ဒိဋ္ဌေ ဒိဋ္ဌမတ္တံ

ဓမ္မဘေရီဆရာတော်
9/26/2026
ဒိဋ္ဌေ ဒိဋ္ဌမတ္တံ

"ဒိဋ္ဌေ ဒိဋ္ဌမတ္တံ”ရဲ့အဓိပ္ပါယ်လေး

နဲနဲရှင်းပြပေးပါ…တဲ့။

✅နဲနဲရှင်းပြလို့ရတဲ့တရားမျိုးမဟုတ်ဘူးဗျ၊

ပိဋကတ်ကိုဖတ်တဲ့အခါ အထူးသတိပြုရမှာက

အခုစကားလို အတိုဆုံးအနဲဆုံးနဲ့ အဓိပ္ပါယ်

ကျယ်ဝန်းတဲ့တရားမျိုးဆိုတာ အရိပ်ပြရင်

အကောင်ထင်လောက်အောင် 

ဉာဏ်ရည်မြင့်တဲ့ပုဂ္ဂိုလ်တွေကိုဟောတာ၊

တော်တော့လူကိုကျ အဆရာထောင်လောက်

ချဲ့ဟောနိုင်ကြည့်နိုင်မှ ရေးရေးသဘောပေါက်မှာ။

(“သိလေ ပတဋ္ဌာယ နရော သပညော”စတဲ့

၃၂-လုံးဂါထာလေးတစ်ပုဒ်ကို

“ဝိသုဒ္ဓိမဂ္ဂ”ဆိုပြီး

စာလုံးရေသိန်နဲ့ချီချဲ့ပြီးရေးရတာကိုကြည့်ပေါ့။)

ဒီ”ဒိဋ္ဌေ ဒိဋ္ဌမတ္တံ”ကလဲ 

တိုတိုလေးပြောလိုက်ရုံနဲ့

အဓိပ္ပါယ်ကိုအမြန်ဆုံးသိနိုင်စွမ်းရှိတဲ့

“ခိပ္ပါဘိည ဧတဒဂ်”ရ

အရှင်“ဗာဟိယဒါရုစိယ”ကိုဟောတဲ့တရားဗျ။

(နောက်တစ်ကြိမ်တော့-

“မာလုကျပုတ္တ”ဆိုတဲ့ လူကအိုပေမယ့်

ဉာဏ်နုပျိုလွန်းတဲ့ရဟန်းကြီးကိုလဲဟောဖူးတယ်၊

ဒီစကားကို မချဲ့မထွင်နားလည်နိုင်တာဆိုလို့

ပိဋကတ်မှာ ဒီနှစ်ပါးပဲထင်ရှားပါတယ်။

(နောက်ထပ် သူတို့လောက်နီးပါးဉာဏ်ထက်သူက

“သန္တတိအမတ်ကြီး”ပါ၊

သူ့ကိုလဲ ဒီအဓိပ္ပါယ်ဆောင်တဲ့တရားကို

ဟောဖူးပါတယ်၊

ဒါပေမယ့် အက္ခရာ ၃၂-လုံးဟောရတာ။)

“မဟာပညာဧတဒဂ်ရ အရှင်သာရိပုတ္တရာတောင်

“ယေ ဓမ္မာ ဟေတုပဘဝါ၊တေသံ ဟေတုံ

တထာဂတော”ဆိုတဲ့အက္ခရာ၁၆-လုံးကိုနာမှ

တရားမျက်စေ့ပွင့်တာ၊

ခုဟာက အက္ခရာ ၆-လုံးထည်း၊

နဲနဲပြောရုံနဲ့ဘယ်ရမလဲ။

“ဒိဋ္ဌေ ဒိဋ္ဌမတ္တံ=မြင်ရင် မြင်ကာမျှ”ဆိုတာ

မျက်စေ့အကြည်နဲ့ အဆင်းနဲ့ဆုံမိလို့

(အမှတ်တမဲ့မထားပဲ)နှလုံးသွင်းရှိတဲ့အခါ-

“မြင်သိစိတ်”ဖြစ်ပါတယ်၊

မြင်သိ,ကြားသိစတဲ့ ဒွါရနဲ့အာရုံတိုက်ဆုံလို့

မထမဆုံးဖြစ်တဲ့စိတ်တွေက

“လောဘ’ဒေါသ’မောဟဆိုတဲ့ အကုသိုလ်

အရင်းအမြစ်တွေနဲ့ရော..

“အလောဘ’အဒေါသ’အမောဟ”ဆိုတဲ့

ကုသိုလ်အရင်းအမြစ်တွေနဲ့ရော..

မယှဉ်တွဲတဲ့ ‘အဟိတ်စိတ်’ခေါ်ပါတယ်။

ကျေနပ်စရာလို့ရော မကျေနပ်စရာလို့ပါ

လုံးဝထင်မှတ်ခြင်းမရှိလို့ အဖြူထည်သန့်သန့်

စိတ်ကလေးတွေပါ၊

အဖြူထည်ဖြစ်သလို အပူလဲမသီမကပ်ပါဘူး၊

“မြင်ရုံသာမြင်ရ မကြင်ရမောင့်မှာ”ဆိုတဲ့စိတ်မျိုးပါ၊

ကောင်းမှန်းဆိုးမှန်းတောင်ခွဲခြားမသိနိုင်လို့

မြင်ရတဲ့အာရုံကိုလဲ ခံစားခွင့်မရတဲ့စိတ်မျိုးပါ။

(စိတ်ဖြစ်စဉ်(ဝီထိ)ကိုသင်ဖူးရင်တော့

‘ဇောစိတ်’ကသာအာရုံကိုခံစားနိုင်တယ်ဆိုတာ

သိကြပါတယ်)။

စိတ်မှန်သမျှ ဝေဒနာနဲ့မကင်းကြလို့ မြင်သိစတဲ့

စိတ်တွေမှာလဲ ဝေဒနာယှဉ်ပါတယ်၊

ချစ်မုန်းမပါတဲ့’ဥပေက္ခာဝေဒနာ’ပါ။

ပုထုဇဉ်တို့အဖို့ကတော့-“မြင်ရင် မြင်ကာမျှ”

ထားနိုင်ဖို့ဆိုရင် သတိပဋ္ဌာန်ဝိပဿနာအလုပ်

ကြိုးစားအားထုတ်လို့ ဝိပဿနာအထွဋ်အထိပ်ဖြစ်တဲ့”င်္သခါရုပေက္ခာဉာဏ်”ရောက်မှသာ

ထားနိုင်မှာဖြစ်ပါတယ်၊

ဒါတောင်”တဒင်္ဂ=တခဏ”လောက်၊အလွန်ဆုံး

ဝိက္ခမ္ဘန=အတော်ကြာကြာလေး”လောက်သာဖြစ်နိုင်မှာပါ။

ဒီဖြစ်စဉ်ကိုကြည့်လိုက်ရင်…

“ဒိဋ္ဌေ ဒိဋ္ဌမတ္တံ=မြင်ရင် မြင်ကာမျှ”ဆိုတာ

“သင်္ခါရုပေက္ခာဉာဏ်”လောက်ထိ ဝိပဿနာ

အားထုတ်ဖူးမှ ထားနိုင်မယ်ဆိုတာ

သဘောပေါက်လောက်ပါပြီ။

မုတ်ဗုဒ္ဓတရားတော်ဆိုတာ-

“အတက္ကဝစရော=စိတ်ကူးနဲ့ကြံဆလို့မရဘူး”

ဆိုတဲ့အတိုင်း

လက်တွေ့အားထုတ်မှရမှ 

သိရမည့်တရားမျိုးဖြစ်လို့

သတိပဋ္ဌာန်တရားကို ဝိပဿနအထွတ်အထိပ်

ရောက်အောင်အားထုတ်ပြီး

“ဒိဋ္ဌေ ဒိဋ္ဌမတ္တံ=မြင်လျှင် မြင်ကာမျှ”

ထားနိုင်ကြပါစေ…

(ဓမ္မဘေရီဆရာတော်)