မေး >> ဆရာခင်ဗျား။ မရှင်းလင်းတာလေးတစ်ခု
လောက် မေးခွင့်ပြုပါခင်ဗျာ။
သတ္တဝါတွေစုတိစိတ်ကျတဲ့အခါ ကံ ၊ကမ္မ
နိမိတ်၊လားရာဂတိတစ်ခုခုကို အာရုံပြုကြ
၏ဟုဆိုရာတွင်၊ရဟန္တာများ ပရိနိဗ္ဗာန်စံခါ
နီး လားရာဂတိနိမိတ်ကိုအာရုံပြုစရာမရှိ ။
ကံ ကမ္မနိမိတ်တို့ကို အာရုံပြုနေပြန်လျှင်
လည်း ကုသိုလ်အကျိုးများ ဆက်ပေးနေ
ဦးမည် ထင်မြင်မိပါသည်။
သို့ဖြစ်လျှင် ရဟန္တာများ ပရိနိဗ္ဗာန်စံလျှင်
အဘယ်အာရုံပြုပါသလဲ။
(ကျွန်တော့်အမြင်က ကံ ကမ္မနိမိတ်တို့မှာ
ပုထုဇဥ် နှင့် အနာဂါမ် သေက္ခပုဂ္ဂိုလ် တို့
အထိသာ သက်ဆိုင်သည်ဟု ယူဆလို့ပါ
ဆရာ)
ဖြေ >>
- ရဟန္တာတို့၏ စုတိသည် "သုက္ခဝိပဿက
ရဟန္တာတို့၏ စုတိ" ၊ "ဈာနာလာဘီ ရဟန္တာ
တို့၏ စုတိ" အားဖြင့်(၂)ပါးရှိပါသည်။
- #သုက္ခဝိပဿက ရဟန္တာတို့၏ မရဏာသန္န
မနောဒွါရဝီထိသည် -
* တဒါရုံ ဘဝင် နောင် စုတိ
* တဒါရုံ နောင် စုတိ
* ဇော ဘဝင် နောင် စုတိ
* ဇော နောင် စုတိ ... အားဖြင့်(၄)ပါးရှိ၏။
- သုက္ခဝိပဿက ကို ကာမဘုံ၌သာရအပ်ပါ
သောကြောင့် ရှေ့နောက် ဘဝင် စုတိ တိုကို
ကာမတိဟိတ် ဘဝင် (၄)ခုချ။ ၎င်းတို့သည်
ပဋိသန္ဓေကပြုမြဲအာရုံအတိုင်းနိမိတ်(၃)ပါး
တွင် တပါးပါးကို အာရုံပြု၏။ဇောကိုမဟာ
ကြိယာဇော (၈)ခုချ ။ မရဏာသန္နဇော တို့
သည်ပကတိအားဖြင့်ထင်မြင်သောရုပ်နာမ်
တရားတို့ကို အာရုံပြု၏။
- #ဈာနာလာဘီ ရဟန္တာပုဂ္ဂိုလ်တို့၏ မရဏာ
သန္နဝီထိသည်လည်း -
* ဈာနသမနန္တရဝီထိ
* ပစ္စဝေက္ခဏသမနန္တရဝီထိ
* အဘိညာသမန္တရဝီထိ
* ဇီဝိတသမသီသိဝီထိ အားဖြင့်(၄)ပါးရှိ၏။
- ဤဈာနသမနန္တရဝီထိ၌ -
* ဈာန် ဘဝင် နောင် စုတိ
* ဈာန် နောင် စုတိ အားဖြင့်(၂)ပါးသာရှိ၏။
- ရှေ့ နောက် ဘဝင် စုတိတို့ကို တိဟိတ်ဘဝင်
(၁၃)ခုချ ။ ၎င်းတို့သည် မိမိပဋိသန္ဓေက ယူ
မြဲသောအတိုင်းနိမိတ်(၃)ပါးတို့တွင်တပါးပါး
ကို အာရုံပြု၏ ။ မရဏာသန္နဇော တို့ သည်
ကသိုဏ်းစသော ဈာန်၏အာရုံကို အာရုံပြု
ကုန်၏။ ဈာန်ဇောကို မဟဂ္ဂုတ်ကြိယာ(၉)ခု
ချ။ ဈာန်ရှေ့ ကာမဇော ပရိကံ, ဥပစာ, အနု
လုံ ,ဂေါတြဘူတို့ကို မဟာကြိယာ ဉာဏသမ္ပ
ယုတ် (၄)ခုချ။
~ တိက္ခဖြစ်လျှင် ကာမဇော (၃)ကြိမ်
~ မန္ဒဖြစ်လျှင် ကာမဇော (၄)ကြိမ်
- အဘိဓမ္မာပညာရပ်ဆိုင်ရာ ဝေါဟာရများ
ကို ဖော်ပြရခြင်းဖြစ်သဖြင့် စကားမကျန်၊
စာမကျန်အောင် ဂရုစိုက်ရပါသည်။ သို့မှ
သာ အမြင်ရှင်း ၊ စိတ်ရှင်းမည်ဖြစ်ရာ -
#စာဆန်လွန်းသည်ဟု အပြစ်မမြင်စေလို
ပါကြောင်း စေတနာကောင်းဖြင့် ဖြေကြား
အပ်ပါသည်။
•••••••••••••••••••••••••••••••••••••••••••••••••••••••••••
(ဖတ်ရှုပေးသူအားလုံးကို ကျေးဇူးအထူးတင်ရှိပါ
သည်။ကြည်နူးချမ်းမြေ့တရားတွေ့နိုင်ကြပါစေ)

