တရားဟောတိုင်း 'ဒယ်အိုး' ဆိုတဲ့ စကားကို တွင်တွင်ပြောလေ့ရှိတဲ့အတွက် 'ဒယ်အိုး' ဆရာတော်လို့ အများကခေါ်ကြတဲ့ ဓမ္မကထိက အရှင်ကလေးရဲ့ကျောင်းမှာ ဓမ္မကထိက ဆရာတော်ကြီးများ ပူဇော်ပွဲလုပ်လို့ မိမိကိုလည်း ဓမ္မကထိက စာရင်း ထဲသွင်းပြီး ပင့်လျှောက်တဲ့အတွက် လိုက်သွားခဲ့ပါတယ်။ ဆရာတော်ကြီးများက သြဝါဒ အသီးသီးပေးကြပြီး မိမိကိုတော့ အနုမောဒနာတရားဟော ရေစက်ချပေးပါဆိုတာနဲ့ ဟောပြော ခဲ့ရပါတယ်။ အဲဒီအကြောင်းကလေးကို စာဖတ်ပရိသတ်များအတွက်လည်း မျှဝေပေးလိုက်ပါတယ်။
ပူဇော်ပွဲလုပ်တဲ့ ဓမ္မကထိက အရှင်ကိုအများက ဒယ်အိုးဆရာတော်လို့ ခေါ်ကြတဲ့အကြောင်းက 'သားကျွေးမှု၊ မယားကျွေးမှုတွေနဲ့ အချိန်ကုန်နေသူတွေဟာ ဒယ်အိုးစာဖြစ်မယ်'လို့ ဟောလေ့ရှိတဲ့အတွက် ဒီအမည်တွင်လာတယ်ဆိုတာ သိထားရလို့ ဒီအကြောင်းကစပြီး ပြောဖြစ်ခဲ့ပါတယ်။ အမှန်ကတော့ ဒီစကားဟာ မိုးကုတ်ဆရာတော် ကြီး ဟောကြားခဲ့တာက စခဲ့တာပါ။ မိမိအနေနဲ့ အမရပူရ(တောင်မြို့) တူမောင်းတိုက်ကို စာသင်သား သာမဏေအဖြစ်နဲ့ ရောက်ခဲ့ချိန်မှာ မိုးကုတ်ဆရာတော်လို့ နာမည်ရနေပြီဖြစ် တဲ့ တောင်မြို့၊ မင်္ဂလာတိုက် ဆရာတော်ကြီးကို နှစ်နှစ်လောက် မီလိုက်ပါတယ်။ ဆရာတော်ကြီး ဒီစကားကို ပြောဆိုရတဲ့အကြောင်း အတ္ထုပ္ပတ်ကို လည်း သိထားပါတယ်။ ဒါကြောင့် ဒီအကြောင်းက စပြောရတာပါ။
မိုးကုတ်ဆရာတော် ဘုရားကြီးရှိစဉ်က တောင်မြို့၊ မင်္ဂလာတိုက်မှာ ဝါတွင်းဆိုရင် ဥပုသ်နေ့တိုင်း တရားပွဲ ပုံမှန်ရှိပါတယ်။ ပုံမှန်အားဖြင့် နံနက်ပိုင်း တရားဟောချိန်ကို ၉ နာရီလို့ သတ်မှတ်ထားတယ်။ တရားပွဲကို မန္တလေးက ပရိသတ်တွေလည်း အများအပြား လာကြပါတယ်။ အဲဒီအထဲမှာ စက္ကူကုန်သည် ဒကာကြီးတစ်ဦးဟာ ဆရာတော်ရဲ့ ဒကာရင်းဖြစ်သလို တရားထောက် တပည့်ကြီးတစ်ဦးလည်းဖြစ်ပါတယ်။ ဒါကြောင့် တရားပွဲစချိန်မှာ အဲဒီဒကာကြီးတွေ အစုံမရောက်သေးရင် အချိန်အနည်းငယ်တော့ စောင့်တန်စောင့်ပါတယ်။
တစ်နေ့တော့ အဲဒီ ဒကာကြီးမရောက်လာလို့ စောင့်နေတာ နာရီဝက်လောက် အထိ ကြာပေမယ့် ရောက်မလာတဲ့အတွက် ဆရာတော်ကြီးက 'ကဲ မလာသူကို စောင့်မနေကြနဲ့။ ပရိသတ်ညောင်းညာမယ်၊ တရားပွဲစကြ'ဆိုပြီး ဥပုသ်ပေး တရားဟော ပါတယ်။ ဒကာကြီးက တရားပွဲပြီးခါနီးလောက်မှ ရောက်လာပါတယ်။ တရားပွဲပြီးတဲ့ အခါမှာတော့ ဆရာတော်ကြီးကို ဝတ်ပြုကန်တော့ပြီး 'ဒီနေ့ ဥပုသ်နေ့ကြီးဖြစ်ပေမယ့် ရပ်ဝေးဖောက်သည်တွေ ရောက်နေတဲ့ အတွက် အားနာပြီး ဂိုဒေါင်ဖွင့် ရောင်း ချပေးနေရလို့ နောက်ကျသွားရတဲ့အကြောင်း လျှောက်ထားတောင်းပန်ပါတယ်။ ဆရာတော်ကြီးက ကိုယ့်ကြောင့် ပရိသတ်အများ စောင့်ဆိုင်းနေရတာမျိုးမဖြစ်အောင် ဆုံးမသတိပေးပြီးတော့မှ 'အေး မင်းတို့တစ်တွေ သံသရာတစ်လျှောက်လုံးလည်း သားကျွေးမှု၊ မယားကျွေးမှုတွေနဲ့ပဲ အပါယ်ငရဲကျခဲ့ရတဲ့ အကြိမ်တွေ မနည်းတော့ဘူး။ ခုလည်း ဥပုသ်နေ့ကြီးမှာတောင် သားကျွေးမှု၊ မယားကျွေးမှုတွေနဲ့ပဲ အချိန်ကုန်ကြတုန်း ဆိုရင် အပါယ်ငရဲစာတွေပဲ ဖြစ်ကြဦးမှာပဲ'ဆိုပြီး ဆုံးမပါတယ်။ နေ့ခင်းတရားပွဲမှာလည်း ဒီအကြောင်းကို ဟောပြောဆုံးမပါတယ်။ အဲဒီကစပြီး သားကျွေးမှု၊ မယားကျွေးမှုတွေနဲ့ပဲ အချိန်ကုန်နေရင် အပါယ်ငရဲစာတွေ ဖြစ်ကုန်မယ်'ဆိုတဲ့စကားကလည်း ကျယ်ကျယ် ပြန့်ပြန့် ဖြစ်လာခဲ့တာ။ အခုအခါမှာတော့ တချို့ဓမ္မကထိကများအနေနဲ့ လက်သုံးစကား တစ်ခုလို ဖြစ်လာပါတယ်။
ဒီအကြောင်းဖြစ်ရပ်ကို ပြောပြပြီး မိမိအနေနဲ့ ဆက်ပြောဖြစ်တာကတော့ မြတ်စွာ ဘုရားရှင်ဟောတဲ့ တရားတော်တွေထဲမှာရော ရှေးရှေးဆရာတော်ကြီးများရဲ့ ဟောကြားဆုံးမချက်တွေမှာပါ ပြောဟောခဲ့တဲ့ စကားတွေဟာ...
မုချ ပုံသေစကားရယ်၊ 'သန္ဓာယ ဘာသိတ'လို့ခေါ်တဲ့ သီးသန့်ရည်ရွယ်ချက် တစ်ခုအနေနဲ့ ပြောဟောတဲ့စကားရယ်ဆိုပြီး နှစ်မျိုးရှိတယ်။ မိုးကုတ်ဆရာတော်ကြီးရဲ့ ဒီစကားဟာ တပည့်ရင်းဒကာတစ်ဦးကို တရားဘက်မှာ အလေးအနက်ထားလာ စေဖို့အတွက် ရည်ရွယ်ချက်နဲ့ပြောတဲ့ 'သန္ဓာယ ဘာသိတ'စကားမျိုးပါ။ ဒါကို မုချစကားလို့ သဘောထားပြီး 'သားကျွေးမှု၊ မယားကျွေးမှု ရှာဖွေနေတာဟာ အပါယ်ငရဲရောက်ကြောင်းတွေပဲ'လို့ ပုံသေကားကျ မမှတ်ယူမိပါစေနဲ့။ ပိဋကတ်တော်မှာ သားမယားကို တရားသဖြင့် ရှာဖွေကျွေးမွေးနေသူတွေကို သိကြားမင်းက တစ်နေ့ သုံးကြိမ် ရှိခိုးတယ် ဆိုတဲ့အကြောင်းတွေ အထင်အရှားရှိသလို မင်္ဂလာတရားတော် မှာလည်း 'ပုတ္တဒါရဿ သင်္ဂဟော ဧတံ မင်္ဂလ မုတ္တမံ = ကြွေးသစ်ချကား သားနှင့် မယား ကို မြှောက်စားချီးမြှင့် ဝတ်ကုန်စေ'လို့ ဘုရားရှင်ကိုယ်တော်တိုင် တိုက်တွန်းထားတာ ရှိပါတယ်။ ဒါဟာ မင်္ဂလာတစ်ပါးပါ။ 'ကောင်းကျိုးချမ်းသာ ကျက်သရေမင်္ဂလာ'ဆိုတာ အကြောင်းအကျိုးဆက်ဖြစ်စဉ်ပါပဲ။ မင်္ဂလာရှိရင် ကျက်သရေရှိတယ်။ ကောင်းကျိုး ချမ်းသာလည်း ရပါတယ်။ ဒါဟာ သိကြားလည်း ရှိခိုး၊ ဘုရားလည်း ချီးကျူးတဲ့အလုပ် ဖြစ်ပါတယ်။
ဒါနဲ့ ဆက်စပ်ပြီး ဒီကနေ့ အထူးပြောလိုတာကတော့ 'အဆင့်မြင့် ဗုဒ္ဓဘာသာဝင် တစ်ဦးဖြစ်ဖို့ဆိုရင် ငရဲနဲ့ နတ်ပြည်ကို ကျော်လွန်နိုင်ဖို့ လိုတယ်' ဆိုတဲ့အကြောင်းပါပဲ။ ဒီစကားကို 'လွှတ်'ခနဲ ကြားလိုက်ရင်တော့ 'ဒီဘုန်းကြီးက ငရဲနဲ့ နတ်ပြည်ကိုပယ်တယ်'လို့ အထင်ရောက်သွားနိုင်ပါတယ်။ ပယ်လည်းမပယ်ပါဘူး။ ပယ်ဖို့ပြောတာလည်း မဟုတ်ပါ ဘူး။ ကျော်လွန်ရမယ်လို့ ပြောတာပါ။ နည်းနည်း ရှင်းပြပါဦးမယ်။
ဘယ်သူမဆို ငယ်စဉ်တောင်ကျေးကလေးဘဝမှာ ဘိုးဘွားမိဘတွေက မလုပ်သင့် မပြောသင့်တာတွေဆိုရင် 'ဟဲ့ ဒီလိုမလုပ်နဲ့။ ဒီလိုမပြောနဲ့။ မလုပ်ကောင်းဘူး။ မပြောကောင်းဘူး။ ငရဲကြီးတတ်တယ်'လို့ ဆုံးမလေ့ရှိပါတယ်။ လုပ်သင့်လုပ်ထိုက်၊ ပြောသင့်ပြောထိုက်တာတွေကျတော့ 'အဲဒါ ကုသိုလ်ရတယ်။ ဘုန်းကြီးဦးမယ်။ သက်ရှည်ဦးမယ်။ နတ်သား၊ နတ်သမီးတွေဖြစ်မယ်'လို့ပြောပြီး အားပေးတိုက်တွန်း ဆုံးမပါတယ်။ မိမိတို့အပါအဝင် ဗုဒ္ဓဘာသာဝင်တိုင်းလိုလိုဟာ ဒီအဆုံးအမတွေကို အခြေခံပြီးတော့ပဲ 'မကောင်းမှု ရှောင်ရေး၊ ကောင်းမှုဆောင်ရေး'အပေါ်မှာ ခံယူချက် ခိုင်မာလာခဲ့ကြတာပါ။ ဒါဆိုရင် ဘာဖြစ်လို့ ဒီငရဲနဲ့ နတ်ပြည်ဆိုတဲ့အဆင့်ကို ကျော်လွန်မှ အဆင့်မြင့် ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်မယ်လို့ ပြောရသလဲဆိုတာကို နည်းနည်း စဉ်းစားကြည့်ရအောင်။ ကလေးငယ်တစ်ယောက်ကို ပညာသင်ဖို့ ကျောင်းကိုစပြီး ပို့ချိန်မှာ 'ကျောင်းမပြေးနဲ့နော်။ ကျောင်းပြေးရင် တုတ်နဲ့ အရိုက်ခံရမယ်။ ကျောင်း မှန်မှန်တက်။ စာတွေကြိုးစားရင် မုန့်ဖိုးမှန်မှန်ပေးမယ်။ လိုချင်တာ ဘာညာတွေ ဝယ်ပေးမယ်' စသည်ဖြင့်ပေါ့၊ ဒီလိုပဲ ကလေးကို ကျောင်းမှန်မှန်တက်အောင် ဆုံးမကြတာ ပါပဲ။ ဒါပေမယ့် ဒီကလေးဟာ အတန်းကလေး နည်းနည်းမြင့်လာတာနဲ့အမျှ ကျောင်းမှန်မှန်တက်မှ ပညာရည်မြင့်တက်မယ်။ ပညာမြင့်မှ ဘဝလည်းမြင့်မယ်။ ကျောင်းပြေးရင် ပညာပျက်မယ်။ ပညာပျက်ရင် ဘဝလည်းပျက်မယ်'ဆိုတဲ့ အသိမျိုးတွေ မြင့်လာရပါတယ်။ အဲဒီအချိန်မှာ ဒီကလေးအတွက် 'တုတ်'တို့ 'မုန့်' တို့ဆိုတာတွေ မလိုအပ်တော့ပါဘူး။ တုတ်နဲ့ မုန့်ဆိုတဲ့ အဆင့်ကို ကျော်လွန်သွားပါပြီ။
ဒီနေရာမှာ အနာထပိဏ် သူဌေးကြီးရဲ့သား 'ကာလ' ဆိုတဲ့ လူငယ်တစ်ယောက် အကြောင်းကလည်း စိတ်ဝင်စားစရာပါ။ ဖခင် သူဌေးကြီးက သူ့သားကို လိမ္မာစေချင်တဲ့ အတွက် ဘုရားကျောင်းတော်ကို တစ်ခေါက်သွားရင် မုန့်ဖိုးတစ်ရာ ဆိုပြီး သတ်မှတ်တယ်။ သားက အိမ်ဖော်တစ်ယောက်ကို အသိသက်သေအဖြစ်ခေါ်ပြီး ဘုရားကျောင်းကို ရောက်တယ်ဆိုရုံ သွားတယ်။ ပြီးတော့ ဆုငွေ တောင်းယူတယ်။
သူဌေးကြီးက နောက်တစ်ဆင့်တက်ပြီး 'ဘုရားဟောတဲ့ တရားထဲက တစ်ပုဒ်ကို အရဆိုပြနိုင်ရင် ဆုငွေတစ်ထောင်ပေးမယ်' ဆိုပြီး လုပ်တော့ 'ကာလ'လည်း ဘုရား ကျောင်းသွားပြီး ဘုရားဟောတဲ့ တရားကို အလွတ်ဆိုနိုင်အောင် ဂရုစိုက်ပြီး နားထောင် တာပေါ့။ ဘုရားရှင်လည်း ဒီအကြောင်းသိထားတော့ 'ကာလ' ရဲ့ စရိုက်ဓာတ်ခံနဲ့ ကိုက်အောင် တရားကို ဟောလိုက်တာ တစ်ခါတည်း ကာလသူဌေးသား သောတာ ပန်အထိ ဖြစ်သွားတာပဲ။ သားပြန်လာတာကို မြင်လိုက်ကတည်းက ဖခင်သူဌေးကြီးက ရိပ်မိပြီ။ ဒါပေမယ့် သားအကြောင်း သိရအောင်ဆိုပြီး 'ငါ့သား တရားတစ်ပုဒ်ဆိုပြပြီး အသ ပြာတစ်ထောင် လာယူလေကွယ်' ဆိုတော့ သားက'အသပြာတစ်ထောင် ဆိုတာ ဘာအသုံးကျလို့လဲ' ဆိုပြီး မယူဘဲ ငြင်းဆန်တော့သတဲ့။ 'ကာလ' ဆိုတဲ့ လူငယ်ဟာ အသပြာတစ်ထောင်ထက် သာလွန်တဲ့ တရားအသိကို ရသွားပြီလေ။ အသပြာအဆင့်ကို ကျော်လွန်သွားပြီပေါ့။
အဲ... စောစောကပြောတဲ့ တုတ်နဲ့ မုန့်ကို အကြောင်းပြုပြီး ကျောင်းမှန် မှန်တက်ခဲ့တယ်ဆိုတဲ့ ကျောင်းသားဟာ မူလတန်းလွန်လို့ အလယ်တန်း၊ အထက်တန်းတွေ ရောက်တဲ့အထိ လည်း'တုတ်ကိုကြောက်လို့ ကျောင်း မပြေးတာ။ မုန့်ကို ချစ်လို့ ကျောင်း မှန်မှန်တက်တာ' ဆိုတဲ့ ခံယူချက်မျိုးပဲ ရှိနေသေးတယ်ဆိုရင် တော့၊ စဉ်းစားသာကြည့်ပေါ့။ ဒီကျောင်းသားမျိုးဟာ အတန်းနဲ့ အသက်သာကြီး မယ်(တကယ်တော့ ဒီလိုလူမျိုး အတန်းလည်း အမှန်အကန်ကြီးလာနိုင်စရာတော့ မရှိလှပါဘူး) အသိကတော့ မူကြိုတန်းအဆင့်ကို မလွန်မြောက်သေးဘူး လို့သာ ဆိုရမယ် မဟုတ်လား။
ဗုဒ္ဓဘာသာဝင်များအနေနဲ့လည်း ဒီဥပမာအတိုင်းပါပဲ။ ငယ်ငယ်ကတော့ ငရဲကြီးမှာ ကြောက်လို့ အကုသိုလ်မလုပ်ဘူး။ ကောင်းကျိုး ချမ်းသာရချင်လို့၊ နတ်သား၊ နတ်သမီး ဖြစ်ချင်လို့ ကောင်းမှုကို လုပ်တယ်ဆိုတာ မူကြိုတန်း ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ ဘာမှအပြစ် ပြောစရာ မရှိပါဘူး။ ဒါပေမယ့် အသက်အရွယ် ရလာချိန်အထိလည်း 'ငရဲကြောက်လို့ မကောင်းမှုရှောင်တယ်၊ နတ်ပြည်ရောက်ချင်၊ ကောင်းကျိုးရချင်လို့ ကောင်းမှုလုပ်တယ်' ဆိုတဲ့အသိကို မကျော်လွန်သေးဘူး ဆိုရင်တော့ စဉ်းစားသာကြည့် ကြပါ။ ဗုဒ္ဓဘာသာ မူကြိုတန်းအဆင့်ကို ကျော်လွန်ပါ့မလား။ ဒါကြောင့် အဆင့်မြင့် ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ် ဖို့ဆိုရင်တော့ ငရဲနဲ့ နတ်ပြည်ကို ကျော်လွန်ဖို့လိုတယ်လို့ ပြောခဲ့တာပါ။ 'မကောင်းမှုရှောင်၊ ကောင်းမှုဆောင်' ရာမှာ ငရဲကြောက်လို့လည်း မဟုတ် ဘူး၊ ကောင်းကျိုးချမ်းသာတွေ၊ နတ်ရွာသုဂတိတွေရချင် ရောက်ချင်လို့လည်း မဟုတ်ဘူး၊ သူတစ်ပါးရှိပြီး သားကို မဖျက်မဆီး စောင့်ရှောက်ပေးလိုမှု၊ သူတစ်ပါး လိုအပ်ချက်ကို ဖြည့်စွက်ကူညီလိုမှုဆိုတဲ့ စေတနာထားပြီး ရှောင်ကြ၊ ဆောင်ကြမယ်ဆိုရင် ငရဲမကူ၊ နတ်မထူတဲ့ ဖြူဖြူစင်စင် ကုသိုလ်ရှင်ကလေးတွေ ဖြစ်မှာ မလွဲပါဘူး။ 'ဖြူအောင် စိတ်ကိုထား' ဆိုတာလည်း ဒီသဘောကို ရည်ညွှန်းပါတယ်။ ငရဲနဲ့ နတ်ပြည်ကို ဘယ်သူ ကမှ ပယ်ပေးစရာမလိုဘူး။ ကိုယ့်ဟာကိုယ် ကျော်လွန်နိုင်ရမယ်လို့ ဆိုလိုတာပါ။
အရွယ်တော်တော်ရောက်နေတဲ့ လူတချို့ကတောင် မိမိထံမှာ 'ငရဲဆို တာ ရှိသလား။ မရှိဘူးလား။ ရှိရင် ဘယ်မှာ ဘယ်လိုတည်ရှိနေသလဲ' ဆို တဲ့ မေးခွန်းမျိုးတွေ ခဏခဏလာ မေးဖူးတယ်။ မိမိက 'ဘာလဲ မော်တော်ပီကယ်လစ်ရင် မီးနီဖြတ်မောင်းတဲ့ ဒရိုင်ဘာမျိုးလို ငရဲဆိုတာ မရှိဘူးဆိုရင် ဘုရားရှင် တပ်ဆင်ထားတဲ့ မီးနီကို ဖြတ်မောင်း ချင်လို့လား' ဆိုပြီး ပြန်မေးတော့ 'အဟင်း၊ အဟဲ၊ ဒီလိုလည်းမဟုတ်ပါဘူး ဘုရား' ဆို ပြီး အူကြောင်ယောင်ဝါး လုပ်သွားကြတယ်။ ဒီထက်တိုးပြီး 'ဘာပဲဖြစ်ဖြစ် တပည့်တော်တို့က ငရဲရှိ၊ မရှိ ဆိုတာ အသေအချာကိုသိရမှ ဒီဘာသာကို လက်ခံနိုင်မယ်'ဆိုတာမျိုး လုပ်လာရင်တော့ 'ဘာမှမပူနဲ့။ အေး အေးသာနေ။ အချိန်တန်ရင် 'မယုံမရှိနဲ့ ကိုယ် တွေ့'ဆိုတာမျိုး ကြုံကိုကြုံရပါစေ့မယ်'လို့ပဲ ပြောလိုက်ရပါတယ်။
'ငရဲ နတ်ပြည်' အကြောင်း ပြောတဲ့အခါ ဂျပန်ပုံပြင်တစ်ခုကိုလည်း သတိရမိတယ်၊ တပည့်ဖြစ်သူက ဆရာကြီးကို 'ငရဲနဲ့ နတ်ပြည် ဆိုတာရှိသလား'လို့ မေးတော့ ဆရာကြီးက 'ရှိတယ်' လို့ဖြေတယ်၊ 'ဒါဆို ဘယ်မှာရှိတယ်ဆိုတာ ဆရာကြီး ပြနိုင်သလား'ဆိုတော့ 'ပြနိုင်တယ်။ ကဲ ကြည့်ချင်ရင် လိုက်ခဲ့' ဆိုပြီးခေါ်သွားတယ်။ ပထမဆုံးတွေ့တာကတော့ အရပ်ဒေသတစ်ခုမှာ လူတွေအများကြီး သူတို့ပုံစံကလည်း ငတ်ပြတ်ပိန်ချုံးပြီး စုတ်ချာနေတာပဲတဲ့။ သူတို့လက်ထဲမှာ အရိုးရှည်ရှည် ရေမှုတ်ကြီးတွေ ကိုလည်း ကိုင်ထားကြတယ်။ သူတို့ရှေ့မှာတော့ ရေမှုတ်ရိုးနဲ့ အလှမ်း မီလောက်တဲ့နေရာ မှာပဲ ရေတွေက အပြည့်ပဲ။ သူတို့က ဘာလုပ်နေကြလဲဆိုတော့ အဲဒီရေတွေကို ခပ်ပြီး ကိုယ့်ဟာကိုယ်သောက်ဖို့ ကြိုးစားနေကြတာ။ ရေမှုတ်ရိုးက သိပ်ရှည်နေပြီး နေရာလည်း ပြောင်းကိုင်လို့ မရဘူးဆိုတော့ သောက်သမျှ ရေတွေဟာ ပါးစပ်ထဲ ရောက်မလာဘဲ ဘေးချည်း ဖိတ်ကျကုန်တာပေါ့။ အဲဒီလူတွေကို ညွှန်ပြပြီး ဆရာကြီးက 'ငရဲဆိုတာ အဲဒါပဲကွ' လို့ ပြောသတဲ့။
'ဒါဖြင့် နတ်ပြည်ဆိုတာကကော' ဆိုတော့ 'လာလိုက်ခဲ့' ဆိုပြီး ခေါ်သွားတယ်။ တစ်နေရာရောက်တော့ အဲဒီမှာလည်း လူတွေအများ ကြီးပဲ။ သူတို့ လက်ထဲမှာလည်း စောစောကလိုပဲ နေရာပြောင်းကိုင်လို့မရ တဲ့ အရိုးရှည် ရေမှုတ်ကြီးတွေကို ကိုင်လို့ပဲတဲ့။ ဒါပေမယ့် အဲဒီလူတွေ ကတော့ ဝဝလင်လင်၊ ပြောင်ပြောင်ရောင်ရောင်နဲ့ အချင်းချင်းလည်း ပြောဆိုရယ်မော တသောသောနဲ့ ပျော်နေကြတဲ့ပုံပဲ။ သူတို့က ဘယ်လိုလုပ်နေ ကြသလဲဆိုတော့ အဲဒီ ကွေးလို့မရတဲ့အရိုးရှည် ရေမှုတ်ကြီးတွေနဲ့ပဲ တစ်ယောက်က မိမိကိုင်တဲ့ ရေမှုတ်နဲ့ ရေကိုခပ်ပြီး အလှမ်းမီရာ တခြားသူတွေကို ခပ်တိုက်နေကြတာတဲ့။ ဆရာကြီးက အဲဒီလူတွေကိုညွှန်ပြပြီး 'တွေ့လား ငါ့တပည့်။ အဲဒါ နတ်ပြည်ပဲကွဲ့'လို့ ပြောလိုက်ပါသတဲ့။
ပုံပြင် ဆိုတာကတော့ ဆိုလိုတဲ့ အဓိပ္ပာယ်ကို နိမိတ်ပုံပေါ်အောင် ဖော်ဆောင်ပြတာပါ။ ဒီပုံပြင်ကိုကြည့် ပြီး 'ရေမှုတ်ရိုးတွေနေရာ ရွှေ့ကိုင်ရင်ကော မရနိုင်ဘူးလား'လို့ ဘာတို့ ဆင်ခြင်ပေးနေစရာ မလိုပါဘူး။ ဒီပုံပြင်ရဲ့ ဆိုလိုရင်းကတော့ လူတွေရဲ့ စွမ်းအားဟာ တစ်ပါးသူတွေကို ကူညီနိုင်လောက်အောင်အထိ အလှမ်းအကမ်း ရှည်ကြပါတယ်။ ဒါပေမယ့် အဲဒီစွမ်းအားတွေကို အလှမ်းအကမ်းပြုပြီး သူတစ်ပါးကို မကူညီဘဲ ကိုယ်ကျိုးအတွက်သာ ကိုယ်ကြည့်နေကြသူတွေဟာ ငရဲကျနေသူတွေနဲ့ အတူ တူပဲ။ အစွမ်းရှိသလောက် အလှမ်းအကမ်းပြုပြီး ရိုင်းပင်းကူညီနေကြသူတွေက နတ်ပြည်ရောက်နေသူတွေနဲ့ အတူတူပါပဲလို့ ဆိုလိုတာပါ။
ဒီနေရာမှာ မြတ်စွာဘုရားရှင်က အရှင်အာနန္ဒာကို မိန့်ကြားတဲ့ 'တာဝတိံသာ နတ်ပရိသတ်ကို မြင်ဖူးချင်ရင် လိစ္ဆဝီပရိသတ်တွေကို ကြည့်ထားကြ' ဆိုတဲ့ မဟာပရိနိဗ္ဗာန သုတ်ထဲက စကားလေးကိုလည်း သတိရစရာကောင်းပါတယ်' ဆိုတဲ့ အကြောင်းများနဲ့ အကျယ်တဝင့်လေး ဟောပြောရင်း ဘာသာတရား အဆုံးအမတွေကို အကြောက်အမျှော်တွေနဲ့ လိုက်နာနေကြတဲ့အဆင့်ကို ကျော်လွန်ကြဖို့၊ အသိတရား ဦးဆောင်ပြီး သန့်စင်တဲ့စေတနာနဲ့ အတ္တနယ်ကနေ ပရနယ်(ပရဟိတ)ကို ဖြတ်သန်းပြီး အနတ္တ နယ်ရောက်အောင် ဦးတည်လိုက်နာကျင့်ကြံကြဖို့ အကျယ်တဝင့် ပြောပြခဲ့ပါတယ်။
သတိထား အသိပွားနိုင်ကြပါစေ။
◾
ဓမ္မဘေရီအရှင်ဝီရိယ၊တောင်စွန်း၊
အမှတ် ၅၆၅၊ ဩဂုတ်လ၊ ၂၀၀၉
အလင်းတန်းဂျာနယ်

