တရားသိသယောင်ယောင်၊သံဝေဂယောင်ယောင်နဲ့
ဗုဒ္ဓဘာသာဝင်တွေကို
ဆင်းရဲတွင်းနက်အောင်တူးပေးနေတဲ့
စကားကတော့-
”သေရင် ကိုယ့်နောက်ပါမှာမှတ်လို့”ဆိုတဲ့
စကားပါပဲ။
“သဗ္ဗေ သတ္တာ ကမ္မဿကတာ=သတ္တဝါမှန်သမျှ
ကိုယ့်ကံရဲ့အမွေကို (ယူသွားပြီး)အမွေခံရမယ်”ဆိုတာလဲ အားလုံးလိုလိုဆိုနေကြတာပဲ၊
ဒါပေမယ့်”သေရင်ကိုယ့်နောက်ပါမှာမှတ်လို့”
ဆိုတာကြီးကလဲ ပါးစပ်ကမချဘူး။
ဒါဆို ကုသိုလ်ပြုပြီးတိုင်း..
“နိဗ္ဗာနဿ ပစ္စယော ဟောတု”ကြီးကို
ဘာဖြစ်လို့ဆိုနေကြပါလိမ့်။
ငယ်ငယ်က ရွာမှာ’ဘိုးညို’ဆိုတဲ့ ဘုန်းကြီးလူထွက်
ဒကာကြီးရှိတယ်၊ဝါတွင်းဝါပ ဥပုသ်သီတင်းတိုင်း
ကျောင်းလာဥပုသ်စောင့်ပါတယ်။
မိုးဦးသူများတွေထွန်ယက် ကြဲလှဲကောင်းနေလဲ
ဥပုသ်စောင့်မပျက်ဘူး။
“ဒကာကြီးကတော့ အထွန်မသွားဘူးလား”ဆိုတော့
“လူတွေက ဘာမျှမသိကြလို့ မိုက်နေကြတာကိုရင်၊
သင်္ခါရတွေဆိုတာ ဘယ်လောက်လုပ်ကိုင်ရှာဖွေထားထား
သေရင် ကိုယ်နောက်ပါမှာမှတ်လို့ ၊
ဒကာကြီးတို့ကဒီမရေမရာတွေအတွက်
ဥပုသ်အပျက်မခံဘူး”တဲ့။
(အမှန်ကတော့ ကိုယ်ပိုင်နွားမရှိလို့ သူများထွန်ချိန် မထွန်နိုင်တာ၊ပြီးမှ ထွန်းယှဉ်းငှါးနဲ့
ကြဲလှဲရမှာ)
သူရဟန်းဘဝက သူ့ကျေးဇူးရှိတာကိုသိတဲ့
တပည့်ကြီးတွေနှစ်ဦးလောက်ကတော့
အားတဲ့ခါ သွားကူပြီးကြဲလှဲပေးကြပါတယ်။
ဒါပေမယ့်ဝမ်းစာမလောက်တော့ အိုခါမှ
ဆေးရိုးထုရောင်းပြီးအသက်မွေးရတယ်။
အသီးအနှံတွေရိပ်သိမ်းပြီးတဲ့ ဆောင်းကုန်
နွေဦးလောက်ရောက်တော့ ရွနဲ့မလှမ်းမကမ်း
ရွာကြီးတစ်ရွာမှာ တရားစခန်းကြီးတစ်ခု
လာဖွင့်တယ်။
ဦးဆောင်တဲ့ဒကာကြီးက တတ်နိုင်တဲ့အတွက်
လာသမျှယောဂီတွေကို စရိတ်ငြိမ်းကျွေးပြီး
ဖွင့်တာ။
ရွာက ငါးဆယ်ကျော်တန်းတွေအတော်များများ
တရားစခန်းဝင်ကြတယ်။
အဲဒီကျတော့လဲ ဒကာကြီးကျောင်းကိုဥပုသ်လာစောင့်တယ်။
“ဒကာကြီးကတော့ တရားစခန်းကိုမလိုက်ဘူးလား”ဆိုတော့-
မျက်နှာငယ်လေးနဲ့
“ကိုရင်သိတဲ့အတိုင်းပဲ ဒကာကြီးတို့က
တစ်နေ့လုပ်မှ တစ်နေ့စားရတာ၊ အဖိုးကြီးအမယ်ကြီး
နှစ်ယောက်ထည်းရှိတော့ အိုးပစ်အိမ်ပစ်လဲ
မသွားနိုင်ပါဘူး ကိုရင်ရယ်…”တဲ့။
သံဝေဂယောင်ယောင်၊တရားအသိယောင်ယောင်နဲ့ စီးပွါးရှာချိန်မရှိမိတဲ့အပြစ်ကို
အဲဒီတော့မှ နောင်တရနေတော့တာ။
“ကမ္မဿကတသမ္မာဒိဋ္ဌိ”တကယ်ရှိရင်
စီးပွါးရှာချိန်မှာ
”သေရင်ကိုယ့်နောက်ပါမှာမှတ်လို့”
ဆိုတာကြီးကိုဖျောက်လိုက်ပါ။
စားဝတ်နေရေးပြည့်စုံလို့ လှူနိုင်တန်းနိုင်ရင်
“နိဗ္ဗာနဿ ပစ္စယော ဟောတု”ဆိုတဲ့အတိုင်း
ကိုယ်ပြုတဲ့ကုသိုလ်ဟာ”အနုပါဒိသေသနိဗ္ဗာန်”
စံဝင်တဲ့အထိ ကိုယ်နောက်ပါပါတယ်။
စီးပွါးမပြည့်ရင် ကုသိုလ်မလုပ်နိုင်ရုံမက
အကုသိုလ်ပါလုပ်မိရင်လဲ ကိုယ့်နောက်ပါမှာပါပဲ။
ဘုရားရှင်ကတော့
အကုသိုလ်ကံက-
ဝန်တင်လှည်းရုန်းတဲ့နွားနောက် လှည်းဘီးလိုက်သလိုပါမယ်၊
ကုသိုလ်ကံကတော့-
အရိပ်က ကိုယ့်နောက်ကပ်ပါသလို ပါမယ်”လို့ဟောတော်မူပါတယ်။
ဒါကို တိပိဋကဓရ(ယော)ဆရာတော်က-
*အကုသိုလ်မှာ၊လိုရာမပေး၊စိတ်မအေးရ၊
ကိုယ်တဖန် သူ့ကိုပြန် တာဝန်ယူရမှာ။
*ကုသိုလ်ကံမှာ၊လိုရာလဲပေး၊စိတ်လဲအေးရ၊
သူကတဖန်း၊ကိုယ့်ကိုပြန်၊တာဝန်ယူပေးမှာ”လို့
လင်္ကာလေးနဲ့ သတိပေးထားပါတယ်။
တလွဲ ဆံပင်မကောင်းမိကြပါစေနဲ့!
အစားရှာချိန်မှာ အစားရှာ!
တရားရှာချိန်မှာ တရားရှာပြီး
အစားလဲဝ၊တရားလဲရအဖြစ်နဲ့
လူဖြစ်ကျိုးရော သာသနာကြုံကျိုးပါ
နပ်ကြပါစေ…
ဓမ္မဘေရီအရှင်ဝီရိယ၊တောင်စွန်း၊
(၂.၁၀.၂၀၂၆)

