logo

သစ္စာပါရမီ

ဓမ္မရိပ်သာ

လုပ်ငန်းခွင်မှာ ဥပေက္ခာကိုရော ကျင့်သုံးသင့်ပါလား

အောက်စဖို့ဒ်ဆရာတော် ဒေါက်တာဓမ္မသာမိ
8/4/2026
လုပ်ငန်းခွင်မှာ ဥပေက္ခာကိုရော ကျင့်သုံးသင့်ပါလား

မေး။ ။

★ အရှင်ဘုရားဟောကြားတဲ့ မုဒိတာအကြောင်းကို တပည့်တော်နားထောင်ရင်းနဲ့ တွေးမိတာကတော့ မေတ္တာ၊ ကရုဏာ၊ မုဒိတာ တရားတွေထဲမှာ အဆင့်မြင့်ဆုံးတရားဖြစ်တဲ့ ဥပေက္ခာတရားအကြောင်း တွေးမိလို့ပါဘုရား။ ဘာဖြစ်လို့လဲဆိုတော့ မေတ္တာ၊ ကရုဏာ၊ မုဒိတာ တို့မှာ စိတ်ရဲ့ emotion ခံစားမှုတွေပါနေတယ်။ အဲဒါကြောင့်မို့လို့ သူတို့ဟာဆိုရင်တော့ စိတ်ဟာ တွယ်တူမှု attachment တွေ ရှိနိုင်တယ်လို့ သိထားပါတယ် ဘုရား။ တွယ်တာမှုတွေပါလာရင် ဒါဟာလည်း ဒုက္ခဖြစ်စေတဲ့အကြောင်းလို့ သိထားပါတယ် ဘုရား။ ဥပေက္ခာတရားမှာကျတော့ attachment တွေ မရှိဘူး။ emotion တွေ မရှိဘူးပေါ့နော်။ တပည့်တော်တို့ လုပ်ငန်းခွင်မှာလည်း ဥပေက္ခာတရား ကျင့်သုံးမယ်ဆိုရင်တော့ ကိုယ့်ကို ချီးကျူးတဲ့စိတ်ဟာ မတုန်လှုပ်ဘူး။ ကိုယ့်ကို ပြစ်တင်‌ဝေဖန်ပြောဆိုရင်လည်း စိတ်ဟာ မတုန်လှုပ်ဘူး။ အဲဒါကြောင့်မို့လို့ ဒီလိုမျိုး တပည့်တော်တို့ ဆရာဝန်လုပ်ငန်းခွင်မှာလည်း လူနာနဲ့ပဲဖြစ်ဖြစ်၊ လုပ်ငန်းခွင်မှာဖြစ်ဖြစ်၊ ကိုယ်ပြောတာကို လက်ခံတဲ့သူရှိတယ်၊ လက်မခံတဲ့သူရှိတယ်။ appreciate လုပ်တဲ့သူရှိတယ်၊ မလုပ်တဲ့သူရှိတယ်။ ဒါကြောင့်မို့လို့ တပည့်တော်သိချင်တာကတော့ တပည့်တော်တို့ လုပ်ငန်းခွင်မှာ ဥပေက္ခာတရားကိုရော ကျင့်သုံးဖို့ကို အရှင်ဘုရားရဲ့အမြင်လေးကို သိချင်ပါတယ် ဘုရား။

ဖြေ။ ။

★ ဘုန်းဘုန်း တခြားနေရာမှာတော့ ရှင်းပြဖူးပါတယ်။ သူ့ရဲ့ order လေးကိုကြည့်မယ်ဆိုရင် မေတ္တာကနေစပြီး ဥပေက္ခာမှာဆုံးတယ်။ အဲဒီအတိုင်းသွားရင်တော့ everything is fine. ပြဿနာမရှိဘူး။ ဒါပေမဲ့ ဘုန်းဘုန်းတို့က မေတ္တာ၊ ကရုဏာ၊ မုဒိတာ အဲဒီသုံးခုကို အသုံးမပြုသေးဘဲနဲ့ apply မလုပ်သေးဘဲနဲ့ ဥပေက္ခာကနေစရင်တော့ အဲဒီဥပေက္ခာက ဗြဟ္မစိုရ်ထဲမှာ ပါတဲ့ ဥပေက္ခာ မဟုတ်ဘူး။ 

★ အဲဒီ ဥပေက္ခာက ဒေါသဖြစ်ချင်ဖြစ်မယ်၊ ဥပေက္ခာအစား။ ဥပေက္ခာအယောင်ဆောင်ထားတဲ့ ဥပေက္ခာဖြစ်ရင်ဖြစ်မယ်။ ဒေါသဆိုတာ give up လုပ်တာကိုပြောတာ။ Ignoring လို့ပြောတာလေ ignore လုပ်တယ်၊ အဲဒီဟာကို ဥပေက္ခာလို့ အများစုက ယူဆတယ်။ ဘုန်းဘုန်းက အဲဒီဟာကို ဥပေက္ခာလို့ မယူဆဘူး။ 

★ မြန်မာလူမျိုးတွေပြောကြတယ် ဥပေက္ခာပြုလိုက်ပါဆိုတာ ဂရုမစိုက်နဲ့၊ don’t care. အဲဒီလိုပြောတယ်။ အဲဒီဟာကို ဘုန်းဘုန်း ဥပေက္ခာလို့ မယူဆဘူး။ မယူဆခြင်းအကြောင်းကတော့ ဥပေက္ခာ ရဲ့ synonym မှာ နောက်တစ်လုံးရှိသေးတယ်၊ တတြမဇ္ဈတ္တတာ တဲ့။ 

★ တတြ ဆိုတာက ကြိုက်တာ မကြိုက်တာနှစ်ခု။ ဒါမှမဟုတ် ဥပေက္ခာနဲ့ ကရုဏာနှစ်ခု emotion အားဖြင့် ဆန့်ကျင်ဖက်နှစ်ခု၊ သဘာဝအားဖြင့် ဆန့်ကျင်ဖက်နှစ်ခု။ အဲဒီနှစ်ခုထဲမှာ မဇ္ဈတ္တတာ တည်တည်တံ့တံ့ အလယ်ခေါင်မှာထားနိုင်တဲ့ စွမ်းရည်ကို ဥပေက္ခာလို့ခေါ်တယ်။ 

★ ဒါဖြင့် ကရုဏာက suffering အနိဋ္ဌာရုံ ကို အာရုံပြုတယ်၊ အဲဒါကြောင့်မို့လို့ အလိုမကျတဲ့အရာကို focus လုပ်တဲ့အခါမှာ စိတ်ကို ကရုဏာဖြစ်အောင် focus လုပ်ရတယ်။ အဲဒီလိုမလုပ်ဘူးဆိုရင် သူက ဒေါသဖြစ်တတ်တယ်။ ကရုဏာဒေါသော ဆိုတာ မရှိဘူး။ ကရုဏာဖြစ်ရင်ဖြစ် မဖြစ်ရင် ဒေါသဖြစ်။ 

★ ဒေါသောဖြစ်တဲ့အချိန်မှာ ကရုဏာပျောက်သွားတယ်။ ကရုဏာဖြစ်တဲ့အချိန်မှာ ဒေါသောက မပေါ်ဘူး။ ကရုဏာ ဒေါသောဆိုတာ ကရုဏာပျောက်သွားပြီးတော့ ဖြစ်တဲ့ဒေါသပါ။ ဒီလိုပြောချင်တာ။ တတြမဇ္ဈတ္တတာ ဆိုတာ balance emotion လို့ ဘုန်းဘုန်းက ဘာသာပြန်တာ။ အဲဒါကြောင့် ဥပေက္ခာကိုပါ balance emotion ဘာသာပြန်တယ်။ 

★ လူတစ်ယောက်ဒုက္ခရောက်နေတာကြည့်ပြီးတော့ ကိုယ့်ရဲ့စိတ်ထဲမှာ ဝမ်းနည်းတဲ့စိတ်ဖြစ်ရင်လည်း ဒေါသပဲတဲ့။ ဒါကြီးက မတရားဘူးဆိုပြီးတော့ စိတ်ထဲမှာ စိတ်ဆိုးရင်လည်းပဲ ဒေါသပဲ။ အဲဒီဒေါသမဖြစ်အောင်ဆိုရင် ကရုဏာပွားတယ်။ 

★ ခုနမေးတဲ့မေးခွန်းထဲမှာ အဲဒီထဲမှာ emotion ပါလားဆိုတာ အမှန်က ကရုဏာက emotion purification လုပ်တာ။ emotion ကို purified လုပ်တာ။ ဒေါသကို ကရုဏာနဲ့ အစားထိုးတာ။ ဒါဖြင့် အစပိုင်း လုပ်တဲ့အခါမှာတော့ ကိုယ့်ကိုယ်ကိုယ်ပဲ ကရုဏာဖြစ်တယ်၊ ကိုယ့်ကိုယ်ကိုယ်ပဲ compassion ဖြစ်တယ်။ ဒါမှမဟုတ် ကိုယ်နဲ့သိတဲ့လူလောက်ပဲ ကရုဏာဖြစ်တယ်ဆိုရင် ကိုယ့်ရဲ့ကရုဏာက ကိလေသာတွေနဲ့ရှိနေသေးတယ်၊ attach လုပ်ခံနိုင်သေးတာပေါ့။ 

★ မသိတဲ့လူ အထူးသဖြင့် ကိုယ်နဲ့အမြင်ချင်းမတူတဲ့သူကို ကိုယ် အသိအမှတ်ပြုနိုင်တယ်ဆိုရင် မုဒိတာလုပ်တာလေ သူ့ကို အသိအမှတ်ပြုနိုင်ရင် အဲဒီမှာ ကိလေသာနည်းသွားပြီ၊ အတ္တလည်းနည်းသွားပြီ။ ဒါကြောင့် ဘုန်းဘုန်းက ဒီသုံးခု (myself, the people I know, the people I don’t know) ကို မေတ္တသုတ်ကနေ ယူပြီးတော့ diagram လေး လုပ်ထားတာ။ 

★ ငါ ဆိုပြီးတာ့ လုပ်နိုင်တဲ့အချိန်မှာ သုံးပုံတစ်ပုံ ဒေါသကိလေသာ ကိုယ့်ကိုယ်ကိုယ် အားမရတဲ့ဟာ၊ ကိုယ့်ကိုယ်ကိုယ် အမြဲတမ်းအပြစ်တင်နေတဲ့ဟာ the feeling of inadequate အဲဒီဟာတွေ လျော့နည်းသွားတယ်။ ဒေါသကိလသာ သုံးပုံတစ်ပုံ နည်းသွားတယ်၊ တစ်ခဏတာ။

★ ကိုယ်သိတဲ့လူကို ကိုယ်က အားမရဘူးလေ။ ဘာဖြစ်လို့တုန်းဆို ကိုယ်သိတဲ့လူကိုပဲ ကိုယ်က မျှော်လင့်ချက်တွေ ရှိတာကိုး။ ဘယ်လိုကြိုးစားမယ်၊ ဘယ်လိုတော်မယ်၊ ဘယ်လိုလုပ်ပေးမယ်။ မျှော်လင့်ထားတဲ့အတိုင်း မဖြစ်တဲ့အခါကျတော့ ဘာဖြစ်တုန်း frustrated ဖြစ်တယ်။ ဒေါသပဲ frustration. စိတ်တိုတာ ဒေါသပဲ။ အဲဒီဟာကို ကရုဏာနဲ့ အစားထိုးတာ။ 

★ အဲဒါကြောင့် ကရုဏာနဲ့ မုဒိတာက emotion ဖြစ်ပြီး၊ ဥပေက္ခာက emotion မဖြစ်ဘူးဆိုတာ မဟုတ်ပါဘူး။ ကရုဏာက ဒုက္ခကို အာရုံပြုတယ်၊ မုဒိတာက သုခကို အာရုံပြုတယ်။ အာရုံမှာကွာတယ်။ မေတ္တာကျတော့ သုခနဲ့ ဒုက္ခ နှစ်ခုစလုံးကို focus လုပ်တယ်ပေ့ါ။

★ အဲဒါကြောင့် ဘုန်းဘုန်း ပုံမှန်နားလည်တဲ့ပုံစံမျိုးဆိုရင်တော့ မုဒိတာက မေတ္တာရဲ့ ၅၀ရာခိုင်နှုန်း၊ မေတ္တာက သုခရော ဒုက္ခရော focus လုပ်နိုင်တာကိုး။ နှစ်နေရာစလုံးမှာ မေတ္တာထားရမှာနော်။ ကိုယ့်ကိုယ်ကိုယ် မေတ္တာထားတယ်ဆိုရင် ကိုယ်အဆင်ပြေတဲ့အခါလည်း မေတ္တာမမေ့ရဘူး။ ကိုယ်အဆင်မပြေတဲ့အခါလည်း မေတ္တာ မမေ့ရဘူး။ 

★ အဆင်မပြေတဲ့အခါမှာ ကိုယ့်ကိုယ်ကိုယ် မေတ္တာထားရင် မေတ္တာလည်းပါတယ်၊ ကရုဏာလည်းပါတယ်။ ကိုယ်အဆင်ပြေတဲ့အခါမှာ ကိုယ့်ကိုယ်ကိုယ် မေတ္တာထားရင် မေတ္တာလည်းပါတယ်၊ မုဒိတာလည်းပါတယ်။ ဒါကတော့ အဘိဓမ္မာရှုထောင့်ကနေ အာရုံကို ခွဲပြီးပြောပြတာ။ 

★ အဲဒီအာရုံကို အခြေခံပြီးတော့ မှ စိတ်ဖြစ်တယ်လို့ buddhist psychology ကို ဆိုတယ်။ ဒါဖြင့် ကရုဏာက သူ့မှာ distraction တွေ ရှိတယ်။ သူ့ရဲ့ distraction ကတော့ ဒေါသပဲ။ မုဒိတာရဲ့ distraction က နီးတဲ့ distraction က လောဘ၊ ဝေးတဲ့ distraction က ဒေါသ။ 

★ ကရုဏာမှာ နီးတဲ့ distraction က ဒေါသ၊ ဝေးတဲ့ distraction က လောဘ။ စာထဲမှာကျ distraction လို့မခေါ်ဘူး ရန်သူလို့ခေါ်တယ်။ ကရုဏာရဲ့ရန်သူ၊ မုဒိတာရဲ့ရန်သူ အဲဒီလိုသုံးတယ်။ 

★ အဲဒီဟာတွေကို သတိနဲ့ပဲကိုင်ကိုင်၊ မဟုတ်ရင်လည်း သမာဓိ concentration နဲ့ပဲကိုင်ကိုင် အဲဒီလိုကိုင်တဲ့အခါမှာ ဒုက္ခအာရုံနဲ့ပဲတွေ့တွေ့ သုခအာရုံနဲ့ပဲတွေ့တွေ့ စိတ်က မယိမ်းယိုင်တော့ဘူး၊ balance ဖြစ်သွားပြီ။ အဲဒီဟာကိုပဲ ဘုန်းဘုန်းက ဥပက္ခောလို့နားလည်တယ်။ 

★ ပါမောက္ချုပ်ဆရာတော်ကြီးဟောထားတဲ့ ဥပေက္ခာအကြောင်း နားထောင်ကြည့်၊ ဒီတိုင်းပဲ ဟောထားတာ။ ဘုန်းဘုန်းက လျစ်လျူမရှု ကျောမခိုင်းသော ဥပေက္ခာ ဆိုပြီးတော့ ၂၀၁၅ တုန်းက ရန်ကုန်မှာ ဟောထားသေးတယ်။ ဥပေက္ခာအကြောင်း။ 

★ အဲဒီလူက အမြင်ကပ်လိုက်တာ ဥပေက္ခာပြုလိုက်။ အဲဒါ ဒေါသ၊ ဥပေက္ခာ မဟုတ်ဘူး။ အမြင်ကပ်လို့နော် ဒေါသဖြစ်တယ်။ 

ဆက်လက်ဖော်ပြပါမည်။

ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော်

ပါမောက္ခ ‌ဒေါက်တာအရှင်ဓမ္မသာမိ

🙏🙏🙏

(၉.၁၁.၂၀၂၅) မန္တလေးပြည်သူ့ဆေးရုံကြီတွင် ဟောကြားတော်မူခဲ့သော “Mudita and Growth Mindset at Workplace - လုပ်ငန်းခွင်အတွင်း မုဒိတာနှင့်တိုးတက်စိတ်ထား” တရားတော် မှ စာစီပူဇော်ပါသည်။