❖ အားလုံးပဲ တစ်ခေါက်လိုက်ဆိုပေးကြနော်။
❝အဟံဘန္တေ တိသရေဏသဟ အာဇီဝဋ္ဌမကသီလံ သမာဒိယာမိ။❞
အရှင်ဘုရား တပည့်တော်တို့သည် ဘုရား၊ တရား၊ သံဃာ ရတနာမြတ်သုံးပါးကို ဆင်းရဲကင်းပျောက် ချမ်းသာရောက်အောင် စောင့်ရှောက်တတ်သော ကိုးကွယ်ရာဟူ၍ အသက်ထက်ဆုံး မှီဝဲဆည်းကပ် သိမှတ်ပါသည်ဘုရား။
❖ ဒီမှာ ဘုရားရှင်က ဆင်းရဲကင်းပျောက် ချမ်းသောရောက်အောင် စောင့်ရှောက်တယ်ဆိုတဲ့စကားလေးက အခြားမဟုတ်ဘူး အသိမှန်ပေးထားတာပါတဲ့။ အချိန်တိုင်းတွေးနေရင်း ဘဝပြောင်းနေသည်။ အတွေးရှိရင် အလုပ်ရှိတယ်။ တစ်ယောက်တွေးတော့ ဒီအတွေးကဟေ့ အကုသိုလ်၊ ဒီအတွေးက ကုသိုလ်။ ရှေ့မှာက ဆိုးကျိုးရှိတယ်၊ ကောင်းကျိုးရှိတယ်။ မြင်အောင် သင်ထားသောကြောင့်တဲ့ တစ်ယောက်တည်း တွေးတဲ့အတွေးကိုတောင်မှ ဘုရားက အမြဲတမ်းကြပ်မတ်လို့ စောင့်ရှောက်နေတာဖြစ်သဖြင့် မမှားဘူးတဲ့။ ဆင်းရဲမဖြစ်ဘူး ချမ်းသာလိမ့်မယ်။ ဒါကြောင့် ဘုရားရှင်က တို့ကို အချိန်တိုင်း စောင့်ရှောက်တယ်လို့ မှတ်ရမယ်။ ဆက်ဆိုကြရအောင်။
ဆင်းရဲကင်းပျောက် ချမ်းသာရောက်အောင် စောင့်ရှောက်တတ်သော ကိုးကွယ်ရာဟူ၍ အသက်ထက်ဆုံး မှီဝဲဆည်းကပ် သိမှတ်ပါသည်ဘုရား။ ရှစ်ပါးသော အာဇီဝ သီလတော်မြတ်ကိုလည်း ကောင်းစွာ ဆောက်တည်ပါသည် ဘုရား။
တပည့်တော်တို့သည် တပါးသူ၏အသက်ကို သေစေလိုသောစိတ်ဖြင့် သတ်ဖြတ်ခြင်းမှ ရှောင်ကြဥ်ပါမည် ဘုရား။
ပိုင်ရှင်မပေးသော ဥစ္စာပစ္စည်းတို့ကို ခိုးယူခြင်းမှ ရှောင်ကြဥ်ပါမည် ဘုရား။
မမြတ်သော မေထုံအမှုတို့ကို ပြုကျင့်ခြင်းမှ ရှောင်ကြဥ်ပါမည် ဘုရား။
မဟုတ်မမှန် လိမ်ညာ၍ ပြောဆိုခြင်းကိုလည်း ရှောင်ကြဥ်ပါမည် ဘုရား။
နှစ်ဦးသားတို့အကြား ချစ်ခြင်းကို ပျက်ပြယ်စေသော အတင်းစကား ဂုန်းစကားတို့ကို ပြောဆိုခြင်းမှလည်း ရှောင်ကြဥ်ပါမည် ဘုရား။
ကြမ်းတမ်းရိုင်းပြသော စကားတို့ကို ပြောဆိုခြင်းမှလည်း ရှောင်ကြဥ်ပါမည် ဘုရား။
နိဗ္ဗာန်၏ ဆန့်ကျင်ဖီလာ ကောင်းကျိုးမဲ့ သိမ်ဖျင်းသောစကားတို့ကို ပြောဆိုခြင်းမှလည်း ရှောင်ကြဥ်ပါမည် ဘုရား။
မှားယွင်းသော အသက်မွေးမှုကို မွေးမြူခြင်းမှလည်း ရှောင်ကြဥ်ပါမည် ဘုရား။
ရှစ်ပါးသော အရိယာသူတော်ကောင်းတို့ စောင့်စည်းအပ်သော သီလတော်ကို ကောင်းစွာ ဆောက်တည်ပါသည် ဘုရား။
အပ္ပမာဒေန သမ္ပာဒေထ။
(အာမန္တေပါ အရှင်ဘုရား)။
❖ အားလုံးပဲ သက်သာသလို ပြောင်းထိုင်ကြပါ။ တပ္ပလင်ခွေ ပြောင်းထိုင်ရတယ်။ ပြောင်းပြောင်းထိုင်ကြနော်။ အဆင်မပြေရင် ခုံနဲ့ထိုင် နာကြပါ။ ဘုန်းကြီးတို့ ခဏခဏ သတိပေးတာ ရှိပါတယ်။ အကဲခတ်တော့ လူသားတော်တော်များများက စာရေးဝတ်ရေး နေထိုင်ရေး ကျန်းမာရေးအတွက် အရပ်လေးမျက်နှာ ရှစ်မျက်နှာ ပြေးလွှားပြီးတော့ ရှာဖွေနေကြတာ။
❖ ရှာရင်းဖွေရင်းနဲ့ အမှတ်တမဲ့နဲ့ အသက်ကြီးလာကြတယ်။ ရောဂါဝင်လာကြတယ်။ အမှတ်တမဲ့ သေသွားကြတာ များပါတယ်။ နိဗ္ဗာန်ဆိုတာ ဘယ်လိုဟာမျိုးလဲလို့ သိခြင်တဲ့စိတ်တောင် မပေါ်ကြဘူးလေ။ သိဖို့လည်းမကြိုးစားချင်ကြဘူးလေ။ ဒါ အင်မတန်အားနည်းချက်၊ သဒ္ဓါတရားနည်းတယ်ခေါ်ပါတယ်။
❖ နိဗ္ဗာန်ဆိုတာ ဘယ်လိုဟာမျိုးလဲလို့ သိချင်တဲ့စိတ်တောင် မပေါ်ကြတာ ညံ့တယ်ခေါ်တာပေါ့နော်။ စီးပွားဆိုတာတွေက ဘုရားဟောပြီးသား သံသရာအရှည်ကြီးမှာ တို့တတွေ မေတ္တာပေါင်းမိလို့ ကုသိုလ်များလို့ စကြာမင်းလည်း အကြိမ်များစွာဖြစ်ခဲ့ပြီးပြီ။ ချမ်းသာပြီးပြီ။ စကြာမင်း မိဖုရားလည်း ဖြစ်ခဲ့ပြီးပြီ။
❖ အကြိမ်များစွာ ချမ်းသာပြီးပြီ။ နတ်ပြည်လည်းရောက်ပြီးပြီ။ အပါယ်လေးပါးလည်း ကျခဲ့ပြီးပြီ။ စုံနေပြီတဲ့ မဆန်းတော့ပါဘူး။ အတွေးနယ်မှာ မေတ္တာပေါင့်လို့ တကယ်သာ ကိုယ့်ကိုယ်နဲ့သူ့စိတ် ပြည့်စုံတဲ့ ဝမ်းသာတဲ့အားတွေ များရင် များသလောက် တန်ပြန်များရင် များသလောက် ချမ်းသာတာ မဆန်းတော့ပါဘူးနော်။
❖ သို့သော် ဘုရားရှင်က နောက်ကြောင်းပြန်ပြီး ကြည့်တဲ့အခါမှာ ဘယ်လောက်ချမ်းသာချမ်းသာ နောက်ဆုံးတော့တဲ့ ကုသိုလ်ဓါတ်ရိုးရိုးက အိုခြင်းဆင်းရဲကို မတားနိုင်ဘူးတဲ့။ ရောဂါဖြစ်တာလည်း မတားနိုင်ဘူး။ လာမှာနော်။ သေခြင်းဆင်းရဲလည်း မတားနိုင်ပါဘူး။
❖ တလောကဆို အိမ်ပင့်လို့ သွားကြည့်တော့ ဟိုတုန်းက တကယ့်ထိပ်တန်း အရာကြီးတစ်ယောက်ပါပဲ။ သေခါနီးကျတော့ ဘာမှ မပြောနိုင်မလုပ်နိုင်တာ့ပါဘူး။ သေဖို့ကို မနည်းအားယူ အသက်ရှူနေတာမြင်တော့ ဘုရားဟောမှန်လိုက်တာလို့ ကိုယ့်နောက်ဘာမှလည်း မပါဘူးလေ။
❖ ချမ်းသာအားလုံးက ထားခဲ့ရမှာ သေချာသွားပြီ။ သေခါနီးမှာ အဖော်ကောင်းမရှိရင် ကိုယ်ပဲ ရှုံးမှာပေါ့နော်။ ဒီအတွက် ဒီတရားက လိုအပ်တယ်လို့ မှတ်ကြပါ။ ဘယ်သူမှ ကိုယ့်ကို မကယ်နိုင်ဘူးနော် ကိုယ့်လမ်းကိုလျှောက်ကြရမှာ။ ဒါကို အပိုင်ရထားဖို့ မလိုဘူးလား။ ကောင်းပြီ။
❖ နိဗ္ဗာန်ကို သိကိုသိချင်တဲ့စိတ်ရှိရမယ်နော်။ ဘာကိုနိဗ္ဗာန်ခေါ်လဲဆိုတာကို ကြိုးစားပြီး သေချာမှတ်ပါ။ မပေါ့ကြပါနဲ့။ နိဗ္ဗာန်စကားလုံးက ဘုရားဟောခဲ့တာက ပရိယာယ်နဲ့ဟောခဲ့တော့ ပညတ်စကားလုံးကတော့ အမျိုး ၂၀၀ တောင် ကျော်ပါတယ်။ အဲဒီထဲကနေပြီး ထုတ်နုတ်လျှက် ရဟန္တာသွားတဲ့ သက်တော် ၁၀၂ နှစ် ခန္ဓာဝန်ကျသွားတဲ့ ရွှေဟင်္သာဆရာတော်ကြီးက တစ်လုံးတည်း သုံးတယ်တဲ့။
❖ နိဗ္ဗာန်စကားကကွယ်တဲ့ နိ ဝါန က လာတာတဲ့။ နိ + ဝါန ပေါ့နော်။ နိ ဆိုတာ မရှိခြင်းလို့ ပြပါတယ်။ ဝါန က တဏှာ။ ပေါင်းလိုက်တော့ တဏှာမရှိခြင်းလို့ ပြောတာတဲ့။ စကားလုံးတွေပြောင်းလဲလာပုံကို သဒ္ဒါနည်းအားဖြင့် ရုပ်တွက်တယ်ခေါ်ပါတယ်။ ဝ ကို သပ်သပ်ခွဲ၊ ရေးချာသပ်သပ်ခွဲရတယ်၊ န သပ်သပ် ခွဲရတယ်။
❖ ဝ ကို ဗ ပြုရတယ်တဲ့။ ဒေါသရ သုတ် ပုဒ်ခွဲ၊ ဗောဝဿသုတ်ဖြင့် ဆိုပြီးတော့ ဗ ပြုရတယ်၊ သဒ္ဒါမှာ ရှိပါတယ်။ ဆင့်ရင်လည်း ရိုးရိုးဆင့်လို့ မရဘူး။ ပြီးတော့ ဒွေးဘော်ပြု+ ဗ ထပ်တယ်။ နိ ရယ် ဗ အဆင့်ရယ် ရေးချရယ် န ရယ် ကပ်ရတယ်။ ဖတ်တဲ့အခါမှာ အပေါ်ကဗကို အသပ်ဖတ်ရတယ်။ နိဗ်၊ အောက်က ဗ က ရေးချ သွားပေါင်းရတယ်။ ဗာ န၊ နိဗ္ဗာန လို့ ဖတ်ရတယ်။ ဒါ မူရင်းစကားပေါ့၊ အဲဒီစကား မသုံးချင်ရင် ဘယ်လိုသုံးမလဲ၊ တဏှာမရှိခြင်း။
❖ မြန်မာနိုင်ငံမှာကျတော့ အသပ်ထည့်သုံးတာ နိဗ္ဗာန် လို့ ဆိုတော့ မြင်စရာ ခံစားစရာထင်ကြတယ်။ အဲဒီလို မထင်ကြဘူးလား။ (ထင်ကြပါတယ် ဘုရား)။ အဲဒါ လိပ်စားမှားတာ ဘယ်တွေ့မတုန်း။ မြင်စရာမဟုတ်ဘူးတဲ့ဗျ၊ တဏှာမရှိတဲ့သဘောကို ပြောတာတဲ့ဗျ။
❖ တဏှာရှိမရှိကို ဉာဏ်နဲ့ သိရင် နိဗ္ဗာန်သိတယ် ခေါ်တာပေါ့။ သေချာမှတ်ကြနော်။ တဏှာ ရှိမရှိသိရင် နိဗ္ဗာန်သိတာပေါ့။ တဏှာကို ခြေရာကောက်တော့ တဏှာက လောဘ တရားကိုယ် လို့ သုံးထားပြန်တယ်။ ဘုရားရှင် စကားလုံးတစ်လုံးသုံးရင် အဲဒီစကားလုံးက ကိုယ့်သန္တာန်ဘာကိုခေါ်တယ်ဆိုတာ သိအောင်၊ ပုံဆွဲပြတာ ရှိပါတယ်။ ဥပမာပေးတာ ပုံဆွဲပြတာ။
❖ ဥပမာဖြင့်ကွယ်တဲ့၊ သံဒယ်တစ်ခုကို အပူပေးလိုက်မယ်တဲ့။ တော်တော်ပူတဲ့အချိန်မှာ အမဲသားတုံးကို အစိမ်းထည့်မယ်တဲ့။ ပုံဖော်ကြည့်လိုက်။ ဒယ်အိုးထဲမှာ အမဲသားတုံးက ကပ်မနေဘူးလား။ အဲဒီတော့ အာရုံ၌ ကပ်ငြိခြင်း၊ အာရုံကို ချုပ်စပ်ခြင်း။ ဘာကိုပြောလဲဆိုတော့ အားလုံးမှာ သတ္တဝါအကုန်လုံးအတွက် ဟောတာတဲ့ဗျ။
❖ အာရုံသိစရာ ဒွါရခြောက်ပါးပဲ ရှိတာကိုး။ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ်။ နောက်ဆုံးပိတ် မြင်လည်းပဲ တွေးစရာမပေါ်ဘူးလား။ (ပေါ်ပါတယ် ဘုရား)။ အသံကြားလည်းပဲ တွေးစရာ မဖြစ်ဘူးလား။ (ဖြစ်ပါတယ် ဘုရား)။ အနံ့နံလည်း တွေးစရာမပေါ်ဘူးလား။ (ပေါ်ပါတယ် ဘုရား)။ စားရင်းလည်း တွေးစရာအမူအရာမပေါ်ဘူးလား။ (ပေါ်ပါတယ် ဘုရား)။
❖ ထိုင်ရင်း အသက်ရှူရင်းနဲ့ မကြည့်ဘဲနဲ့ မျက်နှာအမူအရာ မပေါ်ဘူးလား။ (ပေါ်ပါတယ် ဘုရား)။ အာရုံတွေပေါ့။ အဲဒါကို မြင်ဖူးတဲ့အဆင်း၊ ကြားဖူးတဲ့အသံ၊ နံဖူးတဲ့အနံ့၊ စားဖူးတဲ့အရသာ၊ တွေ့ဖူးတဲ့အတွေ့အထိ။ အဲဒီအာရုံတွေက အတွေးနယ်မှာက အားလုံး တို့ သင်ထားပြီးပြီ၊ ပေါ်တဲ့အာရုံတွေက ဆုပ်ကိုင်ရပ်ထားလို့ရလား။ (မရပါဘူး ဘုရား)။ အတွေးဆိုမှတော့ အကောင်အထည်ဟုတ်လား။ (မဟုတ်ပါဘူး ဘုရား)။
❖ ဒါပေမဲ့လို့ နောက်စိတ်မှာ ဆက်တွေးတဲ့အခါမှာ အာရုံ လက်ခံဆုံးဖြတ်တဲ့နေရာမှာ စိတ်မှာ အမှောင်ဖုံးသောကြောင့် အမှောင်ဓါတ်က လက်ဦးသောကြောင့် အလင်းမလာသောကြောင့်၊ သစ်ငုတ်တို သရဲထင်သလိုပဲတဲ့။ တွေးစရာ အမူအရာတွေကို အကောင်အထည် သတ္တဝါထင်တော့ မပျောက်တော့ဘူးတဲ့။
❖ အတွေးပုံလေးတွေက ပျောက်ဖို့လာတာပေါ့နော်။ မပျောက်တော့ဘဲနဲ့ သူက ကပ်ငြိသွားပြီတဲ့။ ရပ်သွားတာပေါ့နော်။ ငါလည်း ပေါ်ရော ရပ်သွားပြီးတော့ ဆုပ်ကိုင်ပြီးတော့ ကပ်ပြီးတော့ ငါ့အိမ်ဆိုတာ တွဲပေါ်လာတယ်။ ချုပ်စပ်တယ်ဆိုတယ်။ ငါလည်း ထင်လိုက်ရော သတ္တဝါလည်း ထင်လိုက်ရော ငါ့အိမ်လို့ ချုပ်စပ်ပြန်တယ်။ ငါ့စီးပွားလို့ ချုပ်စပ်ပြန်တယ်။ ငါ့သား ငါ့သမီးလို့ ချုပ်စပ်ပြန်တယ်။ မပြီးတော့ဘူး ချုပ်စပ်တာပေါ့နော်။
❖ ချုပ်စပ်ပြီးရင် တခါ ရွေးချယ်သေးတယ်။ အိမ်ကြီးက ဘယ်လိုဖြစ်ရင် ကောင်းမှာလို့ ထပ်ပုံဖော်ပြန်တယ်။ တိုက်ဖြစ်အောင်၊ ခမ်းနာအောင်၊ ဘယ်ကားဆို ကောင်းမယ်နဲ့ ထပ်ထပ် ရွေးချယ်တာပေါ့နော်။ အဲဒီအဆင့်ကို တဏှာအဆင့်လို့ခေါ်တာတဲ့။ ဒါဖြင့် ကိုယ့်မှာ မရှိဘူးလား။ နည်းနည်းလား များများလား။ (များများပါ ဘုရား)။ ဟုတ်တယ်။
❖ အဲဒါကို မှတ်ထား ဆရာတော်ကြီးတွေက တဏှာတရားဟောတာကိုတဲ့ ဉာဏ်နားနဲ့ ထောင်တတ်ရမယ်တဲ့။ ဖြစ်ချင်တဲ့ ပုံလေးတွေကို ပုံပေါ်လာပြီးတော့ စကားပါပြောတာနော်။ အဲဒါကို ဉာဏ်နဲ့သုံးသပ်ရတယ်။ ဒါ ဟုတ်သလား။ မဟုတ်မှန်းသိတဲ့အပြင် ဖြစ်နိုင်သလား။ ဖြစ်ချင်တာလေး ပုံဖော်တာနော်။
❖ ပုံဖော်တဲ့နေမရာ တချို့ကျတော့ ဖြစ်ချင်တာ အရမ်းများသွားတော့ သတ္တိကိန်းလည်းကိန်းရောတဲ့ ဘဝင်မှာ အဲဒီသတ္တိတွေကိန်းသွားတော့ လက်ရှိဘဝနဲ့မဟပ်တော့ဘူး။ အဲဒီတော့ ကိုယ့်ရှိတဲ့အတိုင်းအတာ ပမာဏနဲ့ စိတ်ကူးယဥ်လောက ကြီးကျယ်သွားတဲ့အခါမှာ သူက အခြေအနေ မကောင်းတော့ဘူး။ ဘဝင်မြင့်တယ်ခေါ်တာ။ သတိထားကြနော်။
❖ အဲဒါကို သုံးသပ်ရတယ်။ လျော့လျော့ချရတယ်။ အဘိဏှသုတ်မှာပါတယ်ဗျာ ရောင့်ရဲတယ်ဆိုတာ အဲဒါပြောတာ၊ ပြန်နိမ့်ချရတယ်။ ငါ့ရှိတဲ့အတိုင်းအတာလေးနဲ့ ဟုတ်ရဲ့လား။ ပမာဏ ဟုတ်ရဲ့လား။ ကိုယ့်ရှိတဲ့ကုသိုလ်ဓါတ်နဲ့ ဖြစ်ချင်တာနဲ့က အချိုးကျရဲ့လား၊ ချိန်တတ်ရတယ်။ ချိတ်တတ်လို့ရှိရင် မှားစရာမရှိဘူးပေါ့။
❖ ဖြစ်ချင်တာကတော့ ချဲ့တာပေါ့။ တွေးတာပေါ့နော်။ တဏှာအဆင့်က တွေးပေးမှာပဲ။ ကိုယ့်ရဲ့ကုသိုလ်အင်အားနဲ့ ပမာဏနဲ့ ဒီဟာဖြစ်နိုင်သလားဆိုတာကို ဉာဏ်နဲ့နားထောင်ရတာ၊ သုံးသပ်ရတာ။
ဆက်လက်ဖော်ပြပါမည်။
ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရားကြီး
🙏🙏🙏
GIC မိသားစု (၂)ရက်တရားသင်တန်း (၅.၇.၂၀၂၆ - ပထမအချိန်) #သစ္စာလေးပါးတရားတော်မှ စာစီပူဇော်ပါသည်။
