❖ ပြောင်းပြန်ဆိုရင်တော့ ပြောင်းပြန်ပြန်သွားပေါ့။ ပြောင်းပြန်ကတော့ ဆွမ်းဘောဇဥ် အင်မတန်ရှားတဲ့ ရဟန်းတစ်ပါး ရှိတယ်။ ပြစ်မှားကံပေါ့နော်။ သူက ပြီးခဲ့တဲ့ ဘုရားလက်ထပ်မှာ ဖြစ်ခဲ့တာပါပဲ၊ ကျောင်းထိုင်ဘုန်းကြီးတဲ့ဗျ။ တောရွာက သူဌေး သူကြွယ် တစ်ယောက်ကနေပြီးတော့ သူဌေးရဲ့အောက် သူကြွယ်ဆိုတာ ရှိတယ်။ အဲ့မှာ သူကျောင်းဆောက်လှူထားတာကိုး။
❖ တစ်နေ့တော့ ရွာထဲကို ဘုရားရဲ့ ရဟန္တာ သာဝကတစ်ပါးက ကြွလာတာကို ကြည်ညိုတာနဲ့ဘဲ အိမ်ပင့် ဆွမ်းကပ်ပြီးတော့မှ တစ်ည တည်းပါဦးဘုရားဆိုတော့ တပည့်တော် ဆောက်ထားတဲ့ကျောင်းရှိပါတယ်ဆိုပြီးတော့ ပင့်လာတာပေါ့နော်။ သူ့ထက် ဝါကြီးတယ်တဲ့။ မိတ်ဆက်ပေးတယ်။ ရိုရိုသေသေ ကန်တော့တယ်။ အိမ် ဆွမ်း အကုန်ပြင်ဆင်ပေးတာပေါ့။
❖ မနက်ကျရင်ဘုရားတဲ့ အာဂန္တုရဟန်းနဲ့ အတူ ဆွမ်းစားကြွပါဘုရားလို့ ပင့်တာပေါ့။ အဲဒါ ဘာမှ ရင်ပူစရာ အကြောင်းမရှိဘူးနော်။ သို့သော်တဲ့ ကိုယ့်ကို အင်မတန်ခင်တဲ့ သူဌေးက သူ့ကို သွားခင်တာမို့ ကလေးဆန်ဆန်ပေါ့နော်၊ ရင်ထဲမှာ မနာလိုဘူးတဲ့ ပူလောင်နေတာ။ ငါ့ထက် ပိုသည်းနေတာလို့ သူမြင်ပြီးတော့မှ စိတ်ထဲ မကောင်းဖြစ်နေတာ။
❖ အဲဒါ ကြောက်စရာကောင်းတဲ့ အပူလှိုင်းတွေ။ တစ်ဖက်သားရတာကို ပျော်ရမယ့်အစား တစ်ဖက်သား ပြည့်စုံရင် ပျော်ရမှာနော်။ ပျော်တဲ့ ပီတိမစားနိုင်ဘဲနဲ့ ရင်ထဲမှာ မကောင်းဘူးတဲ့ဗျ။ သူ့ဒကာက ရိုရိုသေသေ ကန်တော့တယ်။ ဆွမ်းကပ်တာ နေရာခင်းတာကအစ ကိုယ်လိုရရင် ပျော်ရမှာပေါ့နော်။ ကိုယ့်ကိုယ်နဲ့ သူ့စိတ်သာ ဖြစ်ရင် ပျော်စရာ မကောင်းဘူးလား။ (ကောင်းပါတယ် ဘုရား)။ မထားနိုင်ဘူး။
❖ ငါ့ထက် ပိုသည်းနေရင် ကြာကြာနေရင် ဒုက္ခဘဲပေါ့။ ပူလောင်တာတဲ့ဗျ။ မနက် ဆွမ်းစားသွားရင် ဆွမ်းတွေ ကောင်းကောင်းစားရမှန်းသိရင် ပြန်မှာ မဟုတ်တော့ဘူး။ တွေးပြီး တစ်ညလုံး ပူလောင်တာ။ ကန်တော့တဲ့ပုံပေါ်လာရင် ရင်ထဲက ပူလောင်လာတယ်။ ရိုရိုသေသေကန်တော့ပြီးတော့ ရီမောပြောနေတာတွေ ပုံပေါ်လာရင်း ပူလောင်ရင်းနဲ့ မခံစားနိုင် ဖြစ်နေတာ တစ်ညလုံးဘဲ။
❖ မနက်ကျတော့လည်း မခေါ်သွားဘူးတဲ့ သူက ဝိနည်းလွတ်တဲ့။ ရင်းနှီးသွားမှာ စိုးလို့ပေါ့နော်။ အဲ့မှာတင် ကြေးစည်လည်း အသံမကြားအောင် အသာလေး ခေါက်တယ်။ နောက် တံမြက်စည်းလည်း အသာလေး လှည်းတယ်။ တံခါးကိုလည်း အသာလေး သွားခေါက်ပြီးတော့မှ ခြေဖော့ဆင်းသွားတာ။ ရောက်တော့ သူကြွယ်က ဆီးမေးတာပေါ့။
❖ အရှင်ဘုရား မပါဘူးလားဘုရားဆိုတော့ မကြည်ညိုအောင် ပြောတဲ့စကားနော်။ ကြောက်စရာ ကောင်းတယ်နော်။ အမလေး ရဟန်းတဲ့ဗျာတဲ့ ကျုပ်က အစောကြီးထ ကြေးစည်လည်းထိုး တံပျက်စီးလည်းလှည်းပြီး၊ တံခါးလည်း သွားခေါက်တာတောင် မနိုးပါဘူးတဲ့ဗျာတဲ့။ ရဟန်းပျင်း ရဟန်းပျက်ကြီး မကိုးကွယ်နဲ့ ဆိုတဲ့ အဓိပ္ပာယ်ဘဲပေါ့။
❖ ကြောက်စရာ သိပ်ကောင်းတဲ့ စကားနော်။ အမုန်းဓာတ်ကြီး ဖြစ်အောင် ကွဲအောင်လုပ်တဲ့ စကားနော်။ ကြောက်စရာ သိပ်ကောင်းတာ။ ဟိုက နားလည်လိုက်တယ် တင်ပါ့ဘုရား ခရီးပန်းလာလို့ နေမှာပါဘုရားဆိုတော့ မကျေနပ်ပြန်ဘူး။ အရှင်ဘုရားဘဲ ကိုးကွယ်မယ်လို့ ပြောစေချင်တာကိုး။
❖ ဟိုက မဟုတ်ဘူး နားလည်နေတော့ ဆွမ်းလည်း မအီမလည်နဲ့ စားပြီးတော့ ပြီးလည်း ပြီးရော သပိတ်ပေးပါဦးဘုရား ဆိုပြီးတော့ ပြောင်အောင်ဆေး အာမခံထားတာ ဖြစ်တဲ့အတွက်ကြောင့် လှူလိုက်မယ်ပေါ့နော်။ အရှင်ဘုရားရယ် လှူလိုက်ပါမယ်ဘုရားတဲ့။ ကပ်ပေးပါဘုရား ဆိုပြီး ထည့်ပြီးတော့ ပေးလိုက်တော့ လမ်းကျ ဖွင့်လည်း ကြည့်တော့ ပျော်ရမယ့်အစား မပျော်ဘူးဗျာ သူက။
❖ ဒီလောက်ကောင်းတာတွေ စားရရင် ကျောင်းက ပြန်မှာ မဟုတ်တော့ဘူး ဆိုပြီးတော့ တောမီးလောင်တဲ့ထဲမှာ မီးရှို့ပစ်ခဲ့တာ။ ဖျောက်ပစ်ခဲ့တာ။ သူ့ဘာသူ အောင်ပြီထင်တာ။ ဒါပေမယ့် ဒီထဲမှာ သတ္တိအကုန် ကိန်းသွားတာဘဲ။ ကျောင်းလည်း ရောက်ရော ရဟန္တာက သိစေဆိုပြီး အမှတ်အသားထားပြီး ကြွသွားတော့မှ နောင်တရပြီး ကုက္ကုစ္စ ခေါ်ပြန်တယ်။
❖ ငါမှားပြီဆိုပြီးတော့ အမှားတွေ တွေးပြီးတော့ ပူလောင်ပြီး ငရဲကျတော့တာဘဲ အကြာကြီး ခံရတာနော်။ ဘုရားနှစ်ဆူကြားမှာတဲ့ အကြာကြီး ခံရတာဗျ။ အဲ့ကြားမှာက ခွေးတစ်ခါ လာဖြစ်တယ်။ မစင်တွေ ပြန်စားပြီး ငရဲပြန်ကျတယ်။ နောက် ဘီလူးတစ်ခါဖြစ်တယ်။ ငရဲပြန်ကျတယ်။ နောက်ဆုံးလူဖြစ်တော့ တံငါရွာမှာ သွားပြီးတော့ သန္ဓေမှီတာ။
❖ သူမှီတဲ့အခါမှာ အံ့သြစရာက သူ့ကံက တအားညံ့လွန်းအားကြီးတော့က ဘေးသင့်ကုန်တာ။ ရေဘေး မီးဘေးသင့်ကုန်တာ။ ရွာခေါင်းဆောင်က နှစ်ခြမ်းခွဲမယ်ကွာဆိုပြီး ခွဲလိုက်တော့ သူ့ဘက်က ဆိုးတော့ ထပ်ခွဲထပ်ခွဲနဲ့ နောက်ဆုံးတော့ သူ့တစ်အိမ်တည်း ကျန်တော့တာ။ အဲ့တော့ ယောကျ်ားက မိန်းမယုတ်တဲ့ နင့်ဗိုက်ထဲက ယုတ်မာတာတော့ သေချာတယ်ဆိုပြီးတော့ ထားခဲ့တော့တာ နှင်ချလိုက်တာ။
❖ ယောင်ချာချာနဲ့ ရရာဘဲ စားနေရတာပေါ့နော် ကလေးကြောင့်နော်။ မရှိရှာဘူး။ သွားတောင်ရင် မရဘူးဗျာ အဲ့လိုနော်။ ကလေးကို ရအောင် မွေးရတယ်။ ကလေးပါရင် မပေးပြန်ဘူး။ ကလေးတစ်နေရာထားပြီး တောင်းပြီးတော့ နို့တိုက်ပြီး မွေးရတာ အမေဆိုတော့။ လမ်းသွားတဲ့ အရွယ်ကျတော့ အမေလည်း မခံစားနိုင်တော့ဘူး။
❖ သားရယ် တောင်းစားပါ သားရယ်ဆိုပြီးတော့ ထားပစ်ခဲ့ရတာ။ စွန့်ခဲ့ရတာ။ ရဟန္တာကြီးကို မုန်းခဲ့တဲ့ ဓာတ်တွေလေ။ သဘောပေါက်ရဲ့လား။ နောက်ဆုံးပိတ် ရဟန္တာဖြစ်မယ့် ပုဂ္ဂိုလ်နော်။ မပြစ်မှားခင်က ဝိပဿနာ အားထုတ်ထားတဲ့ တရားတွေက အကျိုးပေးဖို့ စောင့်နေပြီ။ တွေ့ကရာ လျောက်ကောက်စားတာ မသေဘူးဗျာ။ ဆံပင်စုတ်ဖွားနဲ့ ပေစုတ်ပြီး သရဲလို ဖြစ်နေတာ။
❖ ခုနှစ်နှစ်သားကျတော့ ရှင်သာရိပုတ္တရာနဲ့ သွားတွေ့တော့မှ ပါရမီရှင်မှန်းသိလည်း သိရော ကျောင်းခေါ်သွားတာ။ ရေမိုးချိုးပြီး ဆံပင်လေး ရိတ်ပေးပြီးတော့ ကိုရင်စည်းပေးတာ။ စဆွမ်းခံတုန်းက အိမ်တစ်အိမ်က ဆွမ်းတစ်ဇွန်း လောင်းလိုက်တာနဲ့ တစ်ဇွန်းဘဲရတာနော်။ နောက်အိမ်တွေက ကြည့်လိုက်ရင် သပိတ်ကြီး လျှံနေတာ။ လောင်းစရာ မလိုတော့ဘူးဆိုပြီး တစ်အိမ်မှ မလောင်းကြတော့ဘူး။
❖ အဲ့ တစ်ဇွန်းစာလေးနဲ့ဘဲ စားပြီး ကျေနပ်ရတာ။ နောက် ရဟန်းဖြစ် တရားပေး ရဟန်းကိစ္စပြီးခါနီးပြီ။ ပြီးလည်း ပြီးရော တစ်နေ့ကျ ရှင်သာရိပုတ္တရာကြီးက ကြည့်လိုက်တော့ သူ့တပည့်လေးက သေလည်း သေခါနီးနေပြီ တစ်နပ်တော့ ဝအောင် စားရပါစေဆိုပြီးတော့ တူတူဘဲ ဆွမ်းခံကြွမယ် လိုက်ခဲ့ပါဆိုတော့ ကံချင်းပေါင်းတယ် ခေါ်တယ်နော်။
❖ သူ့ရဲ့ အရှိန်အဝါက တစ်အသေင်္ချေနဲ့ ကမ္ဘာတစ်သိန်း ဖြည့်လာတာ။ အများကြီး ဖြည့်လာတာဆိုတော့ ဆွဲအား အင်မတန်များတော့ စက်ကွင်းထဲ ထည့်လိုက်လို့ ရှိရင် လာဘ်လာဘများ ပေါမလားပေါ့။ သူက နောက်ဆုံးပိတ်ဘဝ ရဟန္တာရဲ့ လာဘ်လာဘတွေကို ဖျက်ဆီးတဲ့ကံက အကျိုးပေးစနေပြီလေ။
❖ နှစ်ပါးသွားနေတဲ့ အချိန်မှာ လေးငါး ဆယ်အိမ်သွားပြီးရော ခွက်တွေ ဆွမ်းတွေ ကိုင်ထားကြပြီး မမြင်ကြဘူးတဲ့ဗျာ။ အရှင်မြတ်ကြီးပါပျောက်နေတာ။ နှစ်ပါးလုံးပျောက်နေတယ်။ မမြင်ရဘူးဆိုတော့မှ ရိပ်မိသွားတယ်။ ကဲ ငါ့ရှင်တဲ့ အခြေအနေမကောင်းဘူး သင့်ကံက တအားများနေတယ် ငါမနိုင်ဘူးတဲ့နော်။
❖ ကျောင်းက ပြန်စောင့်၊ ဇရပ်က သွားစောင့်ခိုင်းရတယ်။ တစ်ပါးတည်းသွားမှ မြင်လည်း မြင်ရော နောက်ကျနေတော့ ဆွမ်းချိုင့်ကို သွားပို့ခိုင်းရတာ။ ပို့တော့ ဇရပ်ပေါ်မှာ ရှိတာကို မမြင်ကြဘူးဗျာ။ သူတို့ဟာသူတို့ စားပြီး ပြန်သွားကြတာ။ ရဟန္တာဆိုတော့ သူကလည်း မတောင်းပါဘူး။
❖ အဲဒါ မွန်းလွဲတော့မှ လာပြီးတော့ မစားရဘူးဆိုတော့မှ ကောသလမင်းကြီးကလည်းဘဲ ဘုရားကြည်ညိုတဲ့ အချိန်ဆိုတော့ ပျားရည်ရယ် ထောပတ်ရယ် တင်လဲရယ် နှမ်းဆီရယ် ကန်နဲ့ လုပ်ထားတာဗျ။ သွားယူပြီး ၄ခုခပ် သပိတ်ထဲမှာ မွှေတော့ စတုမဓူ ဖြစ်သွားတာပေါ့နော်။ အဲ့တာ သပိတ်တစ်ဝက်သာသာ သယ်လာရတယ်။
❖ ပြီးတော့မှ အနားကျတော့ ကျွေးမယ်လည်း ကြံလိုက်တော့ မရမှန်းသိသွားပြီတဲ့။ မီးရှို့တဲ့ကံကိုး။ ပျောက်အောင် လုပ်ခဲ့တာနော်။ အဲ့ကံက အကျိုးပေးတော့ မင်းလက်ထဲ ထည့်လိုက်ရင် ပျောက်သွားလိမ့်မယ်။ မရဘူးတဲ့။ အဲ့တာ ကိုယ်တိုင်ကို အားစိုက်ပြီးတော့မှ ခွံ့ရတယ်။ တစ်ခါဘဲ ဝအောင်စားပြီးတော့ ပရိနိဗ္ဗာန်စံသွားတယ်။ ဖြစ်ခဲ့တာနော်။ အဲ့တော့ မှတ်တမ်းတွေ အများကြီးပေါ့။
❖ ဘယ်သူ့အပေါ်ဖြစ်ဖြစ်ပေါ့ နားလည်ရမှာက တကယ်တန်ဖိုးထား တကယ်ချစ်ကြရမှာလေ။ အပြစ်လေးနဲ့ပေါင်းလိုက်ပြီး မုန်းလိုက်တယ်ဆိုရင် ဘယ်သူရှုံးသွားတာလဲ။ ကိုယ်ရှုံးသွားတာနော်။ သတိထားရမယ်။ ချမ်းသာလမ်းက အလွယ်လေးဘဲ။ ခွေးကအစ ကြည့်ပြီးတော့ တကယ်တန်ဖိုးထား တကယ်ချစ်ဖို့ လိုအပ်တယ်။ တဖက်သားရတာ ကိုယ်ရသလို ပျော်နိုင်ရင် ရပြီ။ နားလည်ပြီလား။
❖ ခမ်းခမ်းနားနား ဖြစ်ချင်ရင် ခမ်းခမ်းနားနား ပျော်သာပျော်။ အဲဒါ အားတွေယူလို့ရှိရင် အကုန်ပြီးပါပြီ။ ယတြာဓါတ်လည်း မလိုပါဘူး။ ဘယ်နတ်ကမှလည်း ကိုယ့်ကို မစောင့်ရှောက်နိုင်ပါဘူး။ ဒီအားရှိမှ ရတာပါလို့ မှတ်ရမယ်။ ဘုရားလည်း တတ်နိုင်ပါ့မလား။ မတတ်နိုင်ပါဘူးဗျာ။ ရမလား။
❖ အဲ့တော့ ပြစ်မှားကံတွေက မသိခင်က မှားထားတာတွေကတော့ အများကြီးပေါ့။ သဘောပေါက်ရဲ့လား။ နားလည်ပါတယ်နော်။
ဆက်လက်ဖော်ပြပါမည်။
ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရားကြီး
🙏🙏🙏
GIC မိသားစု (၂)ရက်တရားသင်တန်း (၄.၇.၂၀၂၆ - ပထမအချိန်) ချမ်းသာလမ်း တရားတော်မှ စာစီပူဇော်ပါသည်။
မမေသူကိတ်မှ စာစီပူဇော်ပါသည်။
