းဘတ်ငွေက ဘုန်းဘုန်းတို့ထက် နိမ့်တယ်လေ။ ကျပ်ငွေထက်နိမ့်တယ်။ အဲဒီတုန်းက ကိုယ်က အများကြီးအောင်မြင်တယ်။ အခု သူတို့က ပိုအောင်မြင်သွားတယ်။
★ သြော်… အဲဒီလိုအောင်မြင်ရမှာပါလားဆိုပြီးတော့ အားကျတဲ့စိတ်နဲ့တွေးတော့ မနာလိုတဲ့စိတ်နဲ့ကြည့်တာ မဟုတ်ဘူး။ အားကျတဲ့စိတ်နဲ့ကြည့်ပြီးတော့ တို့ ဒီပြဿနာတွေ ပြေလည်အောင်ဆိုရင်တော့ ဒီထက် အဆပေါင်းများစွာ တို့ကလည်းပဲ အောင်မြင်ရမယ်။ ဟိုဖက် ကုမ္ပဏီလည်းပဲ အောင်မြင်ရတယ်၊ ဟိုးဖက်လုပ်ငန်းလည်း အောင်မြင်ရမယ်။ ဟိုးဖက်မြို့နယ်လည်း အောင်မြင်ရမယ်။
★ အဲဒီစိတ်လေး ထားလိုက်တာနဲ့ ကုသိုလ်ဖြစ်သွားတယ်။ မုဒိတာစိတ်ပဲ။ ဒီမုဒိတာစိတ်ကြောင့် ဝင်သမျှပိုက်ဆံ တနေ့ကို one billion ဝင်လည်းပဲ လာဘပဲဖြစ်တယ်တဲ့။ လောဘမဖြစ်ဘူး။ လာဘနဲ့ လောဘက သဝေထိုးပဲကွာတယ်တဲ့။ လောဘမှာ သဝေထိုးပြုတ်အောင် လုပ်နိုင်ရင် ဘာပဲကျန်တုန်း၊ လာဘပဲကျန်တယ်။ သဝေထိုးပြုတ်အောင်ချတာ။
★ ပိုက်ဆံများများ ရအောင်ကြိုးစားတိုင်း လောဘမဖြစ်ဘူး။ ပိုက်ဆံ မဝင်တဲ့အချိန်မှာ ဟိုးဖက်လူရဲ့ကားက ဘယ်လောက်တန်တယ်၊ ငါ့ကား ဘယ်လောက်တန်တယ်၊ အဲဒီပြိုင်ဆိုင်တဲ့စိတ်ဖြစ်တာနဲ့ လောဘဖြစ်ပြီတဲ့။ သူ ဝတ်တဲ့ အဝတ်အစားက ဘယ်လောက်တန်တယ်၊ ငါဝတ်တဲ့ အဝတ်အစားက ဘယ်လောက်တန်တယ်။ အဲဒီအတွေးဖြစ်တာနဲ့ မာနဖြစ်ပြီဆိုတော့ အဲဒါ လောဘဖြစ်ပြီ။
★ ပြိုင်ဆိုင်တဲ့စိတ်က အမြဲတမ်း self-centered ငါ ဗဟိုပြုတယ်။ ကိုယ့်ကိုယ်ကိုယ် ဗဟိုပြုပြီးတော့ တွေးတဲ့စိတ်၊ အဲဒါကြောင့်မို့လို့ အခု မိဘကို အသိအမှတ်ပြုနိုင်ရင် ငါ ဗဟိုပြုတဲ့စိတ် နည်းသွားတယ်။ ကိုယ့်အဘိုးအဘွားရဲ့ကြိုးစားမှုကို အသိအမှတ်ပြုနိုင်ရင် ငါ ဗဟိုပြုတဲ့စိတ် နည်းသွားတယ်။
★ ငါ့ခြေထောက်ပေါ် ငါရပ်တည်နိုင်တာ ငါ ဘယ်သူမှ အားမကိုးဘူးဆိုတဲ့စိတ်။ အဲဒီစိတ်နည်းသွားတယ်။ ကိုယ့်သူငယ်ချင်းတွေရဲ့ကြိုးစားမှုကို အသိအမှတ်ပြုရင် သူ့ထက်သာရမယ်ဆိုတဲ့စိတ်၊ သူ့ထက်သာရမယ်ဆိုတဲ့ မကောင်းတဲ့မာနပေါ့။ အဲဒါလျော့သွားမယ်။ သူလည်း ဒီထက်အောင်မြင်ရမယ်။ ငါလည်း ဒီထက်အောင်မြင်ရမယ်။ ဘာဖြစ်လို့တုန်းဆိုတော့ တို့နိုင်ငံရဲ့ပြဿနာက အရမ်းကြီးနေလို့။
★ ခုနနေတုန်းက ဖတ်တဲ့ ဆရာဇော်ဂျီရဲ့ကဗျာနဲ့ ဆရာမကြီး Bessie Anderson Stanley ရဲ့ ကဗျာ၊ အင်္ဂလိပ်ကဗျာထဲမှာ ဒီလောကကြီးကို ငါ ကျောခိုင်းသွားတဲ့အချိန်မှာ ဒီလောကကြီး ငါ ပထမဆုံးမြင်တဲ့အခြေအနေထက် ပိုကောင်းအောင်ရမယ် ပိုတိုးတက်ရမယ်ဆိုတဲ့စိတ်နဲ့ လူတိုင်းလူတိုင်း အောင်မြင်တာကို မြင်ချင်တယ်။ ကိုယ်ကလည်းပဲ ဒီထက်ပိုပြီးတော့ အောင်မြင်ချင်တယ်။ ဒါကို ကုသိုလ်စိတ်လို့ခေါ်တာ။
★ အဲဒီကုသိုလ်စိတ်ကြောင့် ဖြစ်ပါ်လာတဲ့ ပစ္စည်းဥစ္စာတွေ အသိဉာဏ်တွေ အောင်မြင်မှုတွေ ကျော်ဇောမှုတွေ အားလုံးဟာ လာဘ်လာဘပဲတဲ့။ ရဟန္တာလည်းပဲ လာဘ်လာဘရှိရတယ်။ အရှင်သီဝလိကို ဘာကြောင့် ကိုးကွယ်တာတုံး၊ လာဘ်လာဘမြင့်မားလို့။ လာဘ်လာဘအမြင့်ဆုံးဖြစ်လို့။
★ လောဘရှိတဲ့လူကို မကိုးကွယ်နဲ့နော်။ လာဘရှိတဲ့လူကို ကိုးကွယ်။ ဒါကြောင့် သူငယ်ချင်းတစ်ယောက်ယောက်ကို အသိအမှတ်ပြုပေးပါ။ သူ့ကြိုးစားမှုကို ကိုယ်သိသလို အသိအမှတ်ပြုပေး။ ဘယ်လို အခက်အခဲမျိုးကို သူကျော်လွှားခဲ့တယ် အသိအမှတ်ပြုပေး။
★ နံပါတ်တစ် မိမိကိုယ်ကိုယ်၊ နံပါတ်နှစ် မိဘ၊ အဘိုးအဘွား၊ နံပါတ်သုံး ဆရာသမား တစ်ဦး၊ နံပါတ်လေး ကိုယ့်သူငယ်ချင်း။ ပြီးရင် ကိုယ့်ရပ်ကွက်ထဲက ကိုယ်သိပ်မသိတဲ့ မိသားစုတစ်ခု၊ သူတို့ရှိနေမှန်းသိတယ်၊ ဒါပေမဲ့ သူတို့နဲ့ မရင်းနှီးဘူး၊ အဲဒီမိသားစု ကြိုးစားမှုကို အသိအမှတ်ပြုပေးပါ။ မှန်းပြီးတော့ သူတို့ကြိုးစားတာကို အသိအမှတ်ပြုပေးပါ။ ငါးခု။ ကဲ တရားထိုင်မယ်။
ဆက်လက်ဖော်ပြပါမည်။
ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော်
ပါမောက္ခ ဒေါက်တာအရှင်ဓမ္မသာမိ
🙏🙏🙏
(၈.၁၀.၂၀၂၆) မန္တလေးမြို့ ကြင်းတော်ယန်ဗုဒ္ဓဘာသာကျောင်းတွင် ဟောကြားတော်မူခဲ့သော “အရေးအကြောင်းနဲ့ဆိုရင် မုဒိတာစိတ်ထားအမြင် အားကိုးလို့ရသလား? - Is Appreciative Mindset of Any Use in Critical Situations?” တရားသင်တန်း (ဒုတိယအချိန်) တရားတော်မှ စာစီပူဇော်ပါသည်။
Telegram Channel https://t.me/OxfordSayadaw ကနေလည်းတရားစာပို့စ်များကို ဖတ်ရှုနိုင်ပါတယ်။
#တရားတော်နာယူရန်
https://youtu.be/rdNC0bG8nHY?si=dwfz8ZPGXYg4oi1Z
(My Mudita Application ကို play store နှင့် app store များကနေ Download ယူပြီး စတင်အသုံးပြုနိုင်ပါပြီ။)

