မေး။ ။
★ လူတွေရဲ့ အထင်အမြင်ရှုံချမှုခံရသူအတွက် အဲဒီအရာကို ဘယ်လိုစိတ်ဖြင့် ရင်ဆိုင်ရမလဲ ဘုရား။ သိမ်ငယ်စိတ်ဆိုတာ ဘယ်လိုမျိုးပါလဲ၊ ၎င်းကို ဘယ်လို ထိန်းချုပ်ရပါမလဲ။
ဖြေ။ ။
★ ထိန်းချုပ်တယ်ဆိုတဲ့ စကားလုံးကို ဘုန်းဘုန်း သိပ်မသုံးဘူး။ သိမ်ငယ်တဲ့စိတ်ဖြစ်ရင် သူရှိနေတာကို သိလိုက်တာ။ သိမ်ငယ်တဲ့စိတ်က negative ဖြစ်ရင် သူ့ကို သိတဲ့စိတ်က positive. ဒေါသ အကုသိုလ်ဆိုရင် ဒေါသကို သိတဲ့စိတ်က ကုသိုလ်။
★ အဲဒါကြောင့် သတိပဋ္ဌာန်မှာ ဘာအတွေးပဲပေါ်ပေါ် အဲဒီအတွေးကို သိလိုက်ပါလို့ ပြောတာ၊ awareness ကို ပြောတာ။ ကိုယ့်ရဲ့ awareness ကို ကိုယ်ပြန်ပြီးတော့ မြင်တဲ့အခါကျတော့ Dr.Richard Davidson သူကတော့ ပထမဆုံး တရားထိုင်တဲ့အချိန်ကတည်းကကိုက ၁၀ရက်စခန်း ၇ကြိမ် ဆက်တိုက်ထိုင်တာ။
★ မဟာစည်းနည်းနဲ့ ရက် ၂၀၊ ဆရာကြီးဂိုအင်ကာနည်းနဲ့ ရက် ၅၀၊ ဗုဒ္ဓဂယာ မြန်မာကျောင်းမှာ အဲဒီလိုထိုင်တာ။ Phd ကျောင်းသားကတည်းက။ အဲဒီနောက်ပိုင်းမှာလည်း ဆက်တိုက် တရားထိုင်လာတဲ့သူဆိုတော့ meta awareness ဆိုတာက မိုးကုတ်ဆရာတော်ကြီး သင်တဲ့နည်းနဲ့ဆိုရင်တော့ ရှေ့စိတ်ကို နောက်စိတ်က ပြန်သိတာ။
★ Awareness တစ်ခုပြီးတစ်ခုဖြစ်သွားတယ်။ တစ်ခုတည်း မဟုတ်ဘူး။ awareness A, awareness B, awareness C မှာ awareness A ကို awareness B က ပြန်သိတာ။ awareness က သူ့ဟာသူ အရမ်းကို mature ဖြစ်လာတယ်၊ sharp ဖြစ်လာတယ်ပေါ့။ အဲဒီဟာကို သူက meta awareness လို့ခေါ်တာ။
★ တချို့ရိပ်သာတွေမှာကျတော့ ပထမဆုံးဖြစ်တဲ့ awareness ကျတော့ အသိတဲ့၊ ဒုတိယ အဲဒီအသိကို ပြန်သိတဲ့ အသိကျမှ သတိတဲ့။ အသိနဲ့ သတိ အဲဒီလိုခွဲတယ်။ မဟာစည်မှာကျတော့ မှတ်စရာအာရုံတွေမှတ်တာ အာရုံတွေက ချုပ်သွားတယ်။ အာရုံတွေချုပ်သွားရင် အဲဒါ ဘာမှတ်ရမှာတုန်းဆိုတော့ မှတ်တဲ့စိတ်ကို ပြန်မှတ်ပါဆိုတာ။ အဲဒါကို meta awareness လို့ နားလည်နိုင်တယ်။
★ ဒါဖြင့် အဲဒီအဆင့်အထိ မရောက်သေးဘူး၊ သိမ်ငယ်တဲ့စိတ်ဖြစ်တယ်ဆိုရင် အဲဒီသိမ်ငယ်တဲ့စိတ်ကို အသိအမှတ်ပြုလိုက်။ ပုံမှန်ဆိုရင် ဘုန်းဘုန်းက R သုံးလုံးနဲ့ သင်ပေးတယ်။ R သုံးလုံးက register, release, return - 3RS. Register ဆိုတာ သိမ်ငယ်တဲ့စိတ်ဖြစ်နေတယ်ဆိုတာကို register လုပ်လိုက်ပါ၊ register လုပ်တဲ့အခါမှာ ငါ မထည့်ဖို့။
★ This is an inferior feeling. ဒါက သိမ်ငယ်တဲ့စိတ်၊ တတိယလူအနေနဲ့ကြည့်ပေးပါ။ ပွဲကြည့်သူအနေနဲ့ ကြည့်ပေး။ အဲဒီထဲမှာ ငါ မထည့်နဲ့။ ငါ ထည့်ရင်တော့ ငါ ခံရမယ်တဲ့။ ရိပ်သာတွေမှာ သုံးတဲ့စကား ငါ ထည့်ရင်တော့ ငါ ခံရမယ်တဲ့။
★ အဲဒီသိမ်ငယ်တဲ့စိတ်ဖြစ်တာ သူ့သဘာဝအရဖြစ်တာ၊ ဘေးပတ်ဝန်းကျင်က ပြိုင်ခိုင်းတယ်လေ။ မကြိုးစားမှာစိုးလို့ ဆရာတွေကလည်းပြိုင်ခိုင်းတယ်၊ မိဘကလည်း ပြိုင်ခိုင်းတယ်။ ပြိုင်လို့ရလာတဲ့ side effects တွေ သိမ်ငယ်တဲ့စိတ်ဆိုတာ။
★ နှိုင်းယှဥ်တယ်ဆိုတဲ့ စကားလုံးကို ပါဠိလို မာနလို့ခေါ်တယ်။ နှိုင်းယှဥ်လိုက်လို့ ကိုယ်က သာတာပဲ နာတာပဲဖြစ်ဖြစ်၊ သာတဲ့လူမာနဆိုရင်တော့ superiority complex ပေါ့။ နာတဲ့လူရဲ့ မာနဆိုရင်တော့ inferiority complex ပေါ့။ အဲဒီ complex နှစ်ခုလုံးက မာနပဲ။
★ တစ်ခုရှိသေးတယ်၊ သူလောက်ကတော့ ငါလည်း သိတာပဲဆိုတဲ့ တန်းတူတဲ့မာန အဲဒါကတော့ အနောက်တိုင်းမှာ မရှိဘူး၊ buddhist psychology ထဲမှာပဲရှိတယ်၊ သဒိသမာန်တဲ့၊ equality မာနပေါ့။ သူလောက်ကတော့ ငါလည်းရှိတယ်၊ သူလောက်ကတော့ ငါလည်းတတ်တာပဲ။ သူ့လောက်ကတော့ ငါလည်း ဖြစ်တာပဲဆိုတဲ့ အမြင်မျိုးပေါ့။ အဲဒါတွေအားလုံးဟာ နှိုင်းယှဥ်တာကနေ ဖြစ်လာတဲ့ဟာ။
★ အဲဒီ C မှာလေ competition ဝင်လာပြီဆိုရင် နောက်ထပ် C တစ်လုံး collaboration မရှိတော့ဘူး။ အဲဒါကြောင့် တစ်နေ့က ဓမ္မဓရဘာသန္တရကောလိပ်မှာ ဘုန်းဘုန်းက မပြိုင်ဆိုင်ဖူးဆိုရင် တိုးတက်နိုင်လား ဆိုတဲ့ ခေါင်းစည်းနဲ့သွားဟောတာ။
★ မပြိုင်ဆိုင်ပဲနဲ့ ကိုယ့်ကိုယ်ကိုယ် ဘယ်လို motivate လုပ်တုန်းဆိုတော့ a sense of service ရှိရတာ၊ a sense of purpose. လူနဲ့မပြိုင်နဲ့၊ ပြိုင်မယ့်ပြိုင်ချင်ရင် လူနဲ့မပြိုင်နဲ့ ပြဿနာနဲ့ပြိုင်ပါ။ ဆရာဝန်တွေအနေနဲ့ဆိုရင် ရောဂါနဲ့ ပြိုင်ရမှာလေ။
★ ဒီလောက်အထိ ပျံ့နေတဲ့ရောဂါတွေ ဒီလောက်အထိ ကြီးမားတဲ့ရောဂါတွေ အဲဒီရောဂါတွေကို ငါ ပြိုင်ဆိုင်မယ်ဆိုရင် top ဖြစ်သွားမှာပဲ။ ကျောင်းသားကျောင်းသူတွေအနေနဲ့ဆိုရင် အချင်းချင်း အတန်းထဲမှာ ပြိုင်မယ့်အစား ကလေးရောဂါအကြောင်း လေ့လာတဲ့အချိန်မှာဆိုရင် နေမကောင်းတဲ့ ကလေးတွေပုံကို များများကြည့်။
★ ဒီလိုဖြစ်ရင် ဘယ်လို diagnose လုပ်ရတယ်၊ ဘယ်လို treatment ပေးရတယ်။ အဲဒါမျိုးတွေပဲ စိတ်ဝင်စားရင် အမှတ်အများဆုံး ရသွားမှာပေါ့၊ အမှတ်ပြည့်နီးပါး ရသွားမှာပေါ့။ ဘယ်သူနဲ့မှ ပြိုင်ဖို့မလိုဘူး၊ ပြဿနာနဲ့ပဲ ပြိုင်ဖို့လိုတာ။ ပါဠိလို ပြောမယ်ဆိုရင်တော့ အဝိဇ္ဇာနဲ့ပဲပြိုင်ဖို့လိုတာ။ လူနဲ့ပြိုင်ရင်တော့ ရန်သူတွေဖြစ်ကုန်မှာ၊ မခေါ်တော့ဘူး။
★ ဒါကြောင့် သိမ်ငယ်တဲ့စိတ်ကို register လုပ်ပေးပါ၊ ပြီးရင် အဲဒီ သိမ်ငယ်တဲ့စိတ်ကို release လုပ်လိုက်။ release လုပ်လိုက်ဆိုတာ ဘယ်လိုလုပ်မှာတုန်းဆိုတာ အာရုံပြောင်းလိုက်လို့ ပြောတာ။ သြော်… ဒီမှာ သိမ်ငယ်တဲ့စိတ် ဖြစ်နေတယ်။ ဘုန်းဘုန်းဟောထားတဲ့ တရားလေးတစ်ပုဒ်ရှိတယ်၊ YouTube ပေါ်မှာရှိပါတယ်။ သိမ်ငယ်တဲ့စိတ်ကို ဆုံးမပါဆိုတာ။ အဲဒီတရားလေး ရှိပါတယ်။ အဲဒီမှာ အကျယ်ဟောထားတယ်။
ဆက်လက်ဖော်ပြပါမည်။
ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော်
ပါမောက္ခ ဒေါက်တာအရှင်ဓမ္မသာမိ
🙏🙏🙏
(၉.၁၁.၂၀၂၅) မန္တလေးပြည်သူ့ဆေးရုံကြီတွင် ဟောကြားတော်မူခဲ့သော “Mudita and Growth Mindset at Workplace - လုပ်ငန်းခွင်အတွင်း မုဒိတာနှင့်တိုးတက်စိတ်ထား” တရားတော် မှ စာစီပူဇော်ပါသည်။
