logo

သစ္စာပါရမီ

ဓမ္မရိပ်သာ

မုဒိတာလုပ်ဖို့သိပ်အရေးကြီးတယ်

အောက်စဖို့ဒ်ဆရာတော် ဒေါက်တာဓမ္မသာမိ
7/29/2026
မုဒိတာလုပ်ဖို့သိပ်အရေးကြီးတယ်

★ Our mind is thirsty for mudita. မုဒိတာ ဆာနေတာပေါ့။ အသိအမှတ်ပြုခံချင်လို့ ပြောရင် negative ဖြစ်သွားပြီ။ ဗုဒ္ဓမြတ်စွာဘုရားတောင်မှ အဗ္ဗုဂ္ဂတော ကိတ္တိသဒ္ဓေါ တဲ့။ ကိတ္တိ - ကျော်ဇောဂုဏ်သတင်း မြင့်မားတယ်တဲ့။ သူများ အသိအမှတ်မပြုရင် ဒါ ဗုဒ္ဓလို့ အသိအမှတ်မပြုရင် သူ့တရား ဘယ်သူ့မှ လက်မခံဘူးလေ။ 

★ ဒါက ဆရာဝန်ကြီးပဲ ဆိုတာ အသိအမှတ်ပြုဖို့လိုတာပေါ့၊ လူနာက အသိအမှတ်ပြုဖို့လိုတာ။ ဆရာဝန်အချင်းချင်းလည်း အသိအမှတ်ပြုဖို့လိုတယ်။ အဲဒီ အသိအမှတ်ပြုတာကို ဘုန်းဘုန်းက မုဒိတာလို့ခေါ်တာ။ ဒါဖြင့် ကိုယ့်ကြိုးစားမှုကို အရင် မုဒိတာလုပ်ဖို့၊ ကိုယ့်ဟာကိုယ် အရင် recognize လုပ်ဖို့ အရေးကြီးတယ်။ 

★ ဒါ နောက်ဆုံးထုတ်တဲ့ စာအုပ်၊ မန္တလေးမှာ မနှစ်က လာဟောထားတဲ့ တရားပါပဲ။ ဒီဟာက recognition habit, habit ကတော့ ဘာဝနာပေါ့၊ အကျင့်ဖြစ်သွားတာပေါ့။ recognition ကျတော့ အသိအမှတ်ပြုတာပေ့ါ။ ဒါဖြင့် ကိုယ့်ကိုယ်ကိုယ် အသိအမှတ်ပြုဖို့က သိပ်အရေးကြီးတယ်။ 

★ ထမင်းကောင်းဟင်းကောင်းတွေ စားထားတယ်။ အဝတ်အစားကောင်းတွေ ဝတ်ထားတယ်။ မပြောနိုင်ဘူးဆိုရင် ကိုယ့်ဟာကိုယ် မေ့နေလို့။ အများစုက အဝတ်အစားလှလှလေးတွေ ဝတ်ထားတာ သူများအတွက်ပဲ ဝတ်ထားတာ။ ဒီလောက် ဝတ်ပြီဆိုရင် သူများရဲ့မျက်စိထဲမှာ လုံလောက်ပြီးလားဆိုတာ အဲဒါမျိုးတွေ တွေးတာ။ 

★ ဗုဒ္ဓမြတ်စွာဘုရားက အဲဒီအတွေးဝင်မှာစိုးလို့ ဘုန်းကြီးတွေကို ပထမဆုံးပေးတဲ့ lesson က ဘာတုန်းဆို ချမ်းပူကိုဖျက်၊ ခြင်, မှက်, လေ, နေ … ဒီသင်္ကန်းဝတ်တာ ငါ့အတွက် ငါဝတ်တာတဲ့။ ငါ့အတွက် ငါဝတ်တယ်ဆိုတာ ရာသီဥတု ကာကွယ်ဖို့အတွက် ငါ ဝတ်တယ်။ အရှက်ကာကွယ်ဖို့အတွက် ဝတ်တယ်။ အဲဒါတော့သူများအတွက်ပါ။ 

★ ရာသီဥတု အအေးအပူကာကွယ်ဖို့အတွက်ကို ဝတ်တယ်။ ဒါကြောင့်ဝတ်တဲ့အချိန်မှာ a sense of purpose ကိုပြောတာ။ သူများအတွက်မပါဘူး။ ကိုယ့်အတွက်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် မုဒိတာဖြစ်ဖို့ သိပ်အရေးကြီးတယ်။ 

★ အထူးသဖြင့် ဆရာဝန်တွေကြည့်ပြီးတော့ မုဒိတာ မဖြစ်ကြဘူးဆိုရင် ဘုန်းဘုန်းက စိတ်ထဲမှာလေ သနားတာပေါ့။ စာတွေ အများကြီးဖတ်ထားတာ။ ဆရာဝန်တွေရဲ့စာအုပ်လေ ဘုန်းဘုန်း ကလေးတွေလိုလို့ လှူဖူးတယ်။ ဆေးကျောင်းမှာလည်း လှူဖူးတယ်၊ နောက် ဆေးဝါးတက္ကသိုလ်မှာလည်း ရန်ကုန်မှာ သူတို့က master course လုပ်ချင်တယ်ဆိုလို့ အမေရိကားကနေ မှာပြီး လှူဖူးတယ်။

★ စာအုပ်ကြီးတွေက တခါတည်း တစ်အုပ်နဲ့ကို ခါးညွှတ်နိုင်တယ်။ အဲဒီလိုစာအုပ်ကြီးတွေ ဖတ်ပြီးတော့ ကိုယ့်ကိုယ်ကိုယ် မုဒိတာ မဖြစ်နိုင်ဘူးဆိုရင် ဘုန်းဘုန်းက နှမြောတယ်။ အဲဒါကြောင့် ဆရာဝန်တွေနဲ့တွေ့တဲ့အခါမှာ မုဒိတာ ပြောကိုပြောမယ်လို့။ ကိုယ့်ကိုယ်ကိုယ် မုဒိတာပွားဖို့ အရေးကြီးတယ်။

★ နောက် the people I know ဆိုတာ ကိုယ်သိတဲ့လူ၊ ကိုယ့်ဘဝထဲမှာ ကိုယ်သိတဲ့လူ။ အရင်ကြိုးစားထားတဲ့လူပေါ့။ ကိုယ် ဒီလိုကြိုးစားနိုင်အောင် ဘယ်သူက အရင်ကြိုးစားထားတုန်းဆိုတော့ ကိုယ့်မိဘတွေက အရင်ကြိုးစားထားတယ်။ ကိုယ့်ရဲ့ဆရာသမားတွေ ကိုယ့်ရဲ့ကျောင်းအုပ်တွေ၊ ပါမောက္ခတွေ၊ အရင်ကြိုးစားထားတယ်။ ကိုယ်သိတဲ့လူပေါ့။ အကုန်တော့ မသိဘူး။ 

★ ကိုယ်သိတဲ့သူ သူတို့တွေ ဘယ်လိုကြိုးစားထားတုံး။ အဲဒါတွေကို အသိအမှတ်ပြု။ မနေ့က ဧရာဝတီကျောင်းက ကလေးတွေ အ‌ယောက်(၂၀)လောက်နဲ့ တွေ့တဲ့အခါကျတော့ ၁၂နှစ်သမီးလေးတစ်ယောက်က ဘာပြောတုန်းဆိုတော့ How can I make my parents happy? တဲ့။ သူ့မိဘ ပျော်ရွှင်အောင် သူ ဘယ်လိုလုပ်ရမှာတုန်း။

★ ဘုန်းဘုန်းကပြောတယ်။ Don’t try to please your parents. မိဘကို အလိုမလိုက်နဲ့။ မိဘစိတ်ချမ်းသာအောင်ဆိုပြီးတော့ တမင်သက်သက် သွားမလုပ်နဲ့။ ဘာပဲလုပ်ဖို့ လိုတာတုန်းဆို မာမီနဲ့ဒယ်ဒီက ဘယ်လိုအလုပ်ကြိုးစားတယ်ဆိုတာ အဲဒါလေး အသိအမှတ်ပြုပေးပါ။ မာမီက အသက် ၁၂နှစ်တုန်းက ဘယ်ကျောင်းတက်တုန်း။ ဘာတွေသင်ရတုန်း။ သူငယ်ချင်း ဘယ်နှစ်ယောက်ရှိတုန်း။ အဲဒါတွေမေးပါ။ အသိအမှတ်ပြုပါ။ 

★ ဘာအခက်အခဲတွေရှိတုန်း။ အဲဒီအခက်အခဲကို ဘယ်လိုကျော်လွှားတုန်း။ အဲဒါမျိုးပြော။ မာမီပျော်ရွှင်အောင် ဆိုပြီးတော့ တမင်သက်သက် သွားပြီးတော့ အလိုလိုက်ရင် ဘုန်းဘုန်းက ဘေးကနေပြီးတော့ သမီးကို သံသယရှိတယ်။ ဘာလို့သံသယရှိတုန်းဆိုတော့ သမီးက မေမေဆီက ဘာလိုချင်လဲမသိဘူး။ သွားပြီးတော့ ပလီပလာပြောနေပြီပေါ့။ 

★ ကိုယ်သိတဲ့လူ the people I know ‌မေတ္တသုတ်နဲ့ဆိုရင်တော့ ဒိဋ္ဌာ ဝါ ယေဝ အဒိဋ္ဌာ၊ ဒိဋ္ဌာ ဝါ ယေဝ က ကိုယ်သိတဲ့လူ၊ အဒိဋ္ဌာ ဝါ ယေဝက ကိုယ်မသိတဲ့လူ။ မသိတဲ့လူကို ဆရာမကြီးတို့ ဆေးပေးတယ်ဆိုရင် ကိုယ်ပေးတဲ့ဆေးပေါ့နော်၊ ဒီဆေးကို ဘယ်သူ သုတေသနလုပ်တုန်း၊ ကုန်ကြမ်းဘယ်ကနေ လာတုန်း။ ကုန်ချော ဘယ်သူလုပ်တုန်း။ 

★ ဆေးထုတ်တဲ့ process ထဲမှာ လူတွေ ဘယ်နှစ်ယောက်ပါတုန်း။ ကိုယ်မသိပါဘူး။ ဒါပေမဲ့ ကိုယ်က imagine လုပ်လို့ရတယ်။ သူတို့ကို အသိအမှတ်ပြုလို့ရတယ်။ သူတို့ မရှိဘူးဆိုရင် ဒီ treatment ပေးလို့မရဘူး။ 

★ ဥပမာ အရင်တုန်းကဆိုရင် ဘုန်းဘုန်းတို့က စာသင်သားတုန်းက ကိုယ့်ဆွမ်းခံအိမ်၊ စာချဖြစ်တဲ့အခါကျတော့ ကိုယ့်ဆွမ်းဒကာ။ ကိုယ့်ကို ရှေ့မှာကပ်နေတဲ့ဒကာကိုပဲ ကိုယ်က အာရုံရတာ။ ကိုယ်သိတဲ့လူ၊ အဲဒီလောက်ပဲ အာရုံရတာ။ The people I don’t know အဲဒီထိ မရောက်ဘူး။

★ ဒီဆန်ကို ဘယ်သူက စိုက်တုန်း။ ဘယ်သူကကြိတ်တုန်း။ ဘယ်သူက transport လုပ်တုန်း။ Transport လုပ်ဖို့အတွက် ဘယ်သူက ကားထုတ်လုပ်တုန်း။ ဘယ်သူက လမ်းတည်ဆောက်တုန်း။ ဘယ်သူက ဓါတ်ဆီတွေတူးဖော်တုန်း။ ဓါတ်ဆီချက်တုန်း။ အများကြီးပဲ။ အဲဒါကြောင့်မို့လို့ ကိုယ်မသိတဲ့လူတွေက ကိုယ့်အပေါ်မှာ ပိုပြီးတော့ အကျိုးပြုပါတယ်။ 

★ ဒီအိုင်ဒီယာရရင်လေ သူစိမ်းမရှိတော့ဘူး။ ကိုယ်မသိတဲ့လူပဲရှိတယ်။ ကိုယ်နာမည်မသိတဲ့လူပဲရှိတယ်။ သူစိမ်းကတော့ မရှိတော့ဘူး။ You feel connected with them. မေတ္တာဆိုတာ အဲဒါပြောတာ။ မုဒိတာလည်း မေတ္တာပဲ။ 

★ the people I know အဲဒီဟာနည်းနည်းပြန်ပြီးတော့ ပြောရမယ်ဆိုရင် အဲဒီဟာကို မုဒိတာလုပ်ဖို့က သိပ်အရေးကြီးတာပေါ့။ ဆက်ဆံ‌ရေးအတွက် အရေးကြီးတာ။ 

★ the people I don’t know အတွက်ကတော့ ကိုယ့်စိတ်ကျန်းမာရေးအတွက် အရေးကြီးတာ။ မဟုတ်ဘူးဆိုရင် မသိတဲ့သူတွေကို တခါတည်း ဘာပြဿနာမှ မတက်ဖူးသေးဘဲနဲ့ အလိုလိုနေရင်းနဲ့ သံသယဖြစ်တာ၊ ကြောက်စိတ်တွေဖြစ်တာ၊ အဲဒါမျိုးတွေ phobia တွေဖြစ်နိုင်တယ်။

★ ကိုယ်သိတဲ့လူနဲ့ကျတော့ ရန်ဖြစ်တာ သိတဲ့လူနဲ့ချည်းဖြစ်တာ။ ဟို အမေရိကန် အလတ်ဇကာပြည်နယ်မှာ ရှိတဲ့သူနဲ့ ဘုန်းဘုန်းတို့ မန္တလေးမြို့သူမြို့သားတွေနဲ့ ရန်ဖြစ်ဖို့က အခွင့်အလမ်းမရှိပါဘူး။ သူတို့နဲ့တွေ့ဖို့က မရှိဘူးလေ။

★ ဒါကြောင့် သိတဲ့လူနဲ့ connection ကောင်းကောင်းရဖို့ positive connection ရဖို့ သိပ်အရေးကြီးတယ်။ လုပ်ငန်းခွင်မှာ အဆင်မပြေဘူးဆိုရင် the people I know နဲ့ ကိုယ်က မုဒိတာမလုပ်နိုင်လို့။ 

★ မုဒိတာ မိုးပေါ်ကနေကျလာတာ မဟုတ်ဘူး။ အဲဒါတွေကတော့ ဆရာဝန်တွေက သိတယ်၊ practice ပဲ။ နောက် ဒီ practice က ဘယ်လောက်အထိ ကောင်းတုန်းဆိုတော့ သူက အချိန်အကြာကြီး မယူရဘူး။ အလုပ်လာခါနီး ကားပေါ်မှာ တစ်မိနစ်လောက် နှစ်မိနစ်လောက် အချိန်ယူပြီးတော့ဒီအကြောင်းတွေးလိုက်ရင် သူ ရသွားတာပဲ။ 

★ ဒါမှမဟုတ် နားနေတဲ့အချိန်၊ ဒါမှမဟုတ် ward round လှည့်တဲ့အချိန်၊ တစ်ဆောင်ကနေ တစ်ဆောင်သွားတဲ့အချိန်၊ အဲဒီအချိန်လေး အသုံးပြုလို့တောင်မှ ရတယ်။ အဲဒါ break ဖြစ်သွားတာ၊ break မယူဘဲနဲ့ break ဖြစ်သွားတာပေါ့။ အဲဒီသုံးခု venn diagram ဆိုတဲ့အတိုင်း သူက တစ်ခုနဲ့တစ်ခု ဆက်စပ်နေတာပေါ့။

★ Myself အဲဒီဟာ အားကောင်းဖို့အတွက် ကျန်တဲ့နှစ်ခု အားကောင်းဖို့လိုတယ်။ The people I know အဲဒီဟာနဲ့ connection ကောင်းဖို့အတွက် ကျန်တဲ့နှစ်ခု myself နဲ့ the people I don’t know နဲ့ အဲဒီနှစ်ခုနဲ့က connection ကောင်းဖို့လိုတယ်။ 

★ The people I don’t know သူတို့တွေနဲ့ connection ရဖို့ ဘာလိုတုန်းဆို ကိုယ့်ကိုယ်ကိုယ် ပြန်သိဖို့၊ ကိုယ့်နားမှာရှိတဲ့လူတွေနဲ့ ကိုယ်သိဖို့ အရေးကြီးတယ်။ အဲဒီလိုဆိုရင်တဲ့ ဘုန်းဘုန်းကြည့်နေတယ် အမျိုးသမီးက 75% လောက်ရှိတယ်။ ခုနတုန်းက ပြသွားတဲ့ stress management video မှာ ဘာပြသွားတုန်းဆိုတော့ မုဒိတာလုပ်ရင် နုပျိုတယ်တဲ့။ 

★ ကဲ မုဒိတာလုပ်ရအောင်။ ဆရာကြီးလည်းလိုပါတယ်၊ ဆရာကြီးလည်း နုပျိုဖို့ လိုတယ်။ ကဲ မုဒိတာ ပွားမယ်နော်။ ဒီတခါတော့ ခပ်ကြာကြာလေး ၆မိနစ်လောက် ပွားမယ်။ တစ်ကန့်တစ်ကန့်ကို ၂မိနစ်ပွားမယ်နော်။ ကိုယ့်အတွက် ၂မိနစ်၊ ကိုယ်ကြိုးစားခဲ့တဲ့ဟာ၊ ကိုယ်လုပ်ခဲ့တဲ့အလုပ်တွေ အဲဒါတွေ ပြန်ပြီးတော့ အသိအမှတ်ပြုတာ။ 

★ ပြီးရင် ၂မိနစ် ပြီးသွားတဲ့အခါမှာ ဘုန်းဘုန်းပြောမယ်၊ ကိုယ်သိတဲ့လူ၊ တစ်ယောက်နှစ်ယောက်ရွေးပြီးတော့ အသိအမှတ်ပြုပါ။ ကဲ အခုစပြီ။ 

★ ကိုယ်ကြိုးစားခဲ့တာ အားမနာတမ်း ပြန်ပြီးတော့တွေးပါ။ အသိအမှတ်ပြုပါ… မကြာခင် ကိုယ်သိတဲ့ လူတွေအကြောင်းတွေးပြီးတော့ အသိအမှတ်ပြုပေးပါ။ ကိုယ့်ကို တစ်ခုခုပေးလို့ ကျေးဇူးတင်ခိုင်းတာ မဟုတ်ပါဘူး။ ပေးပေးမပေးပေး သူတို့ကြိုးစားတာကို အသိအမှတ်ပြုတာ။

(မုဒိတာဆက်ပွားနေပါ)။

အချိန်စေ့ပါပြီ။ 

ဆက်လက်ဖော်ပြပါမည်။

ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော်

ပါမောက္ခ ‌ဒေါက်တာအရှင်ဓမ္မသာမိ

🙏🙏🙏

(၉.၁၁.၂၀၂၅) မန္တလေးပြည်သူ့ဆေးရုံကြီတွင် ဟောကြားတော်မူခဲ့သော “Mudita and Growth Mindset at Workplace - လုပ်ငန်းခွင်အတွင်း မုဒိတာနှင့်တိုးတက်စိတ်ထား” တရားတော် မှ စာစီပူဇော်ပါသည်။