❖ ကုသိုလ်အကုသိုလ်နဲ့ ပက်သက်တာ ယုံကြည်မှုက ရာနှုန်းပြည့်ရဖို့က မလွယ်လောက်ဘူး။ သဒ္ဓါတရားလို့ ခေါ်တယ်။ သဒ္ဓါတရားနဲ့ တကယ်မြင်တာနဲ့ မတူဘူး။ ခြားနားချက်ပေါ့။ အသားမျက်စိနဲ့မြင်တာက ရိုးရိုးမြင်ရတာ။ သဒ္ဓါတရားဆိုတာက ဉာဏ်နဲ့မြင်ရတာ။ ယုံကြည်မှုလို့ ခေါ်တယ်။ အဲဒါ အရေးကြီးဆုံးနော်။
❖ ယောဆရာတော်ဘုရားကြီးက ဆုံးမတယ်။ ကိုယ့်သန္တာန်မှာကွယ်တဲ့ မြင့်မြတ်တဲ့တရားတွေ ဝင်လာတာက သဒ္ဓါဆိုတဲ့ တံခါးပေါက်က ဝင်တာဗျ၊ ဘုရားစကား ယုံကြည်မှ ဝင်လာမှာတဲ့။ ဒါမှ အောင်မြင်မှာတဲ့နော်။ သဒ္ဓါက အရေးကြီးဆုံးဘဲတဲ့ဗျ။
❖ အဲဒါနဲ့ ပက်သက်လို့ မိလိန္ဒပဉှာမှာ ပါတယ်။ ရှင်နာဂသေန ရဟန္တာကြီးကို မိလိန္ဒမင်းကြီးက မေးတယ်။ အရှင်ဘုရားတဲ့ အရှင်ဘုရားက မြတ်စွာဘုရားရှင်ကို ကိုယ်တိုင်ကိုယ်ကျ ဖူးဘူးသလားတဲ့ မေးပါတယ်။ နှစ်ပေါင်းရာကျော်မှ ဘုရားမရှိမှ တွေ့တာဆိုတော့ မဖူးဘူးဘူးလေ။ အဲဒီတော့ မဖူးဘူးတဲ့အကြောင်းကိုဖြေတော့ ဒါဆို ဘုရားမရှိဘူးပေါ့တဲ့။
❖ မမြင်ရလို့ မရှိဘူးပေါ့ဆိုတော့ သင့်ကို ပြန်မေးမယ်လေတဲ့။ သင်ကလည်း သင့်ရဲ့ အဘိုးအဘိုး ရှင်ဘုရင်တွေကို မြင်ဖူးသလားဆိုတော့ သူလည်း မြင်ဖူးလား။ မမြင်ဖူးဘူး။ ကဲ မရှိဘူးပြော ဆိုတော့ သူ့ကိုသူပြန်သုံးသပ်တော့ မပြောရဲဘူး။ ရှိတယ်လို့ လက်ခံထားတာလေ။
❖ ဘာလို့ ရှိတယ်လို့ လက်ခံထားတာလဲ မေးတော့မှ သက်သေခိုင်မာလို့တဲ့။ နန်းတော်ရာတွေ၊ နန်းစဉ်ပတ္တမြားတွေ၊ မင်းဝတ်တန်ဆာတွေ အစဥ်အဆက်က မှန်နေသောကြောင့် မမြင်ဖူးသော်လည်းဘဲ သူက အဟုတ်ထင်လို့ လက်ခံထားတာတဲ့။ အဲဒါ သဒ္ဓါတရား ခေါ်တယ်၊ ယုံကြည်မှုလို့ ခေါ်တယ်။ ကိုယ်တိုင်မြင်တာ ဟုတ်လား။ (မဟုတ်ပါ ဘုရား)။ ယုံကြည်မှု အရေးကြီးတယ်နော်။
❖ တို့လည်းပဲ အဲဒီအတိုင်းပေါ့ ဘုရားပိဋိကတ်တော်တွေ ရှိတယ်။ ကျင့်စဉ်တွေ ရှိတယ်။ ဝိမုတ္တိမှာ တကယ်ကျင့်လို့ တကယ်ရှိသောကြောင့် သက်သေခိုင်မာသောကြောင့် ဘုရားရှိတယ်လို့ ယုံတာပေါ့။ ယုံကြည်မှု ခေါ်ပါတယ်။ အဲဒီတော့ ခုလည်းဘဲ ဘုရားဟောခဲ့တဲ့ ချမ်းသာလမ်းက ဒါနက စပြီးတော့ ပါရမီ ဖြည့်ခဲ့တယ်လို့ ပြထားတာကိုး။
❖ အဲဒီတော့ ဒီပါရမီ ဖြည့်တာတွေက စီးပွားနဲ့ ဘယ်လို ဆိုင်တာလဲပေါ့။ မမေးသင့်ဘူးလား။ မေးရတော့မှာပေါ့။ တော်တော်လေး အရေးကြီးပါတယ်နော်။ နောက် ဘုန်းဘုန်းကို အမြင်ပြောင်းစေခဲ့တာ တစ်ခုရှိတယ်။ သီဟိုဠ်ခေတ်စံတော်ဝင်များကို ဖတ်ရင်းနဲ့မှ တစ်ဘဝတည်းနဲ့ ပြောင်းလဲသွားတဲ့ ရဟန်းတစ်ပါးအကြောင်း စိတ်ဝင်တစားကြည့်တော့ နည်းနည်း နီးစပ်လာတာပေါ့နော်။ အမြင်လည်း ရှင်းလာတယ်။
❖ ရှေ့ပိုင်းတော့ သူလိုကိုယ်လို ရဟန်းဘဲတဲ့၊ ဘာမှ မထူးခြားဘူး။ နောက်ပိုင်းကျတော့ သပိတ်လေးပိုက် ဆွမ်းအတွက် စိတ်က ညွတ်လိုက်တာနဲ့ ရပ်ကွက်မှာရှိတဲ့ ဆွမ်းအမတွေဆီမှာ သူ့မျက်နှာ ပေါ်လာတယ်။ စက်ကွင်းခေါ်တာပေါ့။ ဘုရားဟောတာက ကုသိုလ်သည် လူသွားရာ အရိပ်ပါသကဲ့သို့၊ စက်ကွင်းခေါ်တာနော်။
❖ အဝန်းအဝိုင်း ကျယ်ရင်ကျယ်သလောက် ဆွဲအားရှိတယ်။ သူ့ဆွဲအားက ရပ်ကွက် တစ်ခုလုံးကို ထိန်းနိုင်တယ်။ ဆွမ်းလေးခံမလို့ ညွတ်လိုက်တာနဲ့ ရပ်ကွက်တစ်ခုလုံးက သူ့မျက်နှာပေါ်လာတာ။ ပေါ်တဲ့အပြင်ကို ကျန်တဲ့အာရုံမေ့သွားတယ်။ သူ့အတွက်ဘဲ ဆွမ်းတွေ ပြင်ကြရတယ်။
❖ သူ့အတွက်ချည်းဘဲ ပြင်ကြ စောင့်ကြတော့ ပါသမျှ သံဃာအကုန်ရတယ် တစ်ရပ်ကွက်လုံးစုတာ။ တခါတည်းဆို တိုက်ဆိုင်တယ်ထား နေ့တိုင်းရတော့ ဒါ သေချာပေါက်ပဲ၊ စွမ်းအားတစ်ခုပြောင်းသွားတာပေါ့နော်။
❖ ထူးခြားတာက တောထဲမှာ လူမရှိတဲ့တော သစ်ပင်ဘဲရှိတဲ့တောမှာ သပိတ်ကလေးပိုက်ပြီး ဆွမ်းအတွက် စိတ်က ညွတ်လိုက်တာနဲ့ နတ်တွေ နေလို့မရဘူးဗျာ လူယောင်ဖန်ဆင်းပြီး တန်းစီပြီး လောင်းကြရတယ်။ ပါသမျှအကုန်ရတော့ စွမ်းအားပြောင်းသွားတာ အမှန်ဘဲပေါ့။
❖ ဘယ်အချိန်မှာပြောင်းလဲဆိုတော့က တစ်နေ့မှာ ဆွမ်းစားပြီးတော့ သပိတ်ဆေးတဲ့အချိန် ခွေးသားပေါက်ချိန် ဖြစ်နေတာတဲ့နော်။ အဲဒီမှာ သားသည်မိခင် ခွေးပိန်လေးကတဲ့ သပိတ်ဆေးတဲ့နားမှာ ရောက်လာတယ်၊ ပိန်ပိန်လေးတဲ့။ ပြန့်ကျဲနေတဲ့ ထမင်းစေ့လေးတွေကို လိုက်ပြီး ကောက်စားတော့ ကြည့်ရင်းနဲ့ သူက စိတ်ဝင်စားလိုက်တာတဲ့။
❖ စကားတစ်ခုတော့ လိုတယ်နော်။ကိုယ့်ကိုယ်နဲ့ သူ့စိတ်တဲ့ဗျ။ အဲဒါ အဓိက အချက်ဘဲနော်။ ဆိုလိုတာကတော့ ကိုယ့်အကြောင်းကို မေ့သွားပြီးတော့ ကိုယ်ကိုယ်တိုင် ခွေးနေရာမှာ ဝင်စားတာပေါ့။ သဘောပေါက်လား။ ခွေးရဲ့ခံစားချက်က အပြည့်ရောက်သွားတာ။ ကိုယ့်ကိစ္စမေ့သွားတာနော်။
❖ တစ်ညလုံး သားဖွားထားတာ သူသိတယ်။ ဘယ်သူမှလည်း ရေမတိုက်ဘူး။ အစာလည်း မကျွေးဘူး။ ဗိုက်ကလည်း ဆာနေပြီ။ ကလေးနို့ဆွဲနော့ ရင်က ပိုပူတော့ ၁၂ နာရီထိုးခါနီးကျမှ သူက ဆာလွန်းအားကြီးတော့ ထွက်လာတာ ရိပ်မိသွားတော့မှ သူ့ရင်ထဲမှာ မခံစားနိုင်ဘူး။ ထမင်းစေ့လေးတွေက မဝဘူးလေ။
❖ မခံစားနိုင်တော့ သူကိုယ်တိုင် ခွေးနေရာ ခံစားပြီးတော့ ဗိုက်ထဲမှာ အစာရသင့်တယ်လို့ တွေးမိတော့က ထပ်တူခံစားထားတာနော်။ သပိတ်ထဲမှာ တစ်ဝက်ကျော်ကျော် စားထားတာက ဗိုက်ထဲမှာ ရှိတာကိုး။ အန်ကျွေးလိုက်ရင် ခွေးလေး ပျော်မှာလို့ တွေးပြီးတော့မှ ပီတိဖြစ်လိုက်တာတဲ့။ အဲ့မှာ ခွက်ရှာပြီး အန်တော့တာဘဲ။
❖ တစ်ခါအန်လိုက်ရင်း ခွေးလေးက စားလိုက်ရင်း၊ တအားပျော်ရင်း ကိုယ်တိုင်စားရသကဲ့သို့ ခံစားရတာပေါ့နော်။ ခွေးလေးက မဝသေးတော့ မော့ကြည့်တော့ မခံစားနိုင်ဘူး။ ထပ်အန်ပေးတာ။ စားကောင်းတုန်း ပြတ်သွားတော့ ရင်ထဲ ဘယ်ကောင်းမလဲ။ ကိုယ်တိုင်ခံစားပြီးတော့ ထပ်အန်ပြန်တယ်။ ၃ခါ အန်ရတယ်။
❖ ခွေးလေးဝတော့ ပျော်တော့မှ သူလည်း ဝမ်းတွေသာပြီး ကျန်ခဲ့တာ။ အဲ့ဒါလုပ်လိုက်မိတာ ဘာမှ များတာ မဟုတ်ဘူးနော်။ အဲ့နေရာမှာ ထူးခြားချက်က ဘုရားဟောမှာက စေတနာသုံးချက် ဟောထားတယ်။ အဲ့ဒီသုံးချက်မှာက အစ အလယ် အဆုံး၊ ပုဗ္ဗ မုဉ္စ အပရ ခေါ်တယ်။ ခေါက်ချိုး အလယ် မယူနဲ့နော်။ ဆုံးဖြတ်ချက်ချတာနဲ့ ဆုံးသည်ကြား တောက်လျောက်ပေါ့။ ခေါက်ချိုးအလယ် မယူရဘူးနော်။
❖ အဲဒီကြားထဲမှာ အခြားအာရုံမရောဘူးဗျာ သူက။ ခွေးလေး ဝရေးကိုဘဲ အားစိုက်ပြီးတော့ တခါအန်လိုက် ထပ်အန်လိုက်၊ ညကျရင် ငါဆာမယ်ဆိုတဲ့ အတွေး ဝင်ကိုမလာဘူး။ သူက အခြားအာရုံ မရောဘူးနော်။ အရှိန်ပြင်းတာပေါ့။ ပျော်တဲ့ပီတိက အရမ်းပျော်ကျန်ခဲ့တာတဲ့။
❖ အဲဒီသတ္တိလှိုင်းတွေက စွမ်းအားဖြစ်မှန်း သူ မသိလိုက်ဘူး။ ညကျတော့ ဗိုက်ကဆာတ ရဟန်းလည်း မတာသေးတော့ စားချင်တာတွေကို သူက ပုံဖွဲ့တာပေါ့၊ ဖမ်းတာပေါ့နော်။ အဲဒါ ဖန်ဆင်းတာဘဲလေ။ ဆွဲအားက စက်ကွင်းကျယ်နေပြီလေ။ ရပ်ကွက်မှာရှိတဲ့ ဆွမ်းအမတွေဆီမှာ သူ့မျက်နှာပေါ်လာတာဗျ။ ကျောင်းကနေ ဖွဲ့လိုက်တာနော်။
❖ တစ်ရပ်ကွက်လုံး လွှမ်းမိုးနေတော့ သူ့မျက်နှာပေါ်လာပြီး သူစားချင်တာတွေပဲ ပုံပေါ်လာတာ။ မနေနိုင်ကြဘူး။ ချက်ချင်းပြင်ပြီး ကျန်တာတွေ မေ့သွားတာ။ ခွေးအန်ကျွေးတုန်းကလည်း ကျန်တာ မေ့နေတာနော်။ အရှိန်ပြင်းပြင်းနဲ့ အန်ကျွေးတာကိုး။ ဟိုကလည်း ကျန်တာတွေ မေ့ပြီးတော့ ပြင်ဆင်ပြီး ကျောင်းအရောက် လာပို့ကြရတာ။ အစအဆုံးဘဲဗျ။ အန်ကျွေးမတတ်ပေါ့။
❖ တစ်ကျောင်းလုံးက လာလာပို့တာများတော့ အကုန်စားလို့ မကုန်ဘူး။ အဲဒီကနေ စတော့တာပဲ။ နောက်နေ့မှာ တစ်ရပ်ကွက်လုံးလောင်းကြတော့တာပေါ့။ သစ်ပင်ရှိ ဆွမ်းရှိတာပဲ။ အဲဒီနေရာလေး အကြိမ်ကြိမ် ဖတ်ကြည့်တယ်။ စဉ်းစားကြည့်တယ်။ တော်တော်စိတ်ဝင်စားစရာ ကောင်းတာကို တွေ့ရတယ်။ ဖွဲ့အားပြောင်းသွားတာကိုး။ အရေးကြီးပါတယ်။
❖ အသွေးအသားမှာက အစားနဲ့ ပက်သက်တာရတာနော်၊ အစားနဲ့ပက်သက်ရင် သူက အပြည့်အဝ ရတော့တာဘဲ။ ဒါတစ်ပါးမှတ်ခဲ့။
ဆက်လက်ဖော်ပြပါမည်။
ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရားကြီး
🙏🙏🙏
GIC မိသားစု (၂)ရက်တရားသင်တန်း (၄.၇.၂၀၂၆ - ပထမအချိန်) ချမ်းသာလမ်း တရားတော်မှ စာစီပူဇော်ပါသည်။
မမေသူကိတ်မှ စာစီပူဇော်ပါသည်။
